သူတို့အိမ်အခန်း – ၆၄

 

ဆူးငှက်

 

 

ပေချပ်အိုများက ပြောသည့် အတိတ်က ရွှေရောင်
——————————————————–

နှစ်ပေါင်း ၂၀၀ ဝန်းကျင်က ပေချပ်များမို့ ဖွဖွလေးကိုင်ရသည်။ ကျွန်တော်က ကိုမောင်ဝင်းပေးသည့် ပေချပ်များကို တစ်ချပ်ချင်း အသံထွက် ဖတ်ပြသည်။ ဦးဇင်းမှိုင်းကလည်း သူကိုရင်ကြီး ဘဝက ဖတ်ခဲ့ရသော ပေစာများမို့ အလုံးစုံ မမှတ်မိတော့။ အခုမှ တချို့ အကြောင်းအရာတွေကို ပြန်မှတ်မိသည်ဟု မိန့်သည်။ ကိုစံလင်းကလည်း အနားမှာထိုင်ကာ အံ့အားသင့်နေပြီး “ အဲကွာ.. ရဲကျော်ရာ..၊ မင်းရှာရှာဖွေဖွေ မေးမှပဲ ဒီပေချပ်တွေ ဖတ်ရတော့ ဒို့ရွာက သမိုင်းကြီးခဲ့တဲ့ ရွာကိုးကွ” ဟု ပြောသည်။

ရွာမှာက ယောက်ျားလေး အချင်းချင်းဆိုလျှင် ရှေ့က “ရဲ” တပ်ပြီး နာမည်ထဲက တလုံးနှင့် တွဲခေါ်လေ့ရှိသည်။ ကိုဌေးအောင် ဆိုလျှင် “ရဲဌေး” ၊ ကျော်ဆန်းဆိုလျှင် “ရဲကျော်”၊ သောင်းထွန်းဆိုလျှင် “ရဲထွန်း” စသည်ဖြင့်ပေါ့။ ပို၍ရင်းနှီးသူ ဆိုပါက “ရဲကိုကြီး” “ရဲညီလေး” ဟု ခေါ်ကြသည်။ ကျွန်တော်က ကိုမောင်ဝင်း လှမ်းပေးသည့် နောက်ထပ်ပေတစ်ချပ်ကို အသံထွက် ဖတ်လိုက်သည်။

 

 

ထီးစွင့်ရှင်ပင် ရွှေမုဋ္ဌောအရှင်
——————————–

“…သဖန်းရွာ ဒကာတော် ဒကာမတော်တို့ ခြေဦးခိုက် လျှောက်ပါသည် အရှင်ဘုရား။ ဒကာတော်တို့မှာ သဖန်းရွာတောင် ကြက်တတွန်တွင် သီရိဓမ္မာသောက မင်းကြီးသည် ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူသည့်နောက် သက္ကရာဇ် ၂၂၅ ခုရောက်လျှင် သီတင်းကျွတ်လပြည့်နေ့ တနင်္ဂနွေနေ့၊ လကြပ်စဉ် စေတီတော် ၈၄၀၀၀ ကို တည်တော်မူသည်။

စေတီတော် ၈၄၀၀၀ အဝင် အရှင်မဟာကဿပ မ တည်သည့် မဏိစူဠာ ဟု အမည်မှည့်တော်မူသော အစိန္တေယျ နှလုံးတော် ဓာတ်တဆူ၊ ပုလဲအဆင်း ပဲနောက်စေ့ခန့် မွေတော်ပေါင်း တစ်ရာ့နှစ်ဆယ်၊ အသီးသီး ထေရ်ကြီးတို့၏ ဓာတ်တော်လည်း အစုံ ဌာပနာရာဖြစ်သော သဖန်း ထီးစွင့်ရှင်ပင် စေတီတော်ကို သက္ကရာဇ် ၁၁၄၄ခု ကောလီဓာတ် ၉နှစ်ဆန်းတွင် ထပ်တည်ပြုစု၍ ယခု သက္ကရာဇ် ၁၁၅၀ပြည့် တပေါင်းလပြည့်နေ့ ဗုဒ္ဒဟူးနေ့ ထီးတော်မဏ္ဍိုင် စိုက်တင်ရာ သံဃာတော်မြတ် တို့အား လှူဒါန်းပူဇော် ဖူးမြော်လိုပါသည်။ ယခု တပေါင်းလပြည့်နေ့ ဗုဒ္ဓဟူးနေ့ အလှူခံ ဆွမ်းဘုန်းပေး ကြွတော်မူပါ အရှင်ဘုရား” တဲ့။

“ဟာ.. ဒါက ဘုန်းကြီးပင့်စာပဲ။ ဒါပေမယ့် ဒီပင့်စာမှာကို ဘုရားသမိုင်းက ပါနေပြီ..” ဟု ကျွန်တော်က ပြောလိုက်သည်။ သက္ကရာဇ် ၂၂၅ခုနှစ်ကတည်းက အရှင်မဟာကဿပ က ထီးစွင့်ရှင်ပင် ဘွဲ့နှင့် တည်တော်မူခဲ့သော စေတီ။ သက္ကရာဇ် ၁၁၄၄ ခုနှစ်မှာ ထပ်တည်တဲ့စေတီ၊ နောက် ၆နှစ်အကြာ သက္ကရာဇ် ၁၁၅၀ ပြည့် တပေါင်းလပြည့်နေ့မှာ ထီးတော်မဏ္ဍိုင် စိုက်ထူ အောင်ပွဲ အလှူ ဆင်ယင်ခဲ့ သော စေတီ တဲ့။ သမိုင်းကောင်းခဲ့သည့် စေတီဆိုသည်မှာ သေချာပေပြီ။

နောက်ထပ် ပေချပ်များကို ပွတ်သပ် အားစိုက် ဖတ်ကြည့်လိုက်တော့ ဆက်လက် သိရှိရသည်မှာ သီရိဓမ္မာသောက မင်းကြီး၏ စေတီပေါင်း ၈၄၀၀၀ တွင် ထူးခြားသော စေတီတော် ၂၃ဆူအနက် သဖန်းရွှေမုဋ္ဌောစေတီက တစ်ဆူအပါအဝင် ဖြစ်ကြောင်း၊ ပုဂံမင်း ၃ဆက် မင်းရဲသီရိ လက်ထက် သက္ကရာဇ် ၂၃၀ တွင် သဖန်းမာဃသူဌေးကြီးက ရွှေမုဋ္ဌောစေတီကို ထပ်မံတည်ကြောင်း၊

သက္ကရာဇ် ၃၉၀ စုက္ကတေးမင်းလက်ထက် ဃောသာလ သူဌေးကလည်း ထပ်မံပြုပြင်ကြောင်း၊ သက္ကရာဇ် ၄၆၅ ခု အလောင်းစည်သူမင်း လက်ထက်မှာလည်း စေတီတော်ကို ပြုပြင် သေးကြောင်းတို့ကို သိရှိလိုက်ရသည်။ နောက်ဆုံးအနေနှင့် သက္ကရာဇ် ၁၁၄၄ ခုနှစ်တွင် ကုန်းတိုက် အရှေ့ကျောင်း ဆရာတော် ဦးနန္ဒမာလာ က ပြုပြင်ခဲ့ကြောင်း ပေစာများတွင် ရေးမှတ်ထားသည်။

 

စေတီတော် သာဓုခေါ် အလှူပွဲတော်
—————————————–

ထိုသို့ သက္ကရာဇ် ၁၁၄၄ ခု ၌ ပြုပြင်ခြင်းကို အသေးစိတ် ရေးမှတ်ထားသည်မှာ.. “ ထီးစွင့်ရှင်ပင် စေတီတော်ကို သက္ကရာဇ် ၁၁၄၄ခု ကောလီဓာတ်တော် ၉ နှစ်ဆန်းတွင် ထပ်တည် ပြုစုပြီး၍ ယခု သက္ကရာဇ် ၁၁၆၉ ခု တပေါင်းလဆန်း ၇ ရက် ၅တေးနေ့ သာဓု အနုမောဒနာခေါ်ရာ သံဃာတော်မြတ်တို့အား ဆွမ်း သင်္ကန်းစသော ဒါတဗ္ဗ ဝတ္ထုပဒေသာတို့ဖြင့် လှူဒါန်းပူဇော်၍ တရားတော်မြတ်ကို နာလိုပါသည်။ ၎င်းလဆန်း ၆ ရက်နေ့ ညအရောက် ၇ ရက်နေ့ ပဒေသာပင် အလှူခံ ကြွတော်မူပါ အရှင် ဘုရား။ ပဒေသာပင်ပေါင်း ၄၃ပင်၊ ပဒေသာပင် ၄ ပင်ကို စေတီတော်ကို လှူသည်။ ၃၉ ပင်ကို သံဃာတော်ကို လှူသည်။

အဖိုးနည်းစွာ ထိုက်သော ပဒေသာပင်ကား ၁ပိဿာတန်၊ ၉ဆယ်တန်။ ၁၁၄၄ ခု စေတီတည်သည်။ ၁၁၄၆ ခု တံတိုင်း မဟာရာမ် လုပ်သည်။ ၁၁၄၈ ခု စေတီတော် သမိုင်းစာ ရသည်။ ၁၁၅၀ ပြည့် တပေါင်းလပြည့် ၄ ဟူးနေ့ စေတီတော် မဏ္ဍိုင် စိုက်ထူသည်။ ၁၁၆၅ခု စေတီတော် ကြေးဝန်းကုန် ရွှေထည့်သည်။ စေတီရံမှာ သပိတ်မှောက်ကုန် ရွှေထည့်သည်။ သက္ကရာဇ် ၁၁၆၅ ခု တပေါင်းလဆန်း ၇ ရက် ၅တေးနေ့ စေတီတော်ကို သာဓုခေါ်သည်” တဲ့။ အလိုလေး.. ယခု မျက်မြင် စေတီအို စေတီ အပြိုအပျက်လေးက သမိုင်းကြီးလှပါလား။

ဒါဖြင့် ယခု ပေစာ မှတ်တမ်းများတွင် ပါရှိသော ၁၁၆၉ ခု တပေါင်းလဆန်း ၇ ရက်နေ့ စေတီတော် သာဓုခေါ်ဆိုပွဲက ခမ်းနားကြီးကျယ်ခဲ့သည့် ပွဲဖြစ်ကြောင်း သက်သေ ဖြစ်သည်။ ယခု ဖတ်ရှုရသော ပေစာများက အင်္ဂါမစုံတော့။ သို့သော် ရှေ့က စေတီသမိုင်းနှင့် ပတ်သက်သည့် ရေးမှတ်သော ပေစာတွင် “ရွှေဖန်းဂါမာ၊ ကြောင်းခြင်းရာကား ရေးလာနိဒါန်း မိန့်ပြန်တမ်းအံ့” အစချီ ရတုနှင့် ဖွင့်ကာ သမိုင်းရေးမှတ်ထားပြီး အဆုံးတွင် ၁၁၅၂ ခု တပေါင်းလပြည့်ကျော်မှာ အိမ်ရှေ့စာရေးတော်ကြီး စည်သူရန္တမိတ် ရေးမှတ်သည့်စာ ဟု ပါရှိသည်။

နောက်ပေထုပ်မှာက သက္ကရာဇ် ၁၁၆၉ခုနှစ် စေတီတော် သာဓုခေါ်ပွဲနှင့် ပတ်သက်သော မှတ်တမ်း အသီးသီးဖြစ်ကာ အဆုံးတွင် ၁၁၆၉ ခု တွင် သဖန်းကုန်းတိုက် အရှေ့ကျောင်း နန္ဒမာလာ ရေးမှတ်သည့် စာ ဟု ပါရှိသည်။ ထု့ိကြောင့် ယခု ပေစာများကိုက (ထိုစဉ် ၁၉၇၃ခုနှစ် ဆိုတော့) နှစ် ၁၈၀ကျော်နှင့် နှစ် ၁၇၀ နီးပါးရှိပြီလေ။ ရွာကလည်း ဧံသာဝတီမင်းကြီး လက်ထက် မှသည် ၁၀၈၂ ခု တနင်္ဂနွေမင်း လက်ထက်ထိ မင်းနန ္တဘယ၊ မင်းနန ္တသူရ မင်းကြီးသက်တော်ရှည် သုံးမည်ရ ဝန်ရှင်တော်မင်းကြီး အပိုင်စားခဲ့သော ရွာတဲ့။

 

မတောက်တခေါက် အသိနှင့် ကျွန်တော့်စာတမ်း
——————————————————–

သည်တစ်ခေါက် ရွာက ပြန်လာတော့ အခါတိုင်းနှစ်တွေလို မဟုတ်တော့။ အလုပ်တွေပါလာသည်။ ကျွန်တော်က စာပေသာမက သမိုင်းသုတေသန ဆိုင်ရာလည်း ဝါသနာပါသေးသည်။ မန္တလေးတွင် ၁၉၆၉ခုနှစ်က ထုတ်ဝေသော ဟံသာဝတီ တနင်္ဂနွေ အချပ်ပိုယဉ်ကျေးမှု ကဏ္ဍတွင် ပါရှိသည့် သမိုင်းသုတေသနဆိုင်ရာ ဆောင်းပါးတွေကိုလည်း တခုတ်တရ ဖတ်မှတ်ဖြစ်သည်။ တကယ်တော့ ကျွန်တော်က သမိုင်းနှင့် ပတ်သက်၍ သုတေသနနှင့် ပတ်သက်၍ ဝါသနာရှင် အဆင့်မျှသာ ဖြစ်သည်။

လက်တွေ့ မဆိုထားဘိ၊ လေ့လာဖတ်ရှုအားကပင် နည်းလှသည်။ ဟံသာဝတီ သတင်းစာ၏ တနင်္ဂနွေ အချပ်ပိုတွင်ပါရှိသော ဆရာဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)၊ ဆရာဒေါက်တာသန်းထွန်း၊ ဆရာတော်ရွှေကိုင်းသား၊ ကိုပညာ (အမရပူရ)၊ မောင်ဝင်းမောင်(တမ္ပဝတီ) စသည့် ဆရာများ၏ ဆောင်းပါးတွေ လောက်သာ ဖတ်ဖူးသည်။ ဘုရား ဆင်းတုတော် တစ်ဆူ ဖူးတွေ့ရသည်နှင့် ဘယ်ခေတ်က လက်ရာ၊ သက်တမ်း ဘယ်လောက်ရှိပြီဟု တွက်ချက်ရတာလည်း ပျော်စရာ ကောင်းလှ၏။ ထိုစဉ်က တောင်သမန်အင်းစောင်းမှာ ကျောက်ခေတ်သစ် ဆိုင်ရာ တူးဖော်တွေ့ရှိချက်တွေ ဖတ်မှတ်ရသည့် ကာလလည်းဖြစ်သည်။ ထို့ကြောင့်လည်း ကာဗွန် ၁၄ နည်းပညာဆိုတာတွေလည်းစိတ်ဝင်စားနေသေး၏။

ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို ကျွန်တော့် ယောက်ဖ ဦးဇော်ဝင်း(ဇော်ပုလဲ) က မန္တလေးရောက်ခိုက် သူ့ဆရာဆီ သွား၍ ကန်တော့ချင်သည်ဟ ုဆိုကာ ကျွန်တော့်ကို အဖော်ခေါ်သည်။ သူ့ဆရာအိမ်က ပွဲကုန်းမှာတဲ့။ ဘယ့်နှယ် ပွဲကုန်းဆိုတာ အကျယ်ကြီးဥစ္စာ။ အိမ်နံပါတ်၊ လမ်းနံပါတ်လည်း တိတိကျကျမရှိ။ သို့သော် ကိစ္စမရှိ။ သာမန် ကုန်သည် ပွဲစားလောက်ပင် မန္တလေးမှာ လာရှာသူကို လက်ဆွဲ၍ အိမ်တိုင်ယာရောက် ပို့သူချည်းမို့ ယခုလို နာမည်ကျော် ပညာရှင်ကြီး အိမ်ကို အိမ်နံပတ်မပြောနှင့် အရပ်နာမည် မပါငြား၊ ဘယ်မန္တလေးသား မေးမေး သိကြပြီးသား။

အခုလည်း ထိုပညာရှင်ကြီး နာမည်ကြားကတည်းက ကျွန်တော် ပျော်သွားသည်။ ကျွန်တော် ရောက်ဖူး ချင်သော နေရာ ဖြစ်သည်။ ကျွန်တော်တို့ အိမ်နှင့်လည်းမဝေး။ ကျွန်တော်နေခဲ့ဖူးသည့် ကျောင်းနှင့်လည်းမဝေး။ မဝေးသည်မှာ ကျွန်တော် တို့ စာသင်ခန်းမှ လှမ်းကြည့်လျှင်ပင် ထိုပညာရှင်ကြီး၏ အိမ်ဝင်ပေါက်ကို လှမ်းမြင်နေရသည်။

 

မြန်မာစာနှင့် သမိုင်းသုတေသန ဆရာကြီး အိမ်ဂေဟာ
——————————————————–

၂၆ ဘီလမ်းပေါ်က အမှတ် ၂၁ အ.ထ.က၏ အနောက်ဘက် ကပ်လျက် လမ်းကြားလေးအတိုင်း မြောက်ဘက် ဝင်ရသည်။ အိမ်ဝင်း ၃၊ ၄ ဝင်းကျော် တာနှင့် ထိုပညာရှင် ဆရာကြီး အိမ်ရောက်သည်။ သစ်သား ဝင်းထရံလေး ကျော်တာနှင့် ဆရာ့အိမ်ပေါက်က ဆီးကြို၏။ ဆရာ့အိမ်က ၂ ထပ်ဖြစ်သည်။ မြန်မာအိမ် စစ်စစ်ဖြစ်၏။ ဆရာက အောက်ထပ်မှာ အမြဲနေသည်။ အောက်ထပ်က နည်းနည်းနိမ့်သည့်အပြင် စာအုပ် စာတမ်းတွေ၊ ပန်းချီကားတွေ၊ ပြက္ခဒိန်တွေ ရုပ်သေးရုပ်တွေ၊ ရှေးဟောင်း ဆင်းတုတွေ၊ စာတိုက်တွေနှင့်မို့ အလင်းရောင် အဝင်နည်းသည်။

အဝင်ပေါက်မှာ ခရစ်စမတ်ကတ်တွေ၊ ပို့စကတ်တွေကို ကြိုးနှင့်တသီကြီး ချိတ်ဆွဲထားသည်။ ဖူဂျီရာမမီးတောင် ရှေ့က ချယ်ရီတွေ ပွင့်နေတာ နှစ်ဆန်းပြက္ခဒိန်မှာ တွေ့နေရသည်။ ဂျပန်ရောက် ဆရာ့တပည့်တွေ ပို့ထားပုံရသည်။ အိမ်၏ နံရံမှာ ဆီဆေးပန်းချီကားတွေလည်း တွေ့နေ၏။ မန္တလေး ပုံရိပ်တွေက အများစုဖြစ်သည်။

ပခုက္ကူချည်ထည် ခန်းဆီးလိုက်ကာစတွေ ကာထားသည့် ပြတင်းပေါက်မှ ရှားရှားပါးပါး ဝင်လာသော အလင်းရောင်က မှန်စီရွှေချ စာတိုက်ဟောင်းကြီးကို ရိုးတိုးရိတ် ကိုယ်ယောင်ပြစေ၏။ ပွတ်လုံးခံ စားပွဲဟောင်းပေါ် မှာ အင်းဝခေတ် မံဘုရားတစ်ဆူလည်း စံပ္ပယ်နေသည်။ ဆင်းတုတော်ရှေ့ ဖန်ခွက်ထဲတွင် သပြေခက်လေးတွေ ထိုးစိုက် ထားသည်။ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ အမရပူရခေတ်၊ ရတနာပုံခေတ် ပန်းပု ပန်းခက်များနှင့်အတူ အုတ်ခွက်ဘုရား၊ ကျောက်ဆင်းတု၊ အသားဆင်းတု၊ သရိုးဆင်းတုများ၏ ဦးခေါင်းတော်များကိုလည်း အိမ်နံရံမှာ ချိတ်ဆွဲ ထားသည်။

ရှေ့က ယွန်းစားပွဲပေါ်မှာတော့ ပုရပိုက်တွေ၊ ပေစာထုပ်တွေ အပုံလိုက် စီထပ်ထားသည်။ ဧည့်စားပွဲပေါ် မှာ ကျောက်မိုးကြိုးသွား အပုံတစ်ပုံ၊ စားပွဲအောက်မှာက စာအုပ်တွေ အထပ်လိုက်။ ဂျပန်ပြည်ထုတ် ပစိဖိတ် မဂ္ဂဇင်း တစ်စောင်က လေအတိုက်မှာ တဖျပ် ဖျပ်လန်နေ၏။ ခပ်နိမ့်နိမ့် မျက်နှာကျက်မှာ ဘုန်းကြီးကျောင်းများတွင်သာ တွေ့ရတတ်တော့သည့် အောက်လင်းဓာတ်မီးကြီးကို ချိတ်ဆွဲထားသည်။

အိမ်၏ အနောက်ဘက် နံရံမှာ တစ်ယောက်အိပ် ခုတင်လေး တစ်လုံးရှိသည်။ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်တွေကို ကပိုကရို တင်ထား၏။ ခုတင်နှင့် ဧည့်စားပွဲကြားမှာ စာအုပ်ပုံကြီး တစ်ပုံက ခန်းဆီးသဖွယ် ခြားထားသည်။ စာအုပ်ပုံက ဝသုန္ဒြေ နတ်သမီးရုပ်တုကို မထိတထိ မှီထား၏။ နတ်သမီးရုပ်တုရှေ့ မျက်နှာကျက်မှာ ဘုရားကြီး စောင်းတန်းက ကြေးစည်လေးတွေကို ပဒေသာပင်ဇောက်ထိုးလို ချိတ်ဆွဲထားသေးသည်။ လှုပ်လိုက်လေတိုင်း ကြေးစည်လေးများ၏ အသံစုံက တတင်တင်မြည်၏။ ပြတင်းပေါက်က စင်ပေါ်မှာ သတင်းစာဟောင်းတွေကို စု၍ ထပ်ထားသည်။ ပြတင်းပေါက် အပေါ်နံရံမှာက မန္တလေး နန်းတွင်း မိသားစု ရှေးဟောင်း ပန်းချီကားကြီး တစ်ချပ်ရှိသည်။

ခေါင်းရင်းမှာလည်း ရှေးဟောင်း ရွှေချည်ထိုး သံလျင်းကြီးတစ်ချပ် ချိတ်ထားသည်။ သံလျင်းပေါ်ရှိ ရွှေချည်ထိုးက သုဝဏ္ဏသာမ ဇာတ်တော်ကြီးကို ရေးထိုးထား၏။ ဘော်ကြယ်ပွင့်တို့ မှိန်နေပြီး ကတ္တီပါသားက နွမ်းနေ၏။ ဆရာက ဝသုန္ဒြေ နတ်သမီး ပန်းပုရုပ်ဘေးက ပက်လက် ကုလားထိုင်ပေါ် ခပ်စောင်းစောင်း လှဲရင်း စာတစ်အုပ် ဖတ်နေသည်။ ကျွန်တော်တို့ ဝင်လာတာမြင်လို့ ကိုယ်ဟန် အနေအထား ပြောင်းလိုက်မှ ဆရာရှိမှန်း သိလိုက်ရသည်။ ဆရာ့နေရာက ခပ်မှောင်မှောင်၊ ခေါင်းရင်း စင်ပေါ်မှာ စာကြည့်မီး ၆ဝ ဝပ်ကို အုပ်ဆောင်းနှင့် ထွန်းထားလေသည်။

 

ဆရာနှင့် သူ၏ တပည့်များ
——————————–

ကျွန်တော့် ယောက်ဖ ဦးဇော်ဝင်း(ဇော်ပုလဲ)က ဆရာ့တပည့်ရင်း ဖြစ်သည်။ တက္ကသိုလ်မှာ ဆရာနှင့် တူဝရီးလိုပေါင်းခဲ့သည့် တပည့်ဖြစ်သည်။ ဆရာက ကျောင်းတုန်းက တပည့်တွေအကြောင်း၊ တစ်နယ်တစ်ကျေးရောက် တပည့်တွေ အကြောင်း မေးသည်။ ကျွန်တော်က အခန်းတွင်းရှိ ရှေးဟောင်းပစ္စည်းတွေ၊ စာအုပ်စာတမ်းတွေ၊ ပန်းချီ ကားချပ်တွေကို တစ်ခုစီ ကြည့်ရင်း နစ်ဝင်နေသည်။ အားလုံး စိတ်ဝင်စားစရာတွေချည့်။ ကျွန်တော် နေလိုတာ သည်လို ပုံစံဖြစ်သည်။

ဤသို့ဖြင့် ဦးဇော်ဝင်း (ဇော်ပုလဲ)လာတိုင်း ဆရာ့ထံ မကြာမကြာ ရောက်ဖြစ်သည်။ ကျွန်တော် ကိုယ်နှိုက်ကပင် ဆရာနှင့် ရင်းနှီးသွားသည်။ ဆရာ့ထံ မှ ဝက်သားကို အမျိုးအစားပေါင်း ရာချီ ချက်တတ်သည့် ရုပ်ရှင်မင်းသား လေးလေး ဦးထွန်းဝေ အကြောင်း၊ ဆရာရွှေပြည်ဦးဘတင်သား ကာတွန်း ပန်းချီနှင့် ဒါရိုက်တာ ဦးဝင်းဖေ အကြောင်း၊ တောင်သမန် တောင်လေးလုံး ဦးဇင်းလေး ကိုပညာ(အမရပူရ) အကြောင်း၊ အိုးဝေညိုမြ အကြောင်း၊ အရှင်ဉာဏိဿရ တစ်ဖြစ်လဲ ဆရာကြီးဦးဆန်းထွန်း(မန်းတက္ကသိုလ်) အကြောင်း၊ အာဠဝီလမ်းက သချုႋင်းတော် အကြောင်း၊ မဟာမုနိ ဘုရားကြီး ဗုံတောင်အဖွဲ့ အကြောင်း၊ လှေသင်းအတွင်းဝန်အကြောင်း၊ လှည်းတွေနှင့်သွားကြသည့် ရတနာ့ဂူပွဲအကြောင်း စသည်ဖြင့် စသည်ဖြင့် ကျွန်တော် ကြားချင်တာတွေ ကြားသိရသည်။

ဆရာနှင့် မည်သည့်အကြောင်းအရာပဲ ပြောပြော မန္တလေးနှင့်ပတ်သက်၍ စာပေ ဘူမိနက်သန်ဖြစ်သည့် တောင်သမန် တောင်လေးလုံးကျောင်းနှင့် ဝက်သားဟင်းလေး ချက်ကို သိကျွမ်း ရောက်ဖူး စားဖူးလိုစိတ် တသသ ဖြစ်မိသည် ချည်း။ ဆရာကလည်း အညွှန်းကောင်း လှသည်။ ကျွန်တော်က စာပေနှင့် ရှေးဟောင်းသုတေသနကို စိတ်ဝင်စားမှန်း သိတော့ ဆရာက သူ့ထံ တံခါးမရှိ ဓားမရှိ ဝင်ထွက်ရန် ဖိတ်ခေါ်သည်။ ကျွန်တော် မကြာမကြာ ရောက်ဖြစ်ပါ၏။

ထိုနှစ်ကာလများ ဆရာ့ထံရောက်တိုင်း မြန်မာပြည်၏ ထိုစဉ်က first lady အပြောင်းအလဲများနှင့် လွန်းတစ်ရာ ကြိုးကြီးချိတ် ပုံပြင်များ၊ ဘုတလင် တွင်းတောင်မှ ဥက္ကာပျံခဲ နှင့် ထိုဥက္ကာပျံခဲအတွင်း မျိုးရိုးဗီဇနှင့် လပြည့်လရောင်တို့ ဆက်စပ်မှု အကြောင်းနှင့် မြန်မာပြည်တွင် ထိုတစ်နေရာတည်းမှ ရရှိသောတွင်းပိုး။ ကျွန်တော်သည် ဆရာ၏ သမီးတော်များ နှင့် တွင်းပိုးဇာတ်လမ်းကိုလည်း တငေးတမော နားထောင်ရသည်။ အဆုံးသတ်ရောက်မှ ဆရာက ဟာသနှောကာ ‘ဒါတွေက စိတ်ကူးကြည့်တာပါကွာ’ ဟု ဆိုချင်ဆိုသည်။

ထိုစဉ်ကတည်းက ဆရာ့ဆီက မြန်မာမှုပညာရှင် တမ္ပဝတီ ကိုဝင်းမောင် ကို တွေ့ရသည်။ ရွှေချည်ထိုး ကိုစိန်မြင့်ကိုလည်း ဆရာ့ဆီမှာ တွေ့ရ တတ်သလို မန္တလးတက္ကသိုလ်က ဆရာတွေ၊ စာရေးဆရာတွေ၊ သံဃာတော် တွေကိုလည်း တွေ့ရတတ်သည်။

 

ဆရာက လက်ရှိရိုးရာကို မပြင်စေချင်
—————————————–

ထို့ကြောင့် ကျွန်တော်က လုပ်သားဆိုင်က လက်နှိပ်စက်ကို စနေတနင်္ဂနွေ ၂ရက်ငှားကာ သဖန်းရွာက တွေ့ရှိခဲ့သည့် ပေစာများကို ထိုစဉ်က လက်နှိပ်စက် ကျွမ်းကျင်သော သူငယ်ချင်းကျော်ရွှေ၏ အကူအညီဖြင့် စာများ အဆုံးအဆုံးကူးလိုက်သည်။ ထို့ပြင် ပေစာပါ အချက်အလက်များကို အခြေခံပြီး ရွှေမုဋ္ဌောဘုရားပွဲ ကျင်းပသည့် ဓလေ့နှင့် ပတ်သက်သော သုတေသနဆိုင်ရာ စာတမ်းတစ်စောင်ကိုရေးသား၍ ဆရာ့ထံပြသည်။ ဆရာက တစ်ပတ်ခန့် ယူဖတ်သည်။ နောက်ဆရာနှင့် တွေ့တော့ ဆရာက ထိုဘုရားသမိုင်းမှ လက်ရှိ ဘုရားပွဲကျင်းပပုံနှင့် သမိုင်းဆိုင်ရာ သုံးသပ်ချက်များနှင့် ပတ်သက်၍ ကျွန်တော်နှင့် သဘောထားအမြင် မတူပုံရှင်းပြသည်။ ဆရာက လက်ရှိ ရိုးရာ ကျင်းပနေသည့် ဘုရားပွဲပုံစံကို မပြောင်းလဲစေလို၊ လက်ရှိကျင်းပနေသော ဘုရားပွဲ အနေအထားကို မပျက်ယွင်းစေလို ။

ကျွန်တော်က ပေစာပါ အချက်အလက်များအရ ၁၁၆၉ခုနှစ်အထိ ရွှေမုဋ္ဌောဘုရား၏ ဘုရားပွဲကျင်းပပုံက ပုံမှန်ဖြစ်သည်။ ဘုရားပူဇော်သည်။ သံဃာတော်အျားဆွမ်းကပ်ပြီး ပဒေသာပင် အပါအဝင် လှူဖွယ်ဝတ္ထု အစုစုဖြင့် လောင်းလှူ ကုသိုလ်ပြုသည်။ ထို့ပြင် ထိုနယ်တဝိုက် တန်ခိုးကြီး ထင်ရှားသော ဘုရားမို့ ပွဲတော်တွင် ရုပ်သေး ဇာတ်ပွဲ ဆိုင်းပွဲပါမည်။ ထိုသို့ ပွဲခင်းသောကြောင့် ဒေသထွက်ကုန်များ ရောင်းချ ဖလှယ်ကြသည့် ပွဲဈေးတန်းလည်းပါမည်။ ထို့ကြောင့် နောင်နှစ် နောင်နှစ်များတွင်လည်း တပေါင်းလတွင် ရွှေမုဋ္ဌောပွဲကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပလိမ့်မည်။

ထိုနယ်တွင် စည်ကား ထင်ရှားခဲ့သော ဘုရားပွဲကြီး ဖြစ်ခဲ့လိမ့်မည်။ ထို့ကြေင့် ထိုနယ်ရှိ ရွာတိုင်းက လူကြီးလူငယ်မရွေး တပေါင်းပွဲရောက်ရင် ပွဲကြည့်မယ်၊ တပေါင်းပွဲရောက်ရင် ဆွမ်းလောင်းမယ်၊ တပေါင်းပွဲ ရောက်ရင် တဘက်လေး ခေါင်းပေါင်းလေး ဝယ်မယ်။ တပေါင်းပွဲ ရောက်ရင် လှည်းအိမ်လေး အသစ်ဆင်မယ် ဆိုသော မျှော်လင့်ချက်များ ကိုယ်စီရှိကာ အချင်းချင်းလည်း ကိုယ့် ဆန္ဒနှင့် မျှော်လင့် ချက်များကို ဖွင့်ဟ အသိပေးကြမှာပေါ့။ သို့သော် ကွေးသောလက် မဆန့်ခင် ဆန့်သောလက် မကွေးခင် ဘဝပြောင်းကြလျှင် တပေါင်းဘုရားပွဲရောက်တော့ ထိုကွယ်လွန် သူကို တမ်းတကြလိမ့်မည်။ အမေရေ ပွဲလေးမှ ကြည့်မသွားရလေခြင်း၊ အဖွားရေ ဆွမ်းလေးမှ လောင်းမသွားရလေခြင်း၊ ဒွေးလေးရေ တဘက်လေး ခေါင်းပေါင်းလေးမှ ဝယ်မသွားရလေခြင်း၊ အဘရေ လှည်းအိမ်လေးမှ အသစ်ဆင် မသွားရလေခြင်း စသည်ဖြင့်ပေါ့။

 

အရင်လို ထီးပေါက် နန်းရောက် မဟုတ်တော့
————————————————-

ဤသို့ဖြင့် ခေတ်တွေ ပြောင်းသွားသည်။ ထို အရပ် ထိုနေရာသည် မင်းပေါက်စိုးပေါက်နေရာ မဟုတ်တော့။ ထိုအရပ်ထိုနေရာသည် ရေကြည်ရာ မြက်နုရာ နေရာ မဟုတ်တော့။ ကပ်ဘေး၊ သဘာဝဘေးများကြောင့် သရောကြီးခိုင်းတာမျိုးလည်း ကြုံရမည်။ ထိုနေရာသည် အရင်လို မစည်ကားတော့။ ရပ်ကြီးရွာကြီးမဟုတ်တော့။ ဇနပုဒ်သာသာပဲ ကျန်တော့သည်။ ထိုအခါ ဘုရားစေတီတို့ ထီးမဲ့ အုတ်ပြို ဖြစ်ရပြီ။ ပွဲခင်း ပွဲကျင်း မလှူဒါန်းနိုင်တော့။ ထိုနေ့မှာပဲ ဆွမ်းလောင်းသည့် ရေစက်ချ အမျှဝေခြင်း အမှုသာ ပြုနိုင်ကြတော့သည်။ ရေစက်ချ အမျှဝေတော့လည်း အစဉ်အဆက် ထုံးစံကဲ့သို့ ဆောင်ရွက်ကြသည့် ဘုရားပွဲသို့ မလာနိုင်တော့သည့်သူတွေကို ရည်စူး လှူဒါန်း အမျှဝေကြတာပေါ့။ လက်ရှိ ရိုးရာက မူလပကတိဟု လက်မခံ။

ကျွန်တော်က စာတမ်းကို ထိုကဲ့သို့ သုံးသပ် ရေးသားခဲ့သည်။ ထိုသို့ အမြင် မတူချင်းဖြစ်သည်။ သို့သော် ဆရာက လွတ်လပ်စွာ သဘောကွဲလွဲခွင့် ပေးသည်။ တစ်ခုပဲ ပြောသည်။ ပုံနှိပ်ဖော်ပြရန် ဖြစ်ပါက စာတမ်းကို အခုလိုစကားပြော ပုံစံနှင့် မရေးဘဲ စကားပြေပုံစံဖြင့် ခံ့ခံ့ညားညား ပြောင်းလဲ ရေးသားရန်ပဲ တိုက်တွန်းသည်။ ဟုတ်တာပေါ့။ ကျွန်တော်က ဓမ္မဗိမာန် စာပေ အလုပ်စခန်းတွေကို ယုံကြည် သက်ဝင်နေသူပေပဲ။ စကားပြောလိုပဲ ရေးရတာအားရှိသည်ဟု လက်ခံထားချိန် ဖြစ်သည်။

ပေစာများတွင် ပါဝင်သော စာများအားလုံးနှင့် ကျွန်တော့် စာတမ်းကို လက်နှိပ်စက် ကော်ပီ၃စုံရိုက်ပြီး ဆရာကြီး ဦးမောင်မောင်တင်(မဟာဝိဇ္ဖာ)ထံ တစ်စုံ၊ ရွာက ကျောင်းမဆရာတော် ဦးဣန္ဒကထံ တစ်စုံ၊ ထိုနယ်တွင် သြဇာ ကြီးမားသည့် ပေါက်ဆိန်ပေါက် ဆရာတော် ဦးဝိသုဒ္ဓထံ တစ်စုံနှင့် ကျွန်တော်က လက်ခံ တစ်စုံ ယူထားခဲ့ပါ၏။ ဤသို့ဖြင့်..။

 

စာတမ်းကို စာအုပ်ထုတ်ချင်ပေမယ့်
——————————————

ကျွန်တော့် စာတမ်းကို ဆရာဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) က စကားပြေပုံစံ ပြန်လည်ရေးသားပြီး နောက်ဆက်တွဲ အနေနှင့် ပေစာများကို ပြန်လည်ကူးယူထားသည်များ ထည့်ဖို့ အကြံပေးသည်။ ထို့ကြောင့် ဆရာညွှန်ကြားသည့် အတိုင်း ပြန်လည် ပြင်ဆင်ရေးသားဖြစ်သည်။ ထို့နောက် ပွဲကုန်းရပ်က တက်နေလင်းပုံနှိပ်တိုက်သို့ သွားရောက်၍ ဘယ်နှအုပ် အနည်းဆုံး ပုံနှိပ်ပေးပြီး ဘယ်လောက် ကျသင့် မလဲ ဟု စုံစမ်းသည်။ ပုံနှိပ်တိုက်က တွက်ချက်ပေးလိုက်သော သင့်ငွေတန်ဘိုးကို လှည့်လည် အလှူခံကြည့်ပါ၏။ အဆင်မပြေ။

သည်တော့ အဆင်ပြေသည့် အချိန်မှ ဆက်လက် လုပ်ကိုင်မည်ဟု ဆုံးဖြတ်ကာ ရွာက ကိုကောင်းကြီး လူကြုံနှင့် ဦးဇင်းမှိုင်း၏ ပေစာများ ပြန်ပေးလိုက်သည်။ ထို့နောက် လက်နှိပ်စက် ကော်ပီတစ်စုံကို ဦးဇင်းမှိုင်းသို့ ဆက်ကပ်ခိုင်းလိုက်သည်။ ဤဇာတ်လမ်းကား ဤမှာ (ရုပ်ရှင်သဘော ပြောရလျှင်) အားလပ်ချိန် ပေးလိုက်ရပါသည်။ ရှေ့ဇာတ်လမ်း ဘယ်ကဲ့သို့ ခင်း၍ ဘယ်သို့ ဇာတ်သိမ်းလေမည် မသိ။

 

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW