သူတို့အိမ် အခန်း – ၄၀

ဆူးငှက်
အစ်ကိုတွေကြားက ကလေးတဲ့လား
————————————–
ပြောခဲ့ပါပြီကော၊ ၉တန်းတက်တော့ အတန်းထဲမှာ ကျွန်တော်က အငယ်ဆုံး ဖြစ်နေသည်။ ငယ်သည် ဆိုရာတွင် အသက်သာ ငယ်သည်မဟုတ်၊ လူလုံးလူထည်ကလည်း သေးကွေးသည်ဟု ပြောရမည်။ ထိုအခါ အတန်းဖော်များက ကျွန်တော့်ကို ကလေးတစ်ယောက်လိုပဲ ဆက်ဆံကြသည်။ အတန်းထဲမှာ ဝင်းအောင် ဆိုသူရှိသည်။ ကျွန်တော့်ထက် ကြီးလို့ ကိုဝင်းအောင်ပေါ့။ သူက ဘူတာကြီး အနောက်ဘက် တရုတ်တန်း လှည်းတန်းမှာနေသည်။ လူပုံက ခပ်ချောချော ခပ်ဖြောင့်ဖြောင့်။ သူက ကျွန်တော့်ကို ညီငယ်တစ်ယောက်လို စောင့်ရှောက်သည်။ ကိုဝင်းအောင်က ၁၀တန်းအောင်တော့ ယာဉ်ထိန်းရဲတပ်ဖွဲ့ထဲ ဝင်ရောက်ကာ ထိုစဉ်က နိုင်ငံအကြီးအကဲ ယာဉ်တန်းများတွင် သူ့ကို ဝိုင်ယာလက် တပ်ဆင်ထားသော ရှေ့ပြေးဆိုင်ကယ်တွင် ရဲယူနီဖောင်းအပြည့်နှင့် စမတ်ကျကျ တွေ့နေရသည်။
အလားတူ ကိုလှဘော်၊ သူက သကျသီဟဘုရားအရှေ့ဘက်မှာ နေသည်။ သူကလည်း ကျွန်တော့်ကို ကလေးတစ်ယောက်ကဲ့သို့ ဂရုစိုက်သည်။ ကျွန်တော်နှင့် ခုံချင်းကပ်ရက်ထိုင်သော ခင်မောင်ဆန်း၊ သူက ၃၃လမ်း ၈၂လမ်းနှင့် ၈၃လမ်းကြားမှာ နေသည်။ သူတို့က ဈေးချို စီရုံထဲက သဗ္ဗမင်္ဂလ စာအုပ်ဆိုင် အမည်ဖြင့် ဘာသာရေး စာအုပ်တွေ ဖြန့်သည်။ သူက တိုင်းချစ်ကျောင်း (အ.လ.က -၁) က ပြောင်းလာသူမို့ ဇော်ဝမ်းဟုခေါ်ကြသည်။ ထိုစဉ်က နာမည်ကြီး မင်းသား ဇော်ဝမ်း၏ ဖခင်က တိုင်းချစ်ကျောင်းအုပ်ကြီး သခင်သိန်းဖေ မို့ တိုင်းချစ် ကျောင်းထွက် ခင်မောင်ဆန်း ကို ဇော်ဝမ်းဟု ခေါ်ကြခြင်း ဖြစ်သည်။ ဒီလိုပါပဲ၊ ကိုကြည်ဆင့်တို့၊ ကိုကံမောင်တို့၊ ကိုစိုးဝင်းအောင်တို့၊ ကိုတင်စိန်တို့၊ ကိုပေါစံတို့၊ မင်းတဲအီကင်းက ကိုခင်မောင်မြင့်တို့ အားလုံးလိုလိုက သူငယ်ချင်း အတန်းဖော်အနေနှင့် မဟုတ်ဘဲ အစ်ကိုတွေလို ဖြစ်နေသည်။
သည်အထဲတွင် ကိုပေါစံက နန်တော်ကျွန်းရွာက ဖြစ်သည်။ သူက အတန်းထဲမှာ မော်နီတာပေါ့။ သူက အညာပင်နီ အစစ် တိုက်ပုံကို အမြဲဝတ်သည်။ ရွာက တောသူတောင်သားပေမယ့် ကိုပေါစံ၏ အင်္ဂလိပ်စာ အသံထွက်က အတော် ကောင်းသည်။ ထို့ကြောင့် မူလတန်း အလယ်တန်းကတည်းက ပေါင်းခဲ့သည့် ဝင်းဟန်တို့၊ ကံစိန်တို့၊ သန်းဆောင်တို့၊ သန်းလွင်တို့၊ အောင်သန်းထွန်းတို့လောက်ပဲ ကျွန်တော်က ပွင့်ပွင့်လင်းလင်း ပြောဆို ရင်ဖွင့်နိုင်သည်။ (ကို) တင်မြင့် ကိုတောင်မှ သူ့အတည်အခံ့ မျက်နှာပေးနှင့် စာကိုမှစာ ကြိုးစားနေမှုကြောင့် ကလေးကလား စကားတွေ မပြောရဲ၊ မပြောဖြစ်ခဲ့။
ရင်ဖွင့်ပြမယ် သူငယ်ချင်း
——————————-
ငယ်သူငယ်ချင်းများတွင်လည်း ဝင်းဟန်က ကောင်းမွန်တိကျသော မိခင်၏ အုပ်ထိန်းမှုအောက်က ပိပိပြားပြားနေသူမို့ ကျောင်းစာ ကိစ္စလောက်ပဲ ပြောဖြစ်သည်။ အကယ်၍ တောင်တောင်အီအီတွေများ ဝင်းဟန်ကို ပြောလိုက်ပါက ချက်ချင်း သူ့မိခင် အမေဝင်းနား ပေါက်သွားကာ ခေါ်ယူဆုံးမ ခံရမှာ သေချာသည်။ ထို့အတူ သူနှင့် တစ်ဝင်းထဲ နေသော (ကို) သန်းဆောင်နှင့်လည်း ရင်မဖွင့်ရဲ၊ သူက ၉တန်းနှစ်မှာပင် သူ့အိမ်က ငှက်ပျောပွဲရုံအလုပ်ကို ဦးစီးကာ ဘဝကို လက်တွေ့ကျကျ ဖြတ်သန်းထူထောင်နေပြီ။ မကြာခင် အိမ်ထောင်လည်း ပြုတော့မှာမို့ ကျွန်တော်တို့ စိတ်ကူးယဉ်ဇာတ်လမ်းတွေ အချိန်ကုန်ခံ နားထောင်မှာ မဟုတ်။ သူလိုပဲ ဘဝကို လက်တွေ့ကျကျ ဖြတ်သန်းနေသော ကံစိန်ကလည်း နားထောင်မှာ မဟုတ်။ အောင်သန်းထွန်းကရော သူနှင့်က အသက်သိပ်မကွာ သို့သော် သူကလည်း ဘုဂလန့်သမား၊ အဆင်မပြေ။ သည်တော့ ကျွန်တော်နှင့်က ရင်းရင်းနှီးနှီး ရင်ဖွင့် တိုင်ပင်နိုင်တာ သန်းလွင်ပဲ ရှိသည်။ သူက မိကျောင်းတံတားကနေ ဥယျာဉ်တန်း လမ်း မရောက်မီ အနောက်ဖက် ချိုးဝင်ရသော ဥယျာဉ်တန်းရပ်ကွက်ထဲမှာ နေသည်။ သူ့ဖခင်က နာမည်ကျော် မြန်မာသမားတော်ကြီးဖြစ်သည်။
အစ်ကိုတွေကလည်း ပညာတတ် အရာရှိများဖြစ်သည်။ သူတို့ အိမ်ဝင်းက ကျယ်သည်။ အိမ်ရှေ့မှာ ပျဉ်ထောင် ၂ထပ်အိမ်ကြီး ရှိပြီး အိမ်ကြီးနောက်မှာလည်း ၂ခန်းပတ်လည် တစ်ထပ်အိမ်တလးုံရှိသေးသည်။ သန်းလွင်က သူ့ညီ သန်းဆွေနှင့်အတူ ထို တစ်ထပ်အိမ်လေးမှာပဲ သီးခြားနေသည်။ ရှေ့က အိမ်မကြီးနှင့် တစ်ထပ်အိမ်လေးကြားမှာ မီးဖိုဆောင်တစ်လုံးရှိတာကြောင့် သီးခြားဆန်ကာ လွတ်လပ်သည်။ ကျွန်တော်က ဘယ် သူငယ်ချင်း၏အိမ်တွင် မှ ညမအိပ်ဖြစ်။ သန်းလွင်ဆီမှာပဲ ညအိပ်ဖြစ်သည်။ သူ့ အဖေရော အမေရော သဘောကောင်းလှသည်။ ကျွန်တော် ညအိပ်လာလျှင် သန်းလွင် အမေက ညလယ်စာ ထမင်းဆီဆမ်းနှင့် လက်ဖက်သုတ်ကို အသင့်ပြင်ထား၏။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်က သန်းခေါင် သန်နွှဲအထိ စကားပြောကြမှာ သိနေသည်။ တစ်ခါတရံ အရုဏ်တက်လုအထိ စကားပြတ်ပုံ မရလျှင် အိမ်ပေါ်က ဆင်းလာပြီး အိပ်ကြဖို့ သတိပေးသည်။ ကျွန်တော်တို့၂ယောက်က တွေ့တာနှင့် ရင်ဖွင့်ကြတာလေ။ အရပ်ထဲက ဘယ်ကောင်မလေး၊ ဈေးထဲက ဘယ်ကောင်မလေး ဆိုတာတွေပေါ့။
သည်လိုစကားတွေက လူပျို မပေါက်တပေါက်အရွယ်မှာ ကျွန်တော့် အဖို့ ရင်ဖွင့်စရာ က သန်းလွင်ပဲရှိသည်။ ထို့အတူ သန်းလွင်ကလည်း သူရင်ဖွင့်စရာက ကျွန်တော်ပဲရှိသည်။ ကျွန်တော့်မှာ အတူသွား အတူလာ အစ်ကိုဝမ်းကွဲ တွေကလည်း နှလုံးသား ရေးရာတွေ စိတ်မဝင်စား၊ ဒါမျှမက ကျွန်တော့်ကို ကလေးတစ်ယောက်လိုပဲ သတ်မှတ်ထားတာမို့ တောင်တောင် အီအီ စကားတွေ သူတို့ကိုများ သွားပြောမိလျှင် လက်သီးစာ မိလိမ့်မည်။ သူတို့ကိုယ်နှိုက်ကလည်း နှလုံသားမာကြောကြလို့ ကိုမန်းမောင်က ကွယ်လွန်သည်အထိ လူပျိုကြီး ဘဝနှင့် အရိုးထုတ် သွားသည်။ စက်ဆရာ ကိုမောင်ဒွေးကလည်း အခု အသက်၇၀ကျော်တိုင် ယင်မ မျှပင် မသန်းဖူးသည့် လူပျိုကြီးပါပဲလေ။ ကျွန်တော်တို့က စာရေးကြီးဟုခေါ်သည့် လူပျိုကြီး ကိုဌေးအောင်သည်ပင်လျှင် အသက်၅၀နားနီးမှ မြားနတ်မောင်လည်းမူး သူလည်း မူးနေချိန် အချစ်မြားအပစ်ခံရကာ ရှောင်လိုက်မိသောကြောင့် နဖူးတည့်တည့် စိုက်မိပြီး ကံပေါ်သွားခြင်းဖြစ်သည်။
ထို့ကြောင့် ကျွန်တော်က ငံပြာရည်ဝင်းပေါက်က ပွဲရုံမှာ ပြောင်းလာသည့် ကောင်မလေးအကြောင်းကို သန်းလွင်ဆီမှာပဲ ညအိပ်ရင်ဖွင့်ဖြစ်တာပေါ့။ သန်းလွင်ကလည်း အိပ်ရာပေါ် ဝမ်းလျားကြီးမှောက်ကာ စိတ်ဝင်တစား နားထောင် မေးမြန်း ဆွေးနွေး အကြံပေးတော့သည်။ နောက်ဆုံး သူ့အမေပေးထားသော ထမင်းဆီဆမ်းနှင့် လက်ဖက်သုတ် ကို မြိန်ယှက်စွာ စားသောက်ပြီး နှစ်ဦးသဘောတူ ရှေ့လုပ်ငန်းစဉ်များ အတည်ပြု ဆုံးဖြတ်ချက် ချလိုက် နိုင်တော့၏။ နက်ဖြန်မှာ အတည်ပြုပြီး ရှေ့လုပ်ငန်းစဉ်ကို စတင် အကောင်အထည်ဖော်ဖို့ ထပ်မံ ဆုံးဖြတ်ပြီး ခေါင်းအုံးပေါ် ပက်လက်လှန် လိုက်တော့ သကျသီဟ ဘုရားက အရုဏ်တက် ရေခင်းသံဓာတ်ပြား ဖွင့်သံ ကြားရပါပကော။ အဲ့သည်ည အိပ်ပျော်သလေ၊ အိပ်မက်ထဲမှာ အကြည့်တွေဆုံ ရင်တွေ ခုန်လို့။
အင်္ဂလိပ်စာ၊ ဓာတုဗေဒ စာမေးပွဲမှာ အမြဲကျ
————————————————-
ကျွန်တော် ၉တန်းရောက်တော့ အစမ်းစာမေးပွဲ ရီပို့ကတ်မှာ မင်နီတွေ တွေ့လာရပြီ။ ပုံမှန် ၂ဘာသာက မလိုက်နိုင်။ ထိုဘာသာများက အင်္ဂလိပ်စာနှင့် ဓာတုဗေဒ ဖြစ်ပါသည်။ ဘာသာရပ်တိုင်းအတွက် ခြုံငုံပြောရလျှင် ကျက်စာပိုင်းတွေ အားနည်းနေတာ ဖြစ်သည်။ အင်္ဂလိပ်စာတွင် မီးနင်းတွေမရ။ လွယ်လွယ်ကူကူ စကားလုံးတွေကိုပင် မှားယွင်း နေတတ်သည် (အခုထက်ထိ ရှက်ဖွယ်ကောင်းလောက်အောင် အင်္ဂလိပ်စာညံ့ကြောင်း ဝန်ခံပါသည်)။ ဓာတုဗေဒ ကလည်း ဗေလင်စီတွေ ကျက်ရတာမဟုတ်လား။ ဒီဇယားကို ဘယ်တော့မှ မမှတ်မိ၊ အလွတ်မရ။ ထိုဘာသာရပ် ၂ခုအတွက် ဆရာတွေက အလွန်ကောင်းပါသည်။ အင်္ဂလိပ်စာက ဆရာမဒေါ်မြမြသန်း ဖြစ်သည်။ ခပ်ပုပု မျက်လုံးမှေးမှေးလေးနှင့် အသင်အပြကောင်းသည်။
သို့သော် ကျွန်တော်ကိုယ်နှိုက်က အခြေခံ မီးနင်းပင် မနိုင်နင်းတော့ ကျန်ရစ်ပေါ့လေ။ ဆရာမက အက်ဆေးရေးခိုင်းတော့ ကျွန်တော်က မြန်မာလိုတွေးပြီး ရေးသည်။ ဆရာမထံ သွားပြတော့ ကျွန်တော့် အက်ဆေးက ရဲပတောင်း ခတ်လို့ပေါ။ သူပြုစုသော ကျမ်းကို ဖတ်၍ မှာသည့်နေရာ ထုံးတို့ပေးပါ ဟူသော ရဟန်းအား ဗန်းမော်ဆရာတော်ကြီးက ကျမ်းတစ်ဆူလုံး ထုံးအိုးထဲ နှစ်လိုက်တာကို သတိရမိသေး၏။
ဆရာမဒေါ်မြမြသန်းက ကျွန်တော့် အက်ဆေးကို မင်နီအိုးထဲ မနှစ်ရုံ တမယ်ပါပဲလေ။ မီးနင်းမရ၊ ဂရမ်မာ မတတ်၊ အသုံးအနှုန်းမတတ်ဘဲ အဆန်းထွင်လိုက်သေးတော့ ခွက်ခွက်လန်ရောပေါ။ ကျွန်တော် အတော်စိတ်ဓာတ်ကျ သွားသည်။ မလိုက်နိုင်တော့ဘူးဟု အားလျော့ချင်လာသည်။ တကယ်တော့ ဒီလို အခြေအနေဆိုလျှင် အိမ်က လူကြီးတွေ၊ အစ်ကို အစ်မတွေ ဖွင့်ပြောတိုင်ပင်ပြီး ကျူရှင်ယူတာတို့ အပိုချိန်သင်တာတို့ လုပ်ရမှာလေ။ သို့သော် ကျွန်တော်က လုပ်ရကောင်းမှန်းမသိ။
အလားတူပါပဲ၊ ဓာတုဗေဒကို အတန်းပိုင်ဆရာမ ဒေါ်မြသန်းရှိန်း သင်ပါသည်။ ဆရာမ က သဘောကောင်း အသင်အပြကောင်း ဖြစ်ပါ၏။ စောစောက ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ဓာတုဗေဒ၏ အခြေခံ ဗေလင်စီကိုမှ မသိဘဲ သိအောင်မကျက်မှတ်ဘဲ ရှေ့က ဆရာမ ဘယ်လောက် အသင်အပြ ကောင်းကောင်း ဘယ့်နှယ် လိုက်နိုင်ပါ့မလဲလေ။ ထိုနှစ်ဘာသာကို မလိုက်နိုင်လို့ မလိုက်၊ မလိုက်လို့ မလိုက်နိုင်နှင့် နစ်ပြီးရင်း နစ်နေတော့၏။ ထိုအခါ အစမ်းစာမေးပွဲက ရီပို့ကတ်က မရစဖူး မင်နီမျဉ်းကြောင်း ၂ကြောင်းက ပုံမှန် အနည်းဆုံး ပါနေတော့တာပေါ့။
ထိုအခါ အထက်တန်းကျောင်းရောက်မှ စာကြိုးစားခြင်း၊ မသိ မတတ်တာတွေ ဆရာနှင့် ဆွေးနွေး တိုင်ပင်ခြင်း၊ အားနည်းသည့် ဘာသာရပ်ကို ကျူရှင်ယူခြင်း၊ အချိန်ပို သင်ယူခြင်း စသည့် ကောင်းသော အမူအကျင့် များကို အတုမယူဘဲ ရီပို့ကတ်တွင် မိက အုပ်ထိန်းသူ လက်မှတ်ထိုးရန် ဆီစက်ထဲ ဘွိုင်လာမီးထိုးနေချိန် ဘွိုင်လာ မီးပေါင်ကျလို့ လောင်စာ လွှစာမှုန့်တွေ တစ်တောင်းပြီး တစ်တောင်း မီးဖိုထဲ အဆက်မပြတ် ထည့်နေရချိန် (သို့မဟုတ်) ဘွိုင်လာ မီးပေါင်တက်၍ ရေနွေးဘားကို ဖွင့်ကာ ရေနွေးငွေ့တွေ မှုတ်ထုတ်နေရချိန် သေချာစောင့်ပြီး ဖောင်တိန်လေး အသင့်ဖွင့်၊ ကျောင်းသွားရင်း ဝင်၊ အမြန်လက်မှတ်ထိုးခိုင်းတော့ မျက်စိမှုန်သော အဘခမျာ ဘွိုင်လာမီး ပူပ၊ူ လွှစာမီးခိုး တလုံးလုံး၊ ရေနွေးငွေ့ တရှူးရှူးကြား ဘာမှ သဲသဲကွဲကွဲ မကြည့်နိုင်ဘဲ လက်မှတ်ထိုး ပေးရရှာသည်။ ထိုအကျင့်ဆိုးက စာမေးပွဲပြီးလို့ ရီပို့ကတ်ရတိုင်း အချိန်မှန် လုပ်ရတော့တာပေါ့။ အတတ်ကောင်းတွေပေါ့။
ရေနံဆီ၊ မီးပြောင်း၊ မှန်အိမ်
—————————
ထိုစဉ်ကာလ အိမ်တိုင်းလို လျှပ်စစ်မီး မရှိကြသေးပါ။ ကျွန်တော်တို့ ဝင်းထဲ ဆိုလျှင် ဝင်းရှင် ဦးလေးသောင်တို့တိုက် နှင့် ဒေါ်ဒေါ်အုန်းရင်အိမ်မှာပဲ လျှပ်စစ်မီတာရှိသည်။ ဦးလေးသောင်၏ နေအိမ်တိုက်သာမက ဆီစက်ရော ဓမ္မာရုံ အုတ်တိုက် မှာရော အိမ်သုံးမီတာတွေသာမက လုပ်ငန်းသုံးပါဝါမီးတွေ ရှိသည်။ ဝင်းထဲမှာသာ မဟုတ် အနောက်ဘက် တစ်ရပ်ကွက်လုံးမှာလည်း လျှပ်စစ်မီတာ ရှိသူက လက်၅ချောင်း ပြည့်အံ့မထင်ပေ။ ထို့ကြောင့် အများစုက ရေနံဆီ မီးခွက် ရေနံဆီ မှန်အိမ်များပဲ သုံးကြရသည်။ ရေနံဆီကို ကိုယ်စားလှယ်ယူ ရောင်းချသူက အရပ်ထဲမှာ ဦးလေးထွဋ်ရှိသည်။ သူ့အိမ်က ဝင်းပေါက် ဦးပု ကွမ်းယာဆိုင် အရှေ့ဘက် ၁အိမ်ကျော်မှာပေါ့။
ထို့နောက် ဦးကြီးဦးကောင်းရင်၏ညီ ဦးလေးကောင်းရွှင်က စက်ဘီးတွင် ရေနံဆီပုံးချိတ်ကာ ရှေ့က ဘောလုံးကို ဖိနှိပ် အသံထွက်စေသော ဟွန်းလေး တပေါ်ပေါ်နှိပ် အသံပေး ရောင်းချသည်။ အိမ်မီးထွန်းဖို့အတွက် ရေနံဆီ တပုလင်းဝယ်ကာ သုံးကြရသည်။ ထိုကာလက ရေနံဆီပေါတော့ ထမင်းဟင်းချက်သည့် ရေနံဆီသုံး မီးဖိုများ ခေတ်စားလိုက်သေး၏။ ရေနံဆီမီးဖိုနှင့် ပတ်သက်၍ အစိုးရထုတ် ရေနံဆီမီးဖိုကို ဒေါ်ဒေါ်အုန်းရင်အိမ်မှာ စတင် မြင်ဖူးသည်။ ဖြုတ်၍ တတ်၍ ရသော ရေနံဆီထည့်သည့် ဖန်ပုလင်းက မီးဖိုဘေးမှာ တွဲလျက် တတ်ဆင်ထားသည်။ နောက်တော့ မီးဖိုအောက်မှာ ရေနံဆီထည့်သည့် အိုးပါ တဆက်တည်းပါသည့် မီးဖိုတွေ ပုဂ္ဂလိကကပါ ထုတ်လုပ်လာသည်။ မီးစာက ချည်ကြိုးများ စုစည်းထားသည့် ခဲတံလုံးလောက်တုတ်သော ချည်လုံးပါပဲ။
ကျွန်တော်တို့ အိမ်က ရေနံဆီ မီးအိမ် ၃လုံး ထွန်းညှိရသည်။ အိမ်ရှေ့ဇောင်းထဲမှာ ၁လုံး၊ အိမ်ထဲအဝင်စ ကြောင်အိမ်ပေါ်မှာ ၁လုံးနှင့် ကျွန်တော့် အခန်းထဲမှာ ၁လုံးဖြစ်သည်။ အိမ်ရှေ့ ရသေ့ကျောင်းဘေးက မှန်မီးအိမ်ကြီးထဲ ကိုတော့ ရေနံဆီမီးခွက်ကို တခါတစ်ရံ ထွန်းပါသည်။ အိမ်မှာထွန်းညှိသော ရေနံဆီ မီးအိမ်က အောက်တွင် ရေနံဆီထည့်သည့် ဖန်ပုလင်းပါပြီး သူ့အဖုံးမှာ အရစ်ပါသော မီးစာအိမ်ဖြင့် ပိတ်သည်။ ဘေးတွင် စွန်ကုပ်လေးတွေ ပါသည့် မီးစာအိမ်ပေါ်မှာ ဖန်မီးပြောင်းကိုစွပ်ရသည်။
ထိုဖန်မီးပြောင်းကို ရေနံဆီဖန်ပုလင်းအခြေနှင့် တွဲထားသော သံကိုင်း နှင့် ထိန်းထား၏။ ဖန်မီးပြောင်း အပေါ်တွင် သံကိုင်းနှင့် ချိတ်ထားသော ဒန်အုပ်ဆောင်း က အလင်းရောင်ကို အပေါ်သို့ မရောက်စေဘဲ အုပ်ထားသည်။ ထိုရေနံဆီ မီးအိမ်ကို မှန်အိမ်ဟုပဲ ခေါ်ကြသည်။ ဟဲ့ မိုးချုပ်ပြီလေ၊ မှန်အိမ်ထွန်းကြတော့၊ နေဝင်မီးလက် စီးပွားတက်တဲ့ ဒီအိမ်ကမှောင်နဲ့မည်းမည်း၊ မှန်အိမ်မထွန်းကြဘူးလား။ အကုန် အိပ်ကြရင် မှန်အိမ် ငြှိမ်းလိုက်တော့လေ။ မှန်အိမ်ထဲ ရေနံဆီရှိရဲ့လား၊ မမှောင်ခင် ထည့်ထားကြဦး။ မှန်အိမ်ပြောင်းတွေ ဆေးကြပါဦးဟယ် ကျပ်ခိုးက ဒွတ်တက်နေပြီ စသည့် အသံများက ညနေစောင်းလျှင် အိမ်တိုင်းစေ့လိုလိုက ကြားရသည့် အသံများဖြစ်သည်။
မှန်အိမ်အောက်က စာကြည့်စာပွဲပေါ်မှာ
——————————————
ကျွန်တော့ အခန်းထဲက မှန်အိမ်ကို ကျွန်တော်ကိုယ်တိုင် ပြုလုပ်ထားသည့် သုံထပ်သားစာပွဲလေးဘေး အိမ်တိုင်မှာ တန်းလေးရိုက်ပြီး ချတ်ဆွဲထားသည်။ စာပွဲ အထက် ၄ပေလောက် အမြင့်ပေါ့။ ထို့ကြောင့် မှန်အိမ်၏ အလင်းရောင်က စာပွဲလေးပေါ်မှာ စာကြည့်ဖို့ အနေတော်ဖြစ်သည်။ ညနေစောင်းလျှင် မီးပြောင်းဆေး ရေနံဆီဖြည့် မျန်အိမ်ထွန်းပြီး စာကြည့် စာကျက်ဖို့ကောင်းတာပေါ့။ သို့သော် မှန်အိမ်ထွန်းပြီး စာပွဲမှာ ထိုင်ရင်း ဘယ်သူ လာခေါ်တော့မလဲဆိုတာ မျှော်ကာ လာခေါ်လျှင် ကောက်ခါငင်ကာ လိုက်နိုင်ဖို့ အသင့်ပြင်ထားသည်။ တစ်ခါတရံ အစ်ကိုများက ကျွန်တော့ အိပ်ရာပေါ် ရောက်လာကြပြီး စကားဝိုင်းဖွဲ့ကြတော့ ကျွန်တော်က စာအုပ်ဖွင့်ကာ သူတို့စကားဝိုင်းဆီ ငေးနေသည်။ အကယ်၍ ဒီနေ့ည ဘယ်သူမှ လာမခေါ်ကြတော့ဘူး ဆိုလျှင်ဖြင့် ကျွန်တော်လည်း နောက်ဆံမငင်တော့ဘဲ စာအုပ်ဖွင့် ပြီပေါ့။
ဟုတ်ကဲ့ စာအုပ်ဖွင့်တယ်ဆိုလို့ မီးနင်းကျက်မယ်၊ ဓာတုဗေဒ ဗေလင်စီတွေ ကျက်မယ် မထင်ပါနှင့်၊ အိမ်စာပေးလိုက်သော သင်္ချာနှင့် ရူပဗေဒ ပုစ ္ဆာများလောက်သာ တွက်ဖြစ်သည်။ သို့မဟုတ်လျှင် ဆရာမဒေါ်ခင်မမ ၏ ဇီဝဗေဒ က ဖားပုံ ယုန်ပုံတွေ ပြန်ဆွဲပြီး ဆရာမက အတန်းထဲမှာပင် အလွတ်ရသော သင်လိုက်သော အသက်ရှူခြင်း အစာချက်ခြင်း မျိုးပွားခြင်း စသည့် သင်ခန်းစာတွေ ပြန်နွေးချင် နွေးမည်၊ ထို သုံးဘာသာနှင့် ပတ်သက်သော အိမ်စာ မပါလျှင်ဖြင့် စွဲစွဲမြဲမြဲ စာပွဲထိုင်သော အလုပ်ရှိပါ၏။ ထိုအလုပ်က စိတ်ကူးပေါက်ရာ ပုံတွေ ပန်းချီတွေ ရေးဆွဲခြင်းဖြစ်သည်။ သင်္ကြန်နားနီးချိန်တွင် ဗဟိုမဏ္ဍပ်ပုံစံ ရေးဆွဲသည် (ထိုပုံကို တစ်နေ့ကပဲ စာအုပ်တွေ ပြန်ရှင်းရင်း တွေ့တော့ ပြုံးမိသေးသည်)။ အနားက ကျောင်းတိုက်ကြီးတွေမှာ ဘုန်းကြီးပျံရှိတော့ ကရဝိက်ပုံ ဆွဲဖြစ်သည်။ ပြည်ထောင်စုနေ့ နားနီးတော့ မုခ်ဦးပုံတွေ ဆွဲဖြစ်သည်။ ဘာပွဲနှင့်မှ မတိုက်ဆိုင်လျှင် နန်းတွင်း အဝင် ပြာသာဒ်ကို ဘေးတိုက်အမြင်၊ ရှေ့တည့်တည့် အမြင်သာမက အပေါ် ၄၅ ံ အပေါ်အမြင့်က အမြင်ပုံတွေကို တိုင်းထွာ ရေးဆွဲနေသည်။
ထိုအရာ အားလုံး လုပ်စရာမရှိဘဲ စာပွဲထိုင်ဖြစ်သောအခါ ကိုယ့်ပုံကို ကိုယ်တိုင် စိတ်ကူးပေါက်သလို ရေးဆွဲဖြစ်သေးသည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ယခု သုံးနေသော ကျွန်တော့် (ဆူးငှက် – Sue Hnget ) Page က လိုင်း စကက်ချ်ပုံမှာ ကျွန်တော်ကိုယ်တိုင် စိတ်ကူးပေါက်ရာ ရေးဆွဲခဲ့သည့် ပုံဖြစ်သည်။ မျဉ်းဖြောင့်များနှင့် ချွန်ချွန်တက်တက် တွေပေါ့။ ကျွန်တော်က ပုံဆွဲဝါသနာပါတော့ စီရုံ မမမူဆိုင်က ပီလီကင် ပုံဆွဲမင်၊ ပုံဆွဲ ကလောင် ဆိုက်စုံ၊ ဘိုင်နာ အဖြူဘူးနှင့် တဖက်ချော ဂျပ်စက္ကူတွေ )ယ်ထားသည်။ ရုံတော်ကြီး ကြယ်နီစတိုးကတော့ ဝါတာ ကာလာဘူးပေါ့။
ထို့ပြင် သုံးထပ်ပြားပေါ် သွပ်ပြားပေါ် ရေးဖို့ကျ ဝါးတန်း ကောင်းမြင့်ပုံနှိပ်တိုက်ရှေ့ အမှိုက်ပုံးထဲက သူတို့ စွန့်ပစ်ထားသည့် ပုံနှိပ်မင် ဘူးခွံတွေကို သွားကောက်ထားသည်။ ထိုဘူးခွံတွေထဲက ပုံနှိပ်မင် အကပ်တွေကို ပုလင်းတွေနဲ့ သူ့အရောင်အလိုက် ထည့်ထားသည်။ တကယ်တော့ ထိုစဉ်က TOYO ပုံနှိပ်မင်တွေ မရှာပါးပေ၊ ပုံနှိပ်တိုက်က ဘူထဲတွင် လက်၃လုံးလောက် ကျန်သည်နှင့်ပင် အမှိုက်တောင်းထဲ ပစ်လိုက်တော့သည်။ ဒီတော့ ကျွန်တော်က ဒီဘူးခွံတွေ သွားကောက်တော့တာပေါ့။ ကျွန်တော် လာကောက်တာ မြင်လျှင်ပင် စက်ဆရာက အမှိုက်ပုံထဲ နောက်ထပ်ပစ်မည့် ဘူးခွံတွေပါ ထပ်ပေးလိုက်သေး၏။
ခုန ပြောသည့် ကျွန်တော့်ပုံက ဘာရယ်မဟုတ်၊ စီရုံ မမမူဆိုင်က ပီလီကင်မင်နှင့် ကလောင်သွားတွေ စမ်းဖို့ ပြက္ခဒိန်အဟောင်း အတ်ပေပါ စက္ကူ နောက်ကျော အဖြူသားပေါ် ပေတံတစ်ချောင်းနှင့် စိတ်ကူးပေါက်သလို တြိဂံတွေ၊ စတုဂံတွေ၊ ပဉ္စဂံတွေ၊ ဆဋ္ဌဂံတွေ ဆွဲခြင်းဖြစ်သည်။ ကြွက်ကန်းဆန်အိုးတိုးကာ ပုံက အဆင်ပြေသလိုရှိတော့ မောက်ကပ်ပြီး မှန်ဘောင်လေး သွင်းဖြစ်ခြင်း ဖြစ်သည်။ ကဲ ထားပါတော့။
အခုလည်း မနေ့ညက သန်းလွင်အိမ်မှာ ညလုံးပေါက်နီးနီး ၂ယောက်သား ခေါင်းချင်းဆိုင်ကာ ချမှတ် အတည်ပြုခဲ့သည့် ရှေ့လုပ်ငန်းစဉ်အတွက် မှန်အိမ်လေး ပြောင်းဆေး ရေနံဆီထည့် မီးထွန်းကာ စောစောစီးစီး စာပွဲ ထိုင်ဖြစ်ပါပြီ။ အရင်ရက် စာပွဲထိုင်တိုင်း ဘယ်သူလာခေါ်ပါ့မလဲ ဆိုတာ လည်ဆန့် မျှော်လင့်နေကျလေ။ ဒီနေ့တော့ စာပွဲထိုင်ရင်း ထူးထူးခြားခြား ဆုတောင်းဖြစ်တာက ဘယ်သူမှ လာမခေါ်ပါစေနဲ့ပေါ့။ ထို ဆုတောင်းပြည့်ပါ၏။ ထိုနေ့က ဘယ်သူမှ လာမခေါ်၊ သည်တော့လည်း ရှေ့လုပ်ငန်းစဉ်၏ အလုပ်စခန်း ၁ ကို စရပြီပေါ့။ ရည်းစားစာ ရေးပြီလေ။ တစ်ခါမှ မလုပ်ဖူးသည့် အလုပ်မို့ ရှက်သလိုလို ကြောက်သလိုလို၊ ဘာရမလဲ ဒီက လင်းယုန်နီ၊ တင့်တယ်၊ ရောင်နီသာမက မောင်မောင်မြင့်လွင် အထိ နောကျေအောင် ဖတ်ထားတာ ဥစ္စာ။
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW