ဖေဖော်ဝါရီ ၂၇ – ၂၀၂၆
SN (VOM)
စက်သုံးဆီနဲ့ ရွှေလုပ်ငန်းရှင် ငါးယောက်ကို စျေးကွက် မတည်မငြိမ် ဖြစ်စေမှု၊ စီးပွားရေးပျက်ပြားစေရန် အားပေးကူညီမှုတွေနဲ့ အစိုးရ တာဝန်ရှိသူတွေက အမှုဖွင့် အရေးယူထားတယ်လို့ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။
စက်သုံးဆီအသင်း ဥက္ကဋ္ဌဟောင်း ဦးခင်စိုး (Apex Gas and Oli Puplic Co.,Ltd)၊ အတွင်းရေးမှူးဟောင်း ဒေါက်တာဝင်းမြင့် (Myat Myitter Mon Service Co.,Ltd) နဲ့ ရွှေအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်)၊ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ကို ၂၀၁၂ ခုနှစ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ ၊ ရာဇသတ်ကြီးပုဒ်မ ၁၀၉ တို့နဲ့ အမှုဖွင့်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ စီးပွားရေးလုပ်ငန်းရှင် တယောက်က “ဟုတ်တယ်၊ စက်သုံးဆီဘက်က နှစ်ယောက်၊ ရွှေဘက်က သုံးယောက်၊ ငါးယောက်ပေါ့၊ အဲဒီလိုကြားတယ်။ သူတို့အားလုံး ပုဒ်မ ၅ နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၀၉ နဲ့ပဲ စွဲထားတယ်။ ရွှေသမားတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကတောင် ရုံးထုတ်တယ်ပြောတယ်။ ဒီရန်ကုန်မှာပါပဲ။ ရုံးထုတ်တယ်ဆိုတော့ အမှုဖွင့်ပြီးမှ ရုံးထုတ်တာလေ။ အဲဒီတော့ အမှုဖွင့်တယ်ဆိုတာကတော့ သေချာတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ လုပ်ငန်းရှင်တွေကို အာမခံမပေးဘဲ ရမန်ယူ စစ်ဆေးနေတယ်လို့ သိရပြီး သက်ဆိုင်ရာ မြို့နယ်တရားရုံးတွေ လွှဲပြောင်း စစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။
“တကယ်ဆို ထုံးစံဆိုရင် တချို့အမှုတွေကျ အာမခံပေးတယ်လေ။ ကိုယ့်ဘာသာ အိမ်မှာပဲနေ၊ ရုံးချိန်းရောက်ရင် ရုံးချိန်းနေ့ အမှုသွားရင်ဆိုင်၊ အဲဒီလိုမျိုးပေါ့။ ဒါပေမယ့်အခု သူတို့ကိုတော့ အာမခံမပေးဘူးကြားတယ်” လို့ စီးပွားရေးလုပ်ငန်းရှင်က ပြောပါတယ်။
အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ ဟာ အစိုးရက သတ်မှတ်ထားတဲ့ အရေးကြီး ကုန်စည်တွေကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်း၊ သိုလှောင်ဝှက်ထားခြင်း (ဒါမှမဟုတ်) စည်းကမ်းချက် ချိုးဖောက်ခြင်းတွေအတွက် အရေးယူနိုင်တဲ့ ဥပဒေဖြစ်ပြီး ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၁၀၉ ကတော့ ပြစ်မှုကို အားပေးကူညီခြင်းအတွက် အရေးယူနိုင်တဲ့ ပုဒ်မဖြစ်ပြီး အဓိကပြစ်မှုအတွက် ပြဌာန်းထားတဲ့ ပြစ်ဒဏ်ကိုပင် ခံရနိုင်တဲ့ ပုဒ်မ ဖြစ်တယ်လို့ သိရပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးခင်စိုးနဲ့ အတွင်းရေးမှူးဟောင်း ဒေါက်တာဝင်းမြင့်တို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးပတ်လောက်ကတည်းက စပြီး နေပြည်တော်မှာ ခေါ်ယူမေးမြန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
စက်သုံးဆီ ရောင်းဝယ်ဖြန့်ဖြူးရာမှာ မသမာမှု၊ ဒေါ်လာရောင်းဝယ်ရေး ကိစ္စတွေနဲ့ ခေါ်ယူ မေးမြန်းခဲ့တာဖြစ်တယ်လို့ သိရပြီး အဲဒီနောက် ရာထူးကနေ ဖယ်ရှားခဲ့ကာ အခု ဖေဖော်ဝါရီလ တတိယမှာတော့ အမှုဖွင့် အရေးယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ရန်ကုန်တိုင်းဒေသကြီး အဖိုးတန် သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ကိုလည်း ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်မှုနဲ့ ဖမ်းဆီး အရေးယူထားတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ရွှေဆိုင်ပိုင်ရှင် သုံးယောက်ဟာ ရွှေဈေးနှုန်း တည်ငြိမ်စေရေး အတွက် ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်သွားဖို့ တာဝန်ရှိသူတွေဖြစ်ပေမယ့် သူတို့ကိုယ်တိုင်က ရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေဖို့ ရည်ရွယ်ပြီး ပြင်ပ ရွှေပေါက် ဈေးနှုန်းနဲ့ ရွှေတုံး၊ ရွှေခဲတွေကို ဝယ်ယူ/သိုလှောင်တာ၊ အရောင်းအဝယ် ပြုလုပ်တာတွေ ဆောင်ရွက်ခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားကာ လက်ရှိမှာတော့ အမှုဖွင့်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
“အကယ်၍ သူတို့သာ အပြစ်ပေးခံရရင် အကုန်လုံး ကြောက်လန့်ပြီး ရွှေလုပ်ငန်းလုပ်တဲ့သူ နည်းသွားလိမ့်မယ်ထင်တယ်။ နားတဲ့သူတွေ များသွားနိုင်တယ်။ လက်ရှိလည်း ရွှေဈေးကွက် အနေအထားက မကောင်းပါဘူး။ အကုန်လုံး ရှောင်ကြ၊ ပုန်းကြ၊ ပြေးကြ၊ သတိထားကြနဲ့ အဲဒီလိုမျိုး ဖြစ်နေပါတယ်။ အရောင်းအဝယ်တွေလည်း မကောင်းပါဘူး။ ဆိုင်တွေလည်း ရောင်းမကောင်းဘူး။ လုပ်ရကိုင်ရ တအားခက်နေပါတယ်” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
လက်ရှိမှာ အစိုးရ တာဝန်ရှိသူတွေဟာ ဈေးကွက်ထိန်းနိုင်ဖို့အတွက် အခုလို ဖမ်းဆီးအရေးယူမှုတွေ မကြာခဏဆိုသလို လုပ်ဆောင်လျက်ရှိတာမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ အတွင်းကလည်း လျှပ်စစ်နှင့်စွမ်းအင် ဒုတိယဝန်ကြီး ဦးသန့်စင်ကို ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အဲဒီနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ၎င်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ တာဝန်ကနေ ရပ်စဲခဲ့ပါတယ်။
စက်သုံးဆီတင်သွင်းရာမှာ စျေးကစားတာကြောင့် စက်သုံးဆီ လုပ်ငန်းရှင်တွေကို သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်ကို တာဝန်ကနေ ရပ်စဲခဲ့တာ ဖြစ်ပါတယ်။
ဒုဝန်ကြီး ဦးသန့်စင်နဲ့အတူ ရေနံထွက်ပစ္စည်း ကြီးကြပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရွှေမော်ကိုလည်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးမှုနဲ့ ပတ်သက်ပြီး ဒေါ်လာဈေးကစားတာအပြင် လာဘ်ပေး၊ လာဘ်ယူမှုတွေမှာ ပါဝင် ပတ်သက်ခဲ့တာကြောင့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ကာ ရာထူးကနေဖယ်ရှားပြီး အရေးယူခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
