မတ် ၁၂ – ၂၀၂၆
SN (VOM)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၇ အရ ပြင်ဆင် ပြဋ္ဌာန်းလိုက်တာဖြစ်ပြီး လက်ရှိ ဥပဒေဟာ ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေကို ရုပ်သိမ်းပြီး အသစ် ပြင်ဆင် ပြဋ္ဌာန်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီဥပဒေ လေ့လာကြည့်ရသလောက်က အကြမ်းဖက်မှုအတွက် ထောက်ပံ့ပေးနေတာတွေကို အဓိက ဆိုလိုချင်တဲ့သဘော သက်ရောက်ပါတယ်။ ဒါတွေကို အမြစ်ဖြတ်ချင်တာပေါ့။ ဒါကြောင့် နောက်ပိုင်းမှာ ဒီဥပဒေကို ကိုင်တွယ်ပြီး အရေးယူမှုတွေ တင်းတင်းကြပ်ကြပ် ပိုပြီး လုပ်ဆောင်လာနိုင်တယ်” လို့ တရားလွှတ်တော် ရှေ့နေတယောက်က ပြောပါတယ်။
လက်ရှိ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေပါ ရည်ရွယ်ချက်တွေထဲမှာ ငွေကြေးခဝါချမှုတွေနဲ့ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတို့ကို ထိရောက်စွာ အရေးယူနိုင်ဖို့နဲ့ ဆင့်ပွားပေါ်ပေါက်နိုင်တဲ့ ပြစ်မှုတွေကို ကာကွယ်ဟန့်တားဖို့၊ ငွေကြေးခဝါချမှု (ဒါမှမဟုတ်) အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတို့မှတဆင့် နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေမှာ ဝင်ရောက် စွက်ဖက်ခြင်းမှ ကာကွယ်နိုင်ဖို့ဆိုတဲ့ အချက်တွေ ပါဝင်နေတာ တွေ့ရပါတယ်။
ဆက်လက်ပြီး ရည်ရွယ်ချက်ထဲမှာ နိုင်ငံတော်က လက်ခံထားတဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတွေနဲ့အညီ ငွေကြေး ခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆောင်ရွက်ရန်၊ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု၊ လူအများအပြား သေကျေစေတဲ့ လက်နက်တွေ ပြန့်ပွားရေးကို ငွေကြေး ထောက်ပံ့မှုနဲ့ မူလပြစ်မှုတွေ တိုက်ဖျက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရန်တို့ကို ထည့်သွင်း ဖော်ပြထားပါတယ်။
ဒါအပြင် အမျိုးသားအဆင့် ဆုံးရှုံးနိုင်ခြေအန္တရာယ် အကဲဖြတ်ခြင်း ဆောင်ရွက်ပြီး ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် ဗျူဟာ ချမှတ်ရန်တို့ကိုလည်း ရည်ရွယ်ချက်မှာ ထည့်သွင်းထားပါတယ်။
ဒါအပြင် ဒီဥပဒေသစ်မှာ ငွေကြေးခဝါချမှုတွေကို စုံစမ်းစစ်ဆေး အရေးယူနိုင်ဖို့အတွက် အီလက်ထရောနစ် ဆက်သွယ်ရေးလိုင်းတွေကို တရားဝင် စောင့်ကြည့်ခွင့်၊ ကြားဖြတ် နားထောင်ခွင့်တို့အပြင် လိုအပ်သလို အသုံးချနိုင်တဲ့ ခွင့်ပြုမိန့်တွေကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပေးနိုင်တယ်လို့ ထည့်သွင်း ဖော်ပြထားပါတယ်။
ကွန်ပျူတာစနစ်၊ ကွန်ရက်တွေနဲ့ ဆာဗာတွေကို ဝင်ရောက် ကြည့်ရှုခွင့်၊ တယ်လီဖုန်းလိုင်း၊ ဖက်စ်တွေ၊ အီလက်ထရောနစ် ထုတ်လွှင့်မှုအပြင် ဆက်သွယ်ရေး အထောက်အကူပြု ပစ္စည်းတွေကို စောင့်ကြည့်မှုအောက်မှာ ထားရှိခွင့်၊ ကန့်သတ်ခွင့်၊ ကြားဖြတ်နားထောင်ခွင့် အပါအဝင် လိုအပ်သလို အသုံးပြုခွင့် အမိန့်တွေကို ပြည်ထဲရေးဝန်ကြီးဌာနက တကြိမ်ကို သုံးလထက်မပိုဘဲ ခွင့်ပြုပေးနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါအပြင် စောင့်ကြည့် စစ်ဆေးဖို့အတွက်ကိုလည်း ဘဏ်တွေနဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေတင်မက သတ်မှတ်ထားတဲ့ ငွေရေးကြေးရေး မဟုတ်တဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ (DNFBPs) ကိုလည်း တာဝန် ပေးအပ်ထားတယ်လို့ ဥပဒေပြဋ္ဌာန်းချက်မှာ ဖော်ပြထားပြီး အဲဒီ အဖွဲ့အစည်းတွေအနေနဲ့ ကာစီနိုရုံတွေ၊ အိမ်ခြံမြေ အကျိုးဆောင်တွေ၊ ရွှေဆိုင်တွေအပြင် ရှေ့နေနဲ့ စာရင်းကိုင်တွေကိုပါ စောင့်ကြည့် စစ်ဆေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။
“အခုပြဋ္ဌာန်းတဲ့ ဥပဒေသစ်မှာ ငွေကြေးခဝါချမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်တွေ၊ တားမြစ်ချက်တွေ အရင်ကထက်ပိုပြီး ကျယ်ပြန့်လာတာ တွေ့ရတယ်။ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့်တွေလည်း ပိုများလာတယ်။ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကနေ စောင့်ကြည့်ခံရမယ့် အနေအထားတွေလည်း ရှိလာတယ်ပေါ့။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဒီဥပဒေ ပြဋ္ဌာန်းချက်တွေ သေချာ ရှင်းလင်းအောင် သိထားဖို့လိုတယ်” လို့ အထက်တန်း ရှေ့နေတယောက်က ပြောပါတယ်။
လက်ရှိ ပြဋ္ဌာန်းချက် ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (တ) နဲ့ (ထ) အရ ပြည်တွင်း၊ ပြည်ပရှိ အများပြည်သူဆိုင်ရာ လုပ်ငန်းတွေနဲ့ ထင်ရှားသူတွေတင်မက ၎င်းတို့ရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေကိုပါ အထူးစောင့်ကြည့်ရမယ့် စာရင်းထဲ ထည့်သွင်းထားတာ တွေ့ရပါတယ်။
အရင်ဥပဒေမှာ ငွေကြေးခဝါချမှုနဲ့ သက်ဆိုင်တဲ့ ပြစ်မှု သတ်မှတ်ချက် ၁၁ ချက်သာ ဖော်ပြထားပေမယ့် လက်ရှိ ဥပဒေသစ်မှာ ပြစ်မှုအမျိုးအစား ၂၆ ခုအထိ ထည့်သွင်းထားတာ တွေ့ရပြီး ငွေကြေးခဝါချမှု ကျူးလွန်ကြောင်း သက်သေပြနိုင်ပါက ထောင်ဒဏ် အများဆုံး သုံးနှစ်၊ ငွေဒဏ် အများဆုံး ကျပ် သန်း ၅၀၀ အထိ ချမှတ်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။
လက်ရှိ ဥပဒေ သတ်မှတ်ချက်တွေအရ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းဖွဲ့ ကျူးလွန်မှုတွေ၊ အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှု၊ တရားမဝင် လက်နက်ကုန်ကူးမှုနဲ့ လူကုန်ကူးမှု၊ ငွေကြေးအတု ပြုလုပ်မှု၊ လူသတ်မှု၊ အပြင်းအထန် နာကျင်စေမှု၊ ပြန်ပေးဆွဲမှု၊ ဓားစားခံဖမ်းဆီးမှု၊ ဆိုက်ဘာမှုခင်း၊ လောင်းကစားမှု စတဲ့ ပြစ်မှုတွေဟာ ငွေကြေးခဝါချမှုနဲ့ ငြိစွန်းနိုင်တဲ့ပြစ်မှုတွေ ဖြစ်လာတာကို တွေရပါတယ်။
Photo – CJ
