မေ ၂၄ – ၂၀၂၆
SN (VOM)
အခြေခံပညာ ကျောင်းတက်ဖို့အတွက် စစ်ကိုင်းတိုင်း၊ ကသာမြို့ပေါ်ကို သွားရောက်မယ့် ကလေးငယ်တွေဟာ လက်နက်ကိုင်တပ်တွေဆီမှာ ရိုက်နှက်ခံရပြီးမှ ကျောင်းအပ်နှံမှု ပြုလုပ်ခွင့်ရနေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
မြို့ပေါ်ကျောင်းတက်လိုသူ ကလေးတွေဟာ ၅ တန်း ဖြစ်ပါက ၅ ချက်၊ ၁၀ တန်း ဖြစ်ပါက ၁၀ ချက် လက်နက်ကိုင်တပ်ဖွဲ့တွေဆီမှာ အရိုက်ခံပြီးမှ ကသာမြို့ပေါ်ကျောင်းကို လာ
ရောက် ကျောင်းနှံကြရတဲ့အပြင် ကျောင်းသား မိဘတွေအနေနဲ့ အဲဒီအဖွဲ့တွေကို ငွေကြေးတွေ လစဥ် ပေးရသလို ထမင်းဟင်းလည်း အလှည့်ကျ ချက်ပြုတ်ပြီး ပို့ပေးရတယ်လို့ ကသာမြို့ပေါ်ကို ပြောင်းရွှေ့လာသူ ကျောင်းသားမိဘ တယောက်က ပြောပါတယ်။
“ရွာဘက်တွေမှာ ဖြစ်နေတာပါ။ ရွာတိုင်းတော့ မဟုတ်ဘူး။ ပိုက်ဆံက လစဉ်ကြေး နှစ်သောင်း၊ သုံးသောင်း ပေးရတယ်။ ကျောင်းတက်ချင်တယ်ဆို ကလေးတွေက ကိုယ်တက်မယ့် အတန်းအလိုက် အရိုက်ခံကြရတယ်။ ဘာကြောင့်ရိုက်တာလဲတော့ လက်နက်ကိုင်တွေက မပြောကြဘူး။ အဲဒါကြောင့် ရွာမှာ မနေချင်တော့လို့ ကသာမြို့ပေါ်ကို ပြောင်းလာကြတာ” လို့ သူက ပြောပါတယ်။
၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် ကသာမြို့ရှိ အခြေခံပညာကျောင်းတွေရဲ့ ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားတာဖြစ်ပြီး လာမယ့် ဇွန်လ ၁ ရက်နေ့မှာ ကျောင်းတွေ စတင် ဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ်။
“ကသာက ရွာဘက်တွေမှာ အေးချမ်းမှု မရှိသေးဘူးလေ။ တိုက်ပွဲတွေက ရှိနေသေးတော့ ရွာထဲကကျောင်းတွေက မဖွင့်ရဲသေးဘူး။ အကုန် ပိတ်ထားရတယ်။ ဆရာ၊ ဆရာမတွေကလည်း မသွားရဲကြဘူး။ အဲဒါကြောင့် မနက်ဖြန် ကျောင်းစအပ်ရတော့မယ်ဆိုတော့ ရွာက ကလေးတွေက မြို့ပေါ်ကျောင်းကို ကျောင်းပြောင်းဖို့ ကြိုလာကြတာ။ အဲဒီကလေးတွေက လက်နက်ကိုင်အဖွဲ့တွေဆီမှာ အရိုက်ခံပြီးမှ ကျောင်းအပ်ခွင့် ရကြတာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ကသာမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်မှစတင်ကာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး အခု ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်မှာတော့ အစိုးရတပ်က မြို့ကို ပြန်လည် ထိန်းချုပ်ထားတာ ဖြစ်ပေမယ့် လက်နက်ကိုင်တပ်တွေ ကျန်ရှိနေတဲ့ ကျေးရွာတချို့မှာတော့ တိုက်ပွဲတွေ ရှိနေသေးတယ်လို့ သိရပါတယ်။
ကသာမြို့ကို အစိုးရတပ် ပြန်ထိန်းချုပ်ပြီးနောက်ပိုင်း စစ်ရှောင်နေကြတဲ့ ဒေသခံအများအပြား မြို့ထဲကို ပြန်လည် ဝင်ရောက်လာခဲ့တယ်လို့ သိရပြီး အဲဒီနောက် အစိုးရက အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့အတွက် အဖက်ဖက်ကနေ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတာမှာ ပညာရေးကဏ္ဍနဲ့ ပတ်သက်လို့လည်း တိုက်ပွဲဖြစ်ပွားခဲ့စဉ် ကာလအတွင်း နောက်ဆုံးအတန်းတင် ကျောင်းတွင်းစစ် စာမေးပွဲ ဖြေဆိုလိုက်ရခြင်းမရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ပြီးခဲ့တဲ့ မေ ၂ ရက်ကစပြီး စာမေးပွဲ ပြန်လည် ဖြေဆိုခွင့် ပြုခဲ့တယ်လို့ သိရပါတယ်။
စာမေးပွဲဖြေဆိုလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းအပ်နှံခွင့် ပြုခဲ့ပြီးနောက် အ.ထ.က (၁) ကျောင်းမှာ အတန်းတင်စာမေးပွဲ ကျင်းပပေးခဲ့တာလို့ သိရပြီး အစိုးရစစ် စာမေးပွဲတွေဖြစ်တဲ့ ပဉ္စမတန်း၊ နဝမတန်းနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေအတွက်တော့ စီစဉ်ပေးတာ မရှိသေးဘူးလို့ သိရပါတယ်။
Photo – CJ
