ကျိုက်ဒုံမြို့မှာ လေကြောင်း တိုက်ခိုက်မှုဖြစ်ပြီး သုံးယောက် သေဆုံး

မေ ၂၄ – ၂၀၂၆
SS (VOM)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့မှာ ဒီကနေ့ မေ ၂၄ ရက်၊ နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သုံးယောက် သေဆုံးခဲ့တယ်လို့ ဒေသအခြေစိုက် လူမှုကူညီရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်က ကျိုက်ဒုံမြို့အထွက်ရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) ဂိတ်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ သိရပြီး လူသေဆုံးမှုအပြင် ပြင်းထန်ဒဏ်ရာရသူ တယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
“လျှပ်တပြတ် တိုက်ခိုက်ခံရတာ။ KNU ဂိတ်နဲ့ ဘေးက အိမ်တွေပါထိတာ။ သုံးယောက်က ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရ တယောက်ကလည်း အနီရောင်အဆင့်ပဲ။ လူနေအိမ်၊ အဆောက်အအုံ သုံးလုံးထက်မနည်း ပျက်စီးတာလည်း ရှိတယ်။ လေကြောင်း တိုက်ခိုက်တာလည်းဖြစ်‌ရော ဂိတ်မှာ တပ်စွဲထားတဲ့သူတွေက နေရာကနေ ချက်ချင်း ဆုတ်ခွာသွားကြတယ်” လို့ ဒေသအခြေစိုက် လူမှုကူညီရေး လုပ်ဆောင်သူက ပြောပါတယ်။
ကျိုက်ဒုံမြို့ဟာ KNU တပ်ဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ မြို့တမြို့ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မတ်လကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေ မြို့ကို သိမ်းပိုက်ထားတာလို့ သိရပါတယ်။
KNU ထိန်းချုပ်ရာနယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ မောဖထောကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နှစ်ယောက် သေဆုံးကာ လူနေအိမ် နှစ်လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်ကလည်း ကျိုက်ဒုံမြို့၊ အမှတ် (၅) ရပ်ကွက်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးကာ မီးသတ်ရုံ အဆောက်အအုံ တလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ၂၀၂၅ ခုနှစ်အတွင်းမှာပဲ ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ ယော့ကဒေါကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာရှိ စာသင်ကျောင်း တကျောင်း ပျက်စီးခဲ့ပြီး အဲဒီဖြစ်စဉ်အတွင်း လူထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW