ကုန်လွန်ခဲ့တဲ့ ၅ နှစ်အတွက် သမင်လည်ပြန်ကြည့်ခြင်းနဲ့ ရှေ့အလားအလာ

Voice Of Myanmar
ဒီကနေ့ဟာ လွန်ခဲ့တဲ့ ၅နှစ်က ရွေးကောက်ပွဲအပြီး အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ခေါ်ယူခဲ့တဲ့ ပထမဆုံးနေ့ဖြစ်ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တာတွေကို ဖြေရှင်းမပေးတာကို အကြောင်းပြုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တိုင်းပြည်ရဲ့ အာဏာအလုံးစုံကို ထိမ်းသိမ်းလိုက်တဲ့ ၅နှစ်ပြည့်ဖြစ်တာ အားလုံးအသိဖြစ်ပါတယ်။
ဒီ ၅နှစ်အတော်အတွင်းမှာ လူထုဆန္ဒပြပွဲတွေကတဆင့် မျိုးဆက်သစ်လူငယ်တွရဲ့ လက်နက်ကိုင်တော်လှန်ရေးဆိုတဲ့နည်းလမ်းတွေပေါ်‌ပေါက်လာပြီး နေရာဒေသအတော်များများမှာ PDF ဆိုတဲ့လက်နက်ကိုင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ပုန်ကန်တာ နယ်မြေသိမ်းတာတွေခံရပြီးနောက် အပြန်အလှန်တိုက်ပွဲတွေကြောင့် သန်းဆယ်ချီတဲ့ပြည်သူတွေ ဒုက္ခပင်လယ်ဝေရသလို အိုးမဲ့အိမ်မဲ့နဲ့ စစ်‌ဘေးရှောင် ဖြစ်နေရပြီး ဘဝတွေ အသက်တွေ စတေးခံနေရပါတယ်။
၁၉၄၈ လွတ်လပ်ရေးယူပြီးကတည်းက လွတ်လပ်ရေးရဲ့ဖွားဖက်တော်လို့ ဆိုရတဲ့ ပြည်တွင်းစစ်နဲ့ယဉ်ပါးခဲ့တဲ့ မြန်မာပြည်သူတွေဟာ လက်ရှိအခြေအနေမှာ အရင်ထက်ပိုပြီးဆိုးရွားတဲ့ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာ အားလုံးမျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။
ဒီအ‌ခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အရပ်သားအစိုးရတရပ်ကို ပြည်သူရွေးချယ်နိုင်ဖို့ လက်ရှိ အာဏာသုံးရပ်လုံးကို ထိမ်းချုပ်ထားတဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်က ဦးဆောင်ပြီး အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဖွဲ့စည်းကာ ၂၀၂၅ ဒီဇင်ဘာ ၂၈ ကစပြီး ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို အပိုင်း ၃ပိုင်းနဲ့ ကျင်းပခဲ့တာ အောင်မြင်ပြီးစီးသွားပြီ ဖြစ်ပါတယ်။
တပ်မတော်ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) ကနေတဆင့်ပြောင်းပြီး နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင် အုပ်ချုပ်ခဲ့တဲ့ ၅နှစ် အခြေအနေနဲ့ ခုရွေးကောက်ပွဲအပြီး တိုင်းပြည်အလားအလာတွေ အဆိုးအကောင်းတွေ ဘယ်လိုအကဲဖြတ်ကြမလဲဆိုတာ ပြည်တွင်းပြည်ပက နိုင်ငံရေးမှာ ဖြတ်သန်းနေတဲ့ နိုင်ငံရေးလုပ်နေသူတချို့ရဲ့ သဘောထားအမြင်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။
လက်ရှိနိုင်ငံရဲ့အခင်းအကျင်းမှာ လက်နက်ကိုင်တော်လှန်ရေးထက် ရွေးကောက်ပွဲလမ်းကြောင်းနဲ့ လွှတ်တော်နိုင်ငံရေးကို ယုံကြည်လို့ ရွေးကောက်ပွဲဝင်ပြိုင်ပေမယ့် ပါတီဝင်အင်အားမပြည့်မီလို့ ပါတီပယ်ချက်ခံရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ ဥက္ကဋ္ဌ ဦးထက်အောင်ကျော်ကို ခုကုန်လွန်ခဲ့တဲ့ ၅နှစ်မှာ တိုင်းပြည်အခြေအနေကို ဘယ်လိုသုံးသပ်လို့ရလဲလို့ စမေးကြည့်တော့
“အဲ့ဒါကတော့ နတ်လူအများ သိပြီးသားပါ၊ တကယ်ကို အနုတ်လက္ခဏာမှာ ကြီးကြီးမားမားပေါ့နော်၊ မြန်မာနိုင်ငံမှာ အင်မတန်ကို ဆိုးဆိုးရွားရွား အနေအထားတခုကို ရောက်သွားတာပေါ့၊ ကျနော်တို့က သန်းခေါင်ယံအချိန်ကို ကျော်လွန်လာပြီးတော့မှ အခြေအနေလေးလို့ ပြောလို့ရတဲ့ အနေအထားပဲရှိသေးတာပေါ့၊ တကယ်ကို သမိုင်းတလျှောက်မှာ တော်တော်ဆိုးဆိုးရွားရွားအနေအထားပေါ့ လွတ်လပ်ရေးအပြီးနောက်ပိုင်းမှာ အဲ့လိုပြောလို့ရပါတယ်၊ ရွေးကောက်ပွဲ လုပ်လိုက်ခြင်းအားဖြင့် လက်ရှိ အာဏာ သိမ်းတယ်ပြောပြော ထိမ်းတယ် ပြောပြော အဲ့လိုအနေအထားမျိုးနဲ့ လုပ်ရကိုင်ရ အင်မတန်ခက်ခဲတဲ့ကြောင့်မို့ ရွေးကောက်ခံ အစိုးရဖြစ်လို့ရှိရင် လက်ရှိအနေအထားထက် ပိုကောင်းတဲ့ အနေအထားတခုကိုတော့ ရွေ့နိုင်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်မို့ ရွေးကောက်ပွဲလမ်းကြောင်းကို ကျနော်တို့က စဥ်ဆက်မပျက် ထောက်ခံပြောဆိုနေခြင်းဖြစ်တယ်ပေါ့၊ အဲ့အတွက်ကြောင့်မို့ ရွေးကောက်ခံအစိုးရ ဖြစ်လာရင် ဒီထက်တော့ အများကြီး ပိုပြီး ရွေ့နိုင်လာမယ်လို့ မျှော်လင့်ပါတယ် ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့
ခုအနိုင်ရတဲ့ပါတီဟာတပ်မတော်နဲ့ ဟာမိုနီဖြစ်တဲ့ ပါတီဆိုတော့ သူတို့က တခြားပါတီတွေထက် ပိုပြီးတော့ လုပ်နိုင်မယ်လို့ သုံးသပ်လို့ရလား
အခုကလည်း ကြံ့ခိုင်ရေးက အများစုရသွားတယ်၊ နိုင်တဲ့ပါတီဟာလည်း တပ်မတော်နဲ့ ဟာမိုနီဖြစ်ဖို့လိုတော့ ဘက် တဘက်ထဲ မဟုတ်ဘဲ နှစ်လမ်းသွားဖြစ်ရမယ့်ကိစ္စပေါ့ အဲ့လိုပဲ ကျနော်ကတော့ မြင်ပါတယ်၊
ခုဆိုရင် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် PDF တွေရဲ့ နာမည်ကို ထည့်သွင်းပြောကြား လာတာရှိသလို၊ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးလုပ်ဖို့ ကမ်းလှမ်းတာ ရှိတယ်၊ နာမည်ပျက်စာရင်းသွင်းထားတဲ့ နိုင်ငံဝန်ထမ်းတွေကို ပယ်ဖျက်ပေးတာတွေ လုပ်လာတဲ့အပေါ် ဘယ်လိုအမြင်ရှိသလဲ
အဲ့လိုလုပ်ပေးရမှာပဲလေ ကျနော်တို့က ကိုယ်ဟိုဟာမဖြစ်တာနဲ့ အကုန်လုံးကို သိမ်းကြုံးဖမ်းစီးပြီးနေမယ်၊ ဟိုဘက်ကလည်း ဘာနေနေ အကုန်လုံး ဆန့်ကျင်မယ်ဆိုတာမျိုး လုပ်နေလို့ရှိရင် ကျနော်တို့တိုင်းပြည်ကြီးက ဖွတ်သထက် ညစ်ဖို့ပဲရှိတာကို၊ ဘာပဲဖြစ်ဖြစ် အစိုးရလုပ်တယ်ဆိုတဲ့ဟာ ပိုပြီးနှလုံးသားကြီးရမှာပေါ့ ပိုပြီး သဘောထားကြီးရမှာပေါ့နော်၊ အဲ့အတွက် ပိုပြီးတော့ ပျော့ပျော့ပြောင်းပြောင်း ကိုင်တွယ်နိုင်ရင်တော့ ပိုကောင်းမယ်လို့ ယူဆပါတယ်ခင်ဗျ
လက်ရှိအနေအထားကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေကိုရော တိုက်တွန်းချင်တာရှိမလား
တဘက်အဖွဲ့အစည်းတွေကလည်း ပြောရမယ်ဆိုလို့ရှိရင် လုပ်ကြည့်ပြီးသွားပြီ၊ တိုင်းပြည် ဘာဖြစ်သွားလဲပေါ့နော် ပိုဆိုးသွားတာပဲရှိတယ်ပေါ့၊ အဲ့ဒီအတွက်ကြောင့်မို့ ဘယ်လို ညီညီညွတ်ညွတ်နဲ့ ပြန်ပြီးတော့ တိုင်းပြည်ကို လုပ်ကြမလဲပေါ့၊ ရှိသမျှအကုန်လုံးက မြန်မာနိုင်ငံသားတွေပဲလေ၊ တိုင်းရင်းသား ညီအကို မောင်နှမတွေ အားလုံး မြန်မာနိုင်ငံသားတွေပဲ၊ ဒီလူတွေ အားလုံး ညီညွတ်မှ ကျနော်တို့ တိုင်းပြည်တိုးတက်မှာ ဒီလိုပဲ တကွဲတပြားနဲ့ ကိုယ်ဖြစ်ချင်တာတွေ ကိုယ်လုပ်နေမယ်ဟေ့ဆိုလို့ရှိရင်တော့ မလွယ်ဘူးပေါ့၊ အဓိက ကတော့ ကျနော်တို့က စေ့စပ်ညှိနှိုင်း ဆွေးနွေးပြီးတော့မှ ကိုယ်ဖြစ်ချင်တာ အလုံးစုံတော့ ဖြစ်မှာ မဟုတ်ဘူး ဒါပေမယ့်အလယ်ခေါင်စုံမှတ်တခုကို ရှာသင့်တယ်ပေါ့နော်၊ အဲ့လို ကျနော် တိုက်တွန်းချင်ပါတယ်၊
NDF ပါတီက ဒီပွဲမှာတော့ မပါနိုင်ခဲ့ဘူးပေါ့၊ နောက်ပွဲတွေ အတွက်ကော ပါတီနာမည်ပြောင်းပြီး ကြိုးစားမလား ဒီအတိုင်းပဲဆက်ပြီးတော့ ကြိုးစားမလား
နောက်ဆုံးတခေါက် ပါတီဖျက်သိမ်းခံရပြီးတဲ့ အချိန်မှာ ကျနော်တို့ UEC နဲ့ သွားတွေ့တဲ့အချိန်မှာ UEC က ပြောတယ်ပေါ့နော်၊ ဖျက်သိမ်းပြီးပါတီတွေကိုတော့ ဒီနာမည်လဲ သုံးခွင့်မရှိဘူး၊ ဒီတံဆိပ်လည်း သုံးခွင့်မရှိဘူး လို့တော့ သူတို့က ပြောပါတယ်၊ ကျနော်တို့ အနေနဲ့က NDF ပါတီ ပြန်ထောင်တာထက် မြန်မာပြည်မှာရှိတဲ့ နိုင်ငံရေး အင်အားစု အကုန်တော်တော်များများကို စုစည်းပြီးတော့မှ အားလုံးစုပေါင်းတည်ထောင်တဲ့ ပါတီကြီးတရပ်ပေါ့လေ အဲ့လိုပုံစံမျိုးနဲ့ တည်ထောင်သွားဖို့ ကျနော်တို့ ပြင်ဆင်နေပါတယ်ခင်ဗျ။
ဒါကတော့ ရွေးကောက်ပွဲလမ်းကြောင်းကို ယုံကြည်ပြီး ထဲထဲဝင်ဝင် လိုက်ပါကြိုးစားခဲ့ပေမယ့် ပါတီပယ်ချက်ခံရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ ဥက္ကဋ္ဌ ဦးထက်အောင်ကျော်ရဲ့ သဘောထားအမြင်ဖြစ်ပါတယ်။
နောက်တယောက်ကတော့ ၁၉၈၈ လူထုအရေးတော်ပုံနောက်မှာ လက်နက်ကိုင်တော်လှန်မှဖြစ်မယ်ဆိုပြီး တောခိုလက်နက်ကိုင်လမ်းစဉ်ကိုဖြတ်သန်းပြီးနောက် ခုလက်ရှိ အမေရိကန်ပြည်ထောင်စုမှာနေထိုင်နေတဲ့ ဦးမောင်မောင်ကျော် ( ဂန္တဝင်မောင်ဝိုင်းရဲ့သားဖြစ်ပြီး မောင်မောင်ဆိုလေထီးရိုးရှည်သံချပ်အဖွဲ့ခေါင်းဆောင်) ရဲ့ ၂၀၂၅ ရှေ့ပိုင်းနဲ့ ၂၀၂၅ နောက် ဖြစ်လာနိုင်တဲ့ အခင်းအကျင်းကို သူကတော့ ခုလိုရှုမြင်ထားပါသတဲ့
“USDPအတွက်ရွေးကောက်ပွဲကို နိုုင်ငံတကာကအသိအမှတ်ပြုတာမပြုတာထက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာလွှဲပေးဖို့ကပိုအရေးကြီးနေတယ်လို့ထင်ပါတယ်။ သူတို့တကယ်ပဲအစိုးရဖြစ်ခွင့်ရလာရင်တော့ ဦးခင်ရီက ရဲတပ်ဖွဲ့အင်အားတိုးပွားဖို့ကြိုးပမ်းလိမ့်မယ်။ ဘူးလက်ဦးလှဆွေက ပြည်သူ့စစ်အင်အားတိုးပွားဖို့ကြိုးစားနိုုင်တယ်။ အသဲအသန်စစ်တိုက်ဖို့မလို့တဲ့မြို့ပြနေရာတွေရဲ့လုံခြုံရေးအတွက် ရဲနဲ့ပြည်သူ့စစ်ကအဓိကတာဝန်ယူပြီး၊ တပ်ကစစ်မြေပြင်နေရာအတွက်ကိုပဲအဓိကထားမယ့်အနေအထားဖြစ်လာနိုုင်တယ်။ ရဲနဲ့ပြည်သူ့စစ်တွေထဲကမှ သူတို့စိတ်ကြိုက်လက်ရွေးစင်တပ်ဖွဲတွေကို ထုတ်နုတ်အင်အားအဖြစ်နဲ့ တချို့စစ်ဆင်ရေးတွေမှာတပ်နဲ့ပူးပေါင်းလှုုပ်ရှားလာမျိူးလုပ်လာနိုင်တယ်။ မြန်မာပြည်တွင်းစစ် ခေတ်ဦးပိုင်းမှာတုန်းကဗိုလ်မှူးကြီးစောမြင့်(မှူးသမိန်)အသုံးပြုခဲ့ဖူးတဲ့ သူရိန်တပ်ပေါင်းစုဟာမျိုးပေါ့။ကြံ့ခိုင်ရေးအမာခံတွေနဲ့ ခါးပိုက်ဆောင်တပ်ဖွဲ့လိုပြည်သူစစ်တပ်ဖွဲ့ကြီးဖွဲ့လာမယ့်အလားအလာကို ဦးမင်းအောင်လှိုင်က မလိုလားရင်တော့တမျိုးပေါ့။ သူတို့ဖက်ကရွေးကောက်ပွဲ၃ပိုင်းစလုံးပြီးသွားတဲ့အခါမှာ နောက်ထပ်ခြေလှမ်းတခုထပ်စပြီလို့ယူဆတယ်။ သူတို့လိုချင်တဲ့ စစ်ရေး၊ နိုုင်ငံရေးအတောင်ပံတွေကို သေချာပြန်ပြီးတည်ဆောက်အထိုင်ချလာတဲ့သဘောတွေ့ရတယ်။ စီဒီအမ်ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီးထုတ်ပြောလာတာမျိုးဆိုရင် သူတို့ နိုုင်ငံရေးအတောင်ပံလှုပ်ရှားမှုရဲ့ တစိတ်တဒေသလို့ယူဆပါတယ်။တဖက်ကတော်လှန်ပုန်နေသူတွေဖက်ကလည်း သူတို့ဖက်မှာရှိရှိသမျှသောအရင်းအမြစ်တွေကို နေရာတကျစုစုစည်းစည်းနဲ့ အသုံးချတိုက်ပွဲဆင်နိုင်ရင်တော့ ပိုပြီးမျှော်လင့်စရာအခြေအနေတွေကိုရလာနိုုင်ပါတယ်လို့ထင်ပါတယ်” လို့ သူ့ရဲ့ သုံးသပ်ချက်ကို ခုလိုဆိုထားပါတယ်။
ဒါတွေကတော့ လက်ရှိနိုင်ငံရေးကို ကိုယ်တိုင်ဖြတ်သန်းနေတဲ့ အရင်ကလည်း ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံရှိသူ နိုင်ငံရေးခေါင်းဆောင်နှစ်ယောက်ရဲ့ အမြင်သဘောထားနဲ့ သုံးသပ်ချက်တွေဖြစ်ပြီး VOM ရဲ့ အာဘော်မဟုတ်ကြောင်း ရှင်းလင်းစွာ ဖေါ်ပြလိုက်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW