ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၆
GG (VOM)
ဖားကန့်ဒေသမှာရှိတဲ့ G 12 ကျောင်းသူကျောင်းသားတွေအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ကားမိုင်းမြို့စာစစ်ဌာနမှာ သွားရောက် ဖြေဆိုကြရမယ်ဆိုတာကြောင့် မိဘတွေမှာ အခက်အခဲဖြစ်နေရတယ်လို့ စုံစမ်း သိရှိရပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ နယ်မြေအခြေအနေအရဖားကန့် ၊ လုံးခင်း ၊ ဆိုင်းတောင် ဒေသတွေကG12 ကျောင်းသား ကျောင်းသူအားလုံးဟာ ကားမိုင်းမြို့မှာ စာမေးပွဲသွားရောက် ဖြေဆိုရမှာဖြစ်ကြောင်း ၊ ကားမိုင်း နဲ့ ဖားကန့်ကို နေ့ချင်းပြန်သွားရောက်ပြီး စာမေးပွဲဖြေဆိုဖို့ မဖြစ်နိုင်တဲ့အတွက် ညအိပ်သွားရောက် နေထိုင်ပြီး စာမေးပွဲ ဖြေဆိုကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။
” ဆိုင်းတောင်ဘက်က တောလက်နက်ကိုင်အဖွဲ့တွေရှိတယ် ။ ဖားကန့်နဲ့လုံးခင်းက စစ်တပ်ရှိတယ် ။ နယ်မြေအခြေအနေက မတည်ငြိမ်ဘူး ။ တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တဲ့ အခြေအနေကရှိနေတယ်။ ကားမိုင်း – ဖားကန့်လမ်းပိုင်းကြတော့ တပ်ဘက်က စိုးမိုးထားနိုင်တော့ အဲဒီဘက်ကို စာမေးပွဲဖြေဖို့ ရွေးလိုက်တာထင်တယ်။ ကလေးမိဘတွေကတော့ ဒုက္ခရောက်ကုန်တာပေါ့ ။ ငွေကြေးမတတ်နိုင်ကြတာနဲ့ စိုးရိမ်တာက တမျိုးပေါ့ ။ ” လို့ ဒေသခံက ပြောပါတယ်။
ညအိပ်သွားရောက်ပြီး စာမေးပွဲဖြေဆိုရပါက ကားမိုင်းနဲ့ ဖားကန့် သွားလာမှုကုန်ကျစရိတ် ၊ စာမေးပွဲ ဖြေဆိုနေစဥ်ကာလအတွင်း နေထိုင် စားသောက်မှု စရိတ် အပါအဝင် အထွေထွေကုန်ကျစရိတ်တွေ များတဲ့အတွက် တချို့သော မိဘတွေအနေနဲ့ ငွေကြေးမတတ်နိုင်တဲ့ အခက်အခဲကို ရင်ဆိုင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ် ။
” ကားမိုင်းနဲ့ ဖားကန့်က အခု လမ်းတအားဆိုးနေတယ်။နေ့ချင်းပြန် သွားပြီး စာမေးပွဲဖြေလို့ မရဘူး။ ညအိပ်ညနေ ဖြေရမှာ ။ကလေးမိဘတွေက ကားမိုင်းသွားမဖြေချင်ကြဘူး ။ကုန်ကျစရိတ်များလို့လေ။ကုန်ကျစရိတ်များတော့ မတတ်နိုင်တဲ့ မိဘတွေအများကြီးရှိနေတယ် ။ ကားမိုင်းသွားဖြေတော့လည်း ကလေးတွေမှာ လုံခြုံရေးက စိတ်မချရဘူး ။ ” လို့ ဒေသခံက ပြောပါတယ်။
ဒါကြောင့် ကျောင်းသားတွေကို ဖားကန့်မှာပဲ တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုခွင့် ပြုပေးဖို့ မိဘတွေက တောင်းဆိုနေကြတယ်လို့ သိရပါတယ်။
ဆရာဆရာမတွေအနေနဲ့က တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမယ့် ကျောင်းသူ ကျောင်းသားတွေကို စာမေးပွဲဖြေဆိုခြင်းနဲ့ပတ်သက်ပြီး မိဘတွေ အခက်အခဲမဖြစ်ရအောင် ကျောင်းသား တယောက်ကို ၆သိန်းကျပ်ကောက်ခံကာ စာမေးပွဲပြီးတဲ့အထိ တာဝန်ယူဆောင်ရွက်ပေးဖို့ စီစဥ်ခဲ့ပေမယ့်လည်း ကောက်ခံတဲ့ပမာဏ များတယ်ဆိုပြီး ဝေဖန်မှုရှိတာကြောင့် အစီအစဥ် ပျက်သွားတယ်လို့ သိရပါတယ် ။
” အခုမကောက်တော့ဘူးသိရတယ် ။ ဆရာမတွေပဲကောက်ခိုင်းသလိုဖြစ်ပြီး နာမည်ပျက်လို့ပါတဲ့ ။ ” လို့ ဖားကန့် ဒေသခံက ပြောပါတယ်။
ဖားကန့် ၊ လုံးခင်း ၊ ဆိုင်းတောင် ဒေသတွေမှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမယ့် G 12 ကျောင်းသူ ကျောင်းသား ၅၀၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ တနိုင်ငံလုံးမှ မတ်လ ၁၁ ရက်နေ့ကစပြီး ၁၇ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ -CJ
