သူတို့အိမ် အခန်း (၂၁၃)

ဆူးငှက်

 

 

စည်မျက်နှာကဲ့သို့ ပြန့်ပြူးသော လွင်ပြင်နေရာ
———————————————-

တကယ်တော့ အောင်ပင်လယ်ကန်၏ မူလအမည်မှာ ‘ကန်တိလိကန်’ ဖြစ်သည်။ သက္ကရာဇ် ၅၁၃ခုနှစ်တွင် မင်းရှင်စောက ဆည်တော်မူသည်။ တနင်္ဂနွေသား မင်းရှင်စောက တနင်္ဂနွေနေ့မှာပင် ကန်တော် ဆည်ယူဖို့ဆောင် ပြီးစီးသဖြင့် အောင်ပင်လယ်ကန် ဟု အမည်သမုတ်ခဲ့သည်။ အောင်ပင်လယ်ကန်သည် အလျားတာ သုံးထောင်၊ လယ်ပယ်သုံးသောင်း ကို သုံးသီးစား စိုက်ပျိုးနိုင်သည်ဟု ဆို၏။ မင်းရှင်စော ဆည်တော်မူခဲ့သော အောင်ပင်လယ်ကန်ကို ဘိုးတော်ဘုရား(ဗဒုံမင်း)က သက္ကရာဇ် ၁၁၅၁ခု၊ နယုန်လပြည့်၊ တနင်္လာနေ့တွင် နောက်ပါ ဗိုလ်ခြေထုနှင့် မဟာမုနိ ဘုရားအနီး ယာယီတဲနန်း၌ စံမြန်းတော်မူပြီး ထပ်မံ ဆည်ဖို့ ပြုပြင်တော်မူ ပြန်သည်။ မင်း၊ မိဖုရား၊ မင်းညီမင်းသား၊ မှူးတော် မတ်တော်၊ ကတော်စိုးတို့နှင့်တကွ အမရပူရ ရွှေမြို့တော်မှ တစ်အိမ်တစ်ယောက်မက ပြည်သူများနှင့်လည်း လယ်ထွန်မင်္ဂလာဆင်း၍ ကန်တော်နှင့် ပက်သက်သမျှ ကျောက်စာရေးထိုး စိုက်ထူတော်မူခဲ့၏။

 

 

 

မင်းတုန်းမင်းသည် မန္တလေးမြို့တည် နန်းတည်ဖို့ ကြံဆောင်တော်မူလေသောအခါ အနောက်ဘက်တွင် ဧရာဝတီမြစ်၊ တောင်ဘက်တွင် တောင်သမန် နှင့် ဇောင်းကလောကန်၊ မြောက်ဘက်တွင် နန္ဒာကန်တို့ တည်ရှိပြီး၊ အရှေ့ဘက် ရှမ်းရိုးမတောင်ကို နောက်ခံပြုပြီး၊ တောင်မြောက် အလျား (၇)မိုင်၊ အရှေ့အနောက် အနံ (၃)မိုင်ခန့် ကျယ်ဝန်းသော အောင်ပင်လယ်ကန်ကြီး တည်ရှိနေသည့် မန္တလ ခေါ် မန္တလေးတောင်ခြေရင်းက စည်မျက်နှာကဲ့သို့ ပြန့်ပြူးသော လွင်ပြင်နေရာကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ညနေစောင်းလျှင်ဖြင့် ဧရာဝတီမြစ် နှင့် အောင်ပင်လယ်ကန် တစ်ခို ကူးချည်သန်းချည် အပြန်အလှန် အိပ်တန်းဝင်မည့် ငှက်ကျေးသာရကာတို့က သံစုံကျူးရင့်ကာ ပျံဝဲနေကြပုံ များကလည်း လွမ်းဆွတ်အံ့ဖွယ်ရာတဲ့လေ။

 

 

 

လူပျက် လူချော် လူသရော် တို့သည်လည်း
———————————————

တကယ်တော့ အောင်ပင်လယ်ကန် နှင့် ကျေးငှက်သာရကာတို့၏ ဆက်စပ်မှုကား သည့်ထက်မက နက်နဲလှပါ၏။ ကျယ်ဝန်း လှပါ၏။ အဓိပ္ပာယ်ရှိပါ၏။ အမြော်အမြင် ကြီးမားလှပါ၏။ ဘိုးတော်ဘုရား ရေးထိုးခဲ့သော အောင်ပင်လယ် ကျောက်စာတွင် ကန်တော်ဧရိယာကြီးအတွင်း ရေပိုးရေမွှားမှအစ သားငှက်တိရစ္ဆာန်တို့အား ဘေးမဲ့ ပေးရမတဲ့။ အဖမ်းအဆီး အပစ်အခတ် အသတ်အညှပ် မရှိစေရဘူးတဲ့။ ဒါကြောင့်လည်း သက္ကရာဇ် ၁၂၂၁ခု ကဆုန် လပြည့်ကျော် ၆ရက်နေ့တွင် မြို့တည်နန်းတည် အောင်မြင်ခြင်းအထိမ်းအမှတ် မော်ကွန်းတင်နိုင်ခဲ့သော မန္တလေးရတနာပုံမ် ရွှေမြို့တော် တွင် မိုးလင်းမိုးချုပ် ကျေးငှက်သာရကာ မျိုးမည်အစုံတို့ ကောင်းကင်ယံတွင် ဝဲပျံနေကြပုံက တောင်းချင်းဆက်မûဟု ဆိုကြခြင်းဖြစ်မည်။ တောင်ရှိသည်၊ တောရှိသည်၊ မြစ်ချောင်းစိမ့်စမ်း နှင့်တကွ အင်းအိုင်ကန်သာ ပတ်လည်ဝိုင်းသည်။ ကြာမျိုးစုံ အတင့်အတယ်မှအစ သစ်ပင်ဝါးပင် ဆူကြုံနိမ့်မြင့် ငယ်လတ်ကြီး အဖီးအခိုင် အလျှံပယ်မျှ ဖြိုးကြွယ်ဝခဲ့သည်။ သည်ဝန်းကျင်ကောင်းကို စိတ်နှလုံး ဖြောင့်မှန်တည်ကြည်မှု ‘ဓမ္မစက်’ ဖြင့် ထိန်းသိမ်းသကဲ့သို့၊ ‘အာဏာစက်’ဖြင့် ထိန်းကွပ် ရန် အစီအမံများကိုလည်း ကျောက်စာနိဂုံးတွင် ဖတ်ရှုရပါ၏။

 

 

‘နိဂြောဓဇာတ် စသည်တို့နှိုက် ဘေးမဲ့ပေခြင် ကြွေကြော်ခြင် တို့ကား ထိုမင်တို့ထံ သက်လျှာမျှသာတေည် ငါတို့ဘ၀ ရှင်မင်းတရားကြီးတော်မူကား တပ္ပက္ခိတိလေ ရပ်ကယ်သို့ ကမ္ဘာပတ်လုံမ် တည်ရစ်စေဟု ကြီမြတ်သော ကရုဏာတော်ဖြင့် ပိုင်းခြားတော်မူခယ့်သော အာဏာတော်စက်ကို မသိမိုမှား ကျူလွန်မိငြားလေသည် ဖြစ်အံ့။ ကြီစွာသော ဘေဒဏ်တို့သည် ပစ္စုပ္ပန်မျက်မှောံချက်ခြင်ရောက်လျက် စုတိအနန္တရီ၍ နှိုက်ပယ်လေဘုမ်က တလုံမ်လဲလဲ ဆင်းရဲခံရရာလေသည်။ အဖြစ်ကို ထောက်ရှုတော်မူ ရုယ် ငါစိုက်ထူခဲ့သော နိမိတ်တော် ကျောက်တိုင် လေရပ် အတွင်းသို့ ရောက်လှာကုန်သော လူပျက်လူချော်လူသရော် တို့သည်လည်း ငါကဲ့ယ့်သိုလ့် နှလုံမ်နူးညံ့ကြစေဟု ပါရမိသျှစ်တန် အဓိဌာန်ဖြင့် ကြည့်မှန် လေးစု ကြေမုံလေရပ် ကျောက်လေချပ်၌ ထပ်ထပ်ထင်ထင် သိမြင်စိမ့်ငှာ အက္ခရာမရိုင်း အာသံလှိုင်ရုယ့် သံပိုင်ရွှေစာထိုးသတေည်။ ‘
(မူရင်းသတ်ပုံ)

 

 

တကယ်တော့ မြန်မာတို့ မွေးရာပါ ဗီဇကိုယ်နှိုက်က သဘာဝပတ်ဝန်းကျင်ကို နှစ်နှစ်ကာကာချစ်ခဲ့ကြသည်။ မြစ်ချောင်းစိမ့်စမ်းကို ချစ်သည်။ ရေရှင်ရေကောင်းကို ချစ်သည်။ သစ်ပင်သစ်တောကို ချစ်သည်။ သစ်ဥပန်းမာလာကို ချစ်သည်။ ကျေးငှက်တိရစ္ဆာန်ကို ချစ်သည်။ စိမ်းမြအေးချမ်းမှုကို ချစ်သည်။ ဆိုပါစို့ သဘာဝကို ချစ်သည်။ မြတ်နိုးသည်။ ထိန်းသိမ်းသည်။ သည်အမွေကို သားစဉ်မြေးဆက် လက်ဆင့််ကမ်း ဆက်ခံခဲ့ကြ၏။

 

 

ကျေးငှက် ပေါင်းစုံတို့ ညီလာခံ
———————————-
ကျွန်တော်နေထိုင်သော အောင်ပင်လယ် ကန်ပေါင်ရိုးအနီး လယ်တောအိမ်ကလေး၏ အရှေ့ဖက်ခြမ်းမှာက ခြံဝင်းကွက်များနှင့်အတူ သရက်ကုန်းဘုန်းတော်ကြီး ကျောင်းဝင်းနှင့် အောင်ပင်လယ် တောတွေရှိသည်။ တောင်ဘက်မှာက ခပ်စိပ်စိပ်လူနေအိမ်ဝင်းများ။ မြောက်ဘက်မှာ သပြေခြံတွေ၊ သစ်ခွခြံတွေ ရှိသည်။ အနောက်ဘက်မှာ ဧကကွက် အကျယ်အဝန်းရှိသည့် တောရိုင်းခြံကြီး တစ်ခြံရှိသည်။ သည်ခြံကြီးထဲမှာ ငါးကန်တွေလည်း ရှိ၏။ သရက်ခြံ၊ သပြေခြံကြီးတွေလည်း ရှိ၏။ ပေ ၅၀ ပတ်လည်လောက်ရှိမည့် ရေကန်ကြီးတွေလည်း ရှိသည်။ တောစပ်လက်ကျန်မှာ မနက်ကတည်းက ကျေးငှက် ပေါင်းစုံတို့ ညီလာခံကြ၏။ ချိုးကူးသံ နွဲ့နွဲ့က ညီလာခံကို စည်ရွန်းပေးနေသည်နှင့် တူသည်။

 

 

မနက်စောစော ကတော့ ညက အိပ်တန်းတက်ခဲ့သော ရေဘဲအုပ်တွေ အသံပေးရင်း အစာရှာ ထွက်သွားကြပြီ။ အိမ်ရှေ့ တောလမ်းလေး ဘေးက မြက်ရိုင်းပင်တွေမှာ နှင်းငွေ့အစိုပြန်နေ၏။ တောစပယ်ပန်းလေးတွေက မွှေးပျံ့သည်။ လမ်းကလေးက အနောက်ဖက် မြို့ပတ်မီးရထားလမ်းနှင့် ရေနီမြောင်းဆီ ဦးတည်သည်။ ထို ဝန်းကျင် သည်နေရာ လေးသို့ ကျွန်တော်တို့ ရောက်စအချိန်တွင် အိမ်ကလေး၏ အရှေ့ဘက်မှာ၊ တောင်ဘက်မှာက အခုလို ဝင်းတွေခြံတွေ မရှိသေး။ ပိတ်စွယ်ရိုင်းပင်တွေ တောထနေသည့် ကွင်းပြင်ကြီးပဲ ဖြစ်သည်။ အိမ့်တောင်ဘက် ခေါင်းရင်း မှာလည်း ရေအိုင်တစ်အိုင် ရှိသည်။ ကြည်လင်သော ရေမှာ ကြာပန်းတွေလည်း ပွင့်နေ၏။ ညနေစောင်းလျှင်ဖြင့် အနောက်ဘက် ရေကန်ကြီးတွေ ရှိသည့် ခြံကြီးထဲသို့ ဗျိုင်းအုပ်တွေ အိပ်တန်း လာတက်သည်။ ညနေမှာ အုပ်လိုက် အိပ်တန်းတက်ကြသည်။

 

 

အဲလို ခြံကြီးတွေထဲမှာသာ မဟုတ်။ ခေါင်းရင်းက ရေအိုင်ကလေးမှာလည်း ရေကြက်တစ်အုပ် ရေသောက် ဆင်းကြ၊ ရေချိုးကြသည်။ ထိုနေရာလေးမှာ မနက်လင်းလျှင် နေ့စဉ်မပြတ် ကြားနေရတာက ချိုးကူသံလေးပဲ ဖြစ်ပါ၏။ အောင်ပင်လယ် လမိုင်းလယ်များ၏ အမွေအနှစ်နေရာမို့ လယ်တောဘဝက လယ်ကော ဖြစ်ခဲ့သော်လည်း သစ်ရိပ် ဝါးရိပ် ရေရိပ်တွေကြောင့် ကျေးငှက်သာရကာ တို့၏ ပျော်ရွှင်မြူးတူး ကျက်စားရာ နေရာ ဖြစ်သည်။ ယခုကဲ့သို့ ကျေးငှက် သာရကာတို့ မြူးတူး ပျော်ရွှင်သော နေရာဖြစ်ခဲ့ခြင်းမှာလည်း ကနဦး အစကတည်းက အစဉ်အလာ ရှိခဲ့သည်။ သရက်ကုန်းတဲ့။ အခုတော့ အောင်မြေသာစံမြို့နယ် မဟာဇေယျာဘုံ ရပ်ကွက် အပိုင်း ၂ မှာတည်ရှိသည်။ လွယ်လွယ် ပြောရလျှင် ၂၆ဘီလမ်း အရှေ့ထိပ်မှာ ရှိ၏။ မန္တလေးမြို့ မတည်မီ ပုဂံခေတ် မင်းရှင်စော လက်ထက် သက္ကရာဇ်၅၁၇ခုနှစ် ကတည်းက အောင်ပင်လယ် ကန်ရေသောက် လမိုင်းလယ်များ စိုက်ပျိုး လုပ်ကိုင်ကြသည့် ရွာများအနက် တစ်ရွာဖြစ်သည်။ ဤသို့ သမိုင်းအစဉ်အလာ ရှိခဲ့သော်လည်း ကိုလိုနီခေတ် အပါအဝင် နှောင်းခေတ် အဆက်ဆက်တွင် ထိုနေရာက မထင်မရှား လူသူမသိနှင့် မြေပုပ်မြေဆိုးအသွင်ပဲ ကျန်ရစ်ခဲ့ပါ၏။

 

 

လမိုင်းလယ်များ၏ အမွေအနှစ်နေရာ
————————————–
ကျွန်တော် ဒီနေရာလေး စပြီးရောက်တော့ ကျွန်တော့်အိမ်လေး၏ အရှေ့ဖက်မှာ ပိတ်စွယ်တောကြီး။ တောင်ဘက်မှာလည်း ပိတ်စွယ်တောကြီး။ သည်တောရိုင်းပင်တွေက နွေကာလဆိုရင် မှို့လိုလို အဖြူပွင့်တွေ လေမှာလွင့်လို့။ ညရောက်လျှင် ထိုအပင်တွေကြားက ပိုးစုန်းကြူးတွေက အုပ်လိုက် အုပ်လိုက် စုန်းတောက်စား ယောင်ဆောင်လို့။ ညတိုင်ရောက်လျှင် ခြောက်ဗို့ ဘက်ထရီ မီးလုံးလေး၏ အလင်းရောင် မှိန်မှိန်အောက်၌ ရေဒီယိုလေး တစ်လုံးနှင့် ထိုင်နေရင်း ပိတ်စွယ်တောကြီးပေါ် တိုင်ဦးတမ်း ကစားနေကြသော ပိုးစုန်းကြူးအုပ်ကြီး ၏ ပဒေသာကပွဲ ကိုပဲကြည့်ရှုနေရသည်။

 

 

အိမ်လေး၏ အရှေ့ဖက် ပိတ်စွယ်တောအဆုံးမှာလည်း ရေအိုင်တွေရှိသည်။ ရေအိုင်တွေ၏ အရှေ့ခြမ်းမှာ ငါးကန်ကြီးတွေ ရှိသည်။ ထို့်နောက် အောင်ပင်လယ် ကန်ပေါင်ရိုးက ကျောက်လမ်းကွေးကွေး။ အောင်ပင်လယ် ကန်ထဲမှာတော့ နန်းတော်ရှေ့ဆရာတင်တို့ ခေတ်ကတည်းက “တကယ်တော အစစ်ကဲ့သို့ လယ်တောဖြစ်လို့မို့” ဆိုတဲ့ တစ်နံတလျား လယ်ကွင်းတွေ…။ ဟိုး… အရှေ့တမျှော်တခေါ် ကန့်လန့်အနားသပ်မှာမှ ရန်ကင်းတောင်နဲ့။ ဟိုးဝေးဝေး… ရှမ်းရိုးမ တောင်တန်းပြာပြာ…။

 

 

အရှေ့ဆီက ဝင်းပရွှေရည်
——————————-
သည်တော့ နွေအခါ ရန်ကင်းတောင်ပေါ် နေလုံးမေးတင်သည်နှင့် ဒီမှာဘက်အစွန်းမှာ ရှိသော ကျွန်တော့် အိမ်ကလေးဆီ နေရောင်ခြည်က အတားအဆီးမဲ့ ချက်ချင်း ရောက်လာသည်။ ဆောင်းတွင်းကာလမှာရော…၊ နေက တောင်ဘက်ယွန်းပြီး ရှမ်းရိုးမရဲ့ ကြွက်နဖားတောင်ထိပ်က ခပ်ဖျော့ဖျော့ အလင်းရောင်ပေးရင်ကိုပဲ အိမ်ခေါင်းရင်း ငှက်ပျောပင်တွေကြား နေရောင်ခြည်က မြားပစ်နေပြီ။ လယ်ကွင်းတွေ၊ ရေကန် ရေအိုင် ရေပေါက်တွေ။ သပြေခြံ၊ သရက်ခြံတွေကြားမှာ နေရတော့ မနက်ခင်း နေရောင်ခြည်ရတာနှင့် ငှက်ကလေးတွေ စိုးစီ၊ စိုးစီ ဝင်းပေါက်မှာ မြည်တော့သည်။ အရုဏ်မတက်မီ ကတည်းက သရက်ကုန်း ဘုန်းကြီးကျောင်းက ကုလားတက် ခေါက်သံနှင့် အတူ ဆွမ်းခံသူတော်စင်တွေ ကြွလှမ်းလာကြတော့တာပါပဲ။ ဝီရိယကောင်းတဲ့ ခြံအချို့ရဲ့ အစောင့်တဲတွေဆီက ပရိတ်ရွတ် မေတ္တာပို့တဲ့ စီဒီအချပ် ဖွင့်ကြတော့သည်။

 

 

ထိုအချိန် မြေတူးကန်သင်းဖို့သည့် ကိုမြင့်မောင်တို့ မိသားတစ်စု မနက်စောစော အလုပ်ခွင်ကပင် ပြန်လာပြီလေ။ အိမ်ရှေ့က လမ်းလေးပေါ် တံမြက်စည်းလှဲနေသော ကျွန်တော့်ကို “အာစရိ၊ ခေါင်းရင်းက ငှက်ပျောပင် တွေကြား ကိုင်းရှင်း ပေါင်းရှင်း ပေးရဦးမလား”လို့ အလုပ်စပ်နေပြီလေ။ သူတို့ မနက်စောစာအတွက် သူတို့ တစ်မိသားစု လုံး ရှာဖွေပြန်လာကြပါပကော။ ဒီလိုပဲ ရေတံခွန်တောင်ခြေ သွားပြီး ဝါးနှီးတွေဝယ်ကြမည့်် တောင်းရက်၊ တံမြက်စည်းထိုး လုပ်သားတွေလည်း စက်ဘီးကိုယ်စီနှင့် ခရီးနှင်ကြပေါ့။ နို့စားနွားမတစ်ကောင်နှင့် အပျိုကြီး၊ လူပျိုကြီး မောင်နှမလည်း နို့ညှစ်ပြီးလို့ အစ်ကိုလုပ်သူက နို့ပုံး စက်ဘီးချိတ်ပြီး မြို့ထဲ ထွက်သွားကြတာ ကြာပေါ့။ အနောက် ထီးတိုင်ဈေးက ကုန်စိမ်းတွေ လက်ကားယူပြီး အရပ်ထဲ လက်လီလှည့်ရောင်းတဲ့ ဈေးသည်လည်း “ဒီက အင်းသီး နီမာတွေ”လို့ အော်ဟစ် လှည့်လည်တာ အိမ်စေ့လုပေါ့။

 

ဓမ္မာရုံက ဗုဒ္ဓဝင်ဇာတ်ထုပ်နှင့် တက်ကစင်ရေဒီယို
—————————————————
ကျွန်တော်ရောက်စက ဝါတွင်းမို့ အဖိတ်နေ့ ညနေရောက်လျှင် တောင်ဘက်ယွန်းယွန်း ကျန်းမာရေးကွက်သစ် ဓမ္မာရုံက အသံချဲ့စက်အသံကို အတိုင်းသား ကြားနေရသည်။ နက်ဖြန်ဥပုသ်နေ့အတွက် သီလပွဲ ကုသိုလ်ရှင် အမည်နှင့် သီလပွဲသို့ လာရောက်သီလယူနိုင်ရန်ကိုလည်း တစာစာ ဖိတ်ကြားနေသည်။ ကျွန်တော်က အိမ်လေးရှေ့မှာ ထိုင်ရင်း ယပ်တောင်တဖျပ်ဖျပ်ခတ်ကာ ကျန်းမာရေးဓမ္မာရုံက ဖွင့်မည့် ရွှေမန်းတင်မောင်၏ ဗုဒ္ဓဝင်ဓာတ်ပြားများကို စောင့်မျှော် နေတတ်သည်။ ရပ်ကွက်လေးမှာ လျှပ်စစ်မီးမရှိ။ လူနေကလည်း ကျဲလွန်းလှလို့ မှောင်ရီပျိုးသည်နှင့်ပင် အိမ်တံခါးတွေ ပိတ်၍ ၆ဗို့ ဘက်ထရီမီးလေးဖွင့်ရသည်။ တံခါးတွေ ပိတ်ထားသည့် အိမ်လေးထဲကပဲ အဖိတ်နေ့ညတိုင်း ကျန်းမာရေး ဓမ္မာရုံက ဖွင့်သည့် ဗုဒ္ဓဝင်ဇာတ်ထုပ်တွေ နားထောင်ဖြစ်သည်။

 

 

ကျန်ညတွေမှာတော့ တက်ကစင် ဓာတ်ခဲရေဒီယိုလေးကို မအိပ်မချင်း ဖွင့်ရတာပေါ့။ အသက်၉၀နီးပါး မိခင်ကြီးကတော့ မအိပ်ချင်သေးသော်လည်း အိပ်ရာထဲဝင် ခြင်ထောင်ချကာ သူငယ်ငယ်က ရဖူးသည့် ဇာတ်ထုပ်တွေ ထဲက သီချင်းတွေကို ဟိုတစ်စ သည်တစ်စ သီဆိုရင်း အိပ်ပျော်သွားတတ်သည်။ ကျွန်တော့်သား အကြီးက ၁၀တန်း ရောက်ပြီမို့ အရင် နေခဲ့သည့် ဟေမာဇလ ရပ်ကွက်ထဲက သူ့သူငယ်ချင်းတွေ အိမ်မှာပဲ စာကြည့်မည်ဆိုကာ သွားအိပ်တတ်သည်။ အငယ်ကတော့ ၈တန်းပေမယ့် သူက အိမ်ဘေး အိုင်တွေ မြောင်းတွေထဲက ဖားလေးတွေ ငါးလေးတွေနှင့် ပျော်လို့ အိမ်မှာပဲကပ်ကာ သူ့အမေနှင့်အတူ စောစောအိပ်ရာဝင်သည်။

 

ကျွန်တော်က စိတ်ကူးခဲ့သလို ခြံလေး အိမ်လေးနှင့် နေရသော်လည်း လျှပ်စစ်မီတာလေး လိုချင်နေသည်။ ထိုစဉ်ကာလ လျှပ်စစ်မီတာဆိုသည်က အာဏာ (သို့မဟုတ်) ငွေမရှိဘဲ လက်လှမ်းလို့ မမီပါချေ။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW