ဖေဖော်ဝါရီ ၂၆ – ၂၀၂၆
SN (VOM)
လက်ရှိ ရွှေဈေးကွက်အတွင်း ရွှေကုန်သည်တွေ ဖမ်းဆီးခံရတာ၊ ခေါ်ယူစစ်ဆေး မေးမြန်းခံနေရတာကြောင့် အရောင်းအဝယ်တွေရပ်ပြီး မှောင်ခိုဈေးကွက် ကြီးထွားလာနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
အခုလို ဈေးကွက်အတွင်း တရားဝင် ရွှေရောင်းဝယ်မှုတွေ ရပ်ဆိုင်းနေတာဟာ ရန်ကုန်တိုင်း ရွှေအသင်းဥက္ကဋ္ဌ အပါအဝင် ရွှေလုပ်ငန်းရှင် သုံးယောက် ဖမ်းဆီးခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာတာလို့ သိရပါတယ်။
“တကယ့် ဆိုင်ကြီးတွေ အကုန်လုံး အရောင်းအဝယ်တွေ ရပ်ထားကြတော့ အမှန်တကယ် ငွေလိုလို့ ရောင်းချင်၊ ဝယ်ချင်တဲ့သူတွေ အခက်အခဲဖြစ်တာပေါ့။ အဲဒီတော့ အပြင်မှာပဲ တရားဝင်တွေရော၊ တရားမဝင်တွေရောပေါ့၊ တခြားဆိုင်တွေမှာသွားပြီးတော့ ဈေးနှိမ်ခံပြီး ရောင်းကြ၊ ဝယ်ကြရတာ။ မှောင်ခိုဈေး ဖြစ်နေတော့ ဈေးကွက်က ပျက်နေပြီ” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အဖိုးတန် သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ကို ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်မှုနဲ့ ဖမ်းဆီး အရေးယူထားတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန် ကြေညာထားတာ ဖြစ်ပါတယ်။
အဲဒီနောက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရွှေဆိုင်တွေကို ဆက်တိုက် စစ်ဆေးတာ၊ လုပ်ငန်းရှင်တွေကို အဆက်မပြတ် ခေါ်ယူ မေးမြန်းမှုတွေ ပြုလုပ်နေတာကြောင့် ရွှေဆိုင်ကြီးတွေ အကုန်လုံး အရောင်းအဝယ်တွေ ရပ်ထားကြပြီး ဈေးမဖွင့်ရဲ ဖြစ်နေကြတယ်လို့ သူက ပြောပါတယ်။
“ဈေးကွက်က ကသောင်းကနင်းတွေ ဖြစ်ကုန်တာ။ ဘယ်သူမှ မရောင်းရဲ၊ မဝယ်ရဲဘူး။ တကယ်ခံရတာတော့ ပြည်သူတွေပေါ့။ ရွှေဆိုင်ပိုင်ရှင်တွေကတော့ ပိတ်ထားလည်း ဘာမှမဖြစ်ဘူး” လို့ သူက ပြောပါတယ်။
အဲဒီလိုပဲ နောက်ထပ် ရွှေလုပ်ငန်းရှင် တယောက်ကလည်း လက်ရှိ ရွှေဈေးကွက် အနေအထားဟာ လုပ်ငန်းလည်ပတ်လို့ မကောင်းတော့တဲ့ အခြေအနေကို ရောက်ရှိနေပြီး ရောင်းရ၊ ဝယ်ရ အရမ်းခက်နေတယ်လို့ ပြောပါတယ်။
“လက်ရှိမှာတော့ အားလုံးက ပေါ်လစီ အပြောင်းအလဲလေးတွေ ဖြစ်လာဖို့ကိုပဲ မျှော်လင့်နေကြပါတယ်။ မဖြစ်လာရင်တော့လည်း လုပ်လို့မလွယ်တော့တဲ့ အနေအထား ဖြစ်နေပါတယ်” လို့ ပြောပါတယ်။
ဒါအပြင် အဖမ်းအဆီးတွေ ရှိလာမှာကို စိုးရိမ်တာကြောင့် ရှောင်တိမ်းနေကြတဲ့ ရွှေလုပ်ငန်းတွေလည်း ရှိနေဆဲဖြစ်ပြီး အများစုက ရွှေဥက္ကဋ္ဌနဲ့ လုပ်ငန်းရှင်တွေ အဖမ်းခံလိုက်ရတဲ့အတွက် များစွာ စိုးရိမ် ကြောက်လန့်နေကြတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အတုံးအရောင်းအဝယ် ဈေးကွက်လည်း ရပ်နားထားဆဲဖြစ်တာကြောင့် မှောင်ခိုဈေးကွက်မှာသာ အရောင်းအဝယ်ဖြစ်နေပြီး ဈေးကွက် ကြီးထွားလာနေတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ နှစ်၊ နှစ်ကုန်ပိုင်းနဲ့ အခု ၂၀၂၆ နှစ်၊ နှစ်ဆန်းပိုင်းမှာ ပြည်တွင်းရွှေဈေး စံချိန်တင် တက်ခဲ့တာဟာ ကမ္ဘာ့ရွှေဈေး မြင့်တက်တာကြောင့်အပြင် အမေရိကန်ဒေါ်လာအပေါ် ယုံကြည်မှု လျော့ကျပြီး နိုင်ငံကြီးတွေကိုယ်တိုင် ရွှေဝယ်စုတဲ့အတွက် ကျပ်ငွေတန်ဖိုး ကျဆင်းလာတာကြောင့် ဖြစ်တယ်လို့ ဈေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၅၁၈၃ ဝန်းကျင်ကို ရောက်ရှိနေပြီး ပြည်တွင်း အခေါက်ရွှေ တကျပ်သားဈေးကတော့ ၁၀၇ သိန်းဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။
အမေရိကန် ဒေါ်လာဈေးကတော့ လက်ရှိမှာ တဒေါ်လာ ပြင်ပပေါက်စျေး အရောင်း ၄၀၁၀ ကျပ်ဝန်းကျင်၊ အဝယ် ၃၉၁၀ ကျပ်ဝန်းကျင်မှာ ရှိနေတာ တွေ့ရပါတယ်။
Photo – CJ
