ဘုတလင် – စိုင်ပြင်လမ်းတလျှောက်ရှိ ဒေသခံ တသိန်းနီးပါး စစ်ဘေးတိမ်းရှောင်နေရ

မေ ၂၄ – ၂၀၂၆
SS (VOM)
ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက စိုင်ပြင်မြို့ကို အစိုးရတပ်က ဘုတလင်မြို့ကနေတဆင့် အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာပြီး လေကြောင်းပစ်ခတ်မှုတွေပါ ပြုလုပ်နေတဲ့အတွက် ဘုတလင် – စိုင်ပြင်လမ်းတလျှောက်ရှိ ကျေးရွာတွေက ဒေသခံ တသိန်းနီးပါး စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စိုင်ပြင်မြို့နယ်ရှိ နယ်မြေရဲစခန်းကို ဒေသတွင်းလက်နက်ကိုင် တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက် မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တပ်က မုံရွာ – ဘုတလင် – စိုင်ပြင်လမ်းအတိုင်း အင်အား အလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတာလို့ သိရပါတယ်။
“နမခ စစ်ဌာနချုပ်ကနေ စစ်ကြောင်းလာနေတာက ပွိုင့်ဖိုက် စက်သေနတ် တပ်ဆင်ထားတဲ့ ကားရော၊ သံချပ်ကာကားတွေရော ပါတယ်။ ကားအစီးရေ ၂၀ လောက်ရှိမယ်။ တက်လာတာ။ ပြီးခဲ့တဲ့ရက်ပိုင်းက သူတို့ လက်လွှတ်ခဲ့ရတဲ့ စိုင်ပြင်မြို့ ရဲစခန်းကို အင်အားဖြည့်ဖို့လာတာ ဖြစ်နိုင်တယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒါကြောင့် အဲဒီ လမ်းတလျှောက်ရှိ မြောက်ကြည်၊ ဇီးတော၊ ပဲပြစ်တော၊ ထတန်း၊ တက်လှိုင်း၊ ဆိပ်သာကန်၊ ကွမ်းအုံ၊ မြင်သာ၊ နတ်ရွာ၊ အုပ်ဖို၊ ကြိုကုန်း၊ ဘီရှူး၊ လက်ပန် အစရှိတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး စားသောက်၊ နေထိုင်ရေးအတွက် အခက်တွေ့နေရတယ်လို့ သိရပါတယ်။
ဒါအပြင် နမခ အခြေစိုက်ရာ မုံရွာမြို့နဲ့ ၁၀ ကျော်မိုင်ကျော်အကွာရှိ ဘုတလင်မြို့နယ်ဘက်ကိုလည်း အစိုးရတပ်က နယ်မြေပြန်လည် စိုးမိုးနိုင်ဖို့အတွက် မေ ၁၆ ရက်နေ့ကစပြီး အင်အားရာချီနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာသလို လေကြောင်းကနေလည်း တိုက်ခိုက်မှုတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ သိရပါတယ်။
လနဲ့ချီကြာမြင့်အောင် စစ်ကြောင်းဝင်ရောက်မှု မရှိခဲ့တဲ့ ဘုတလင်မြို့နယ်ထဲကို အခုတကြိမ် အင်အားအလုံးအရင်းနဲ့ ဝင်လာတဲ့ စစ်ကြောင်းဟာ အဲဒီ မြို့နယ်အတွင်း နယ်မြေ ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးစားလာတာ ဖြစ်နိုင်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက သုံးသပ်ထားပါတယ်။
“စစ်ကြောင်းက ဘုတလင်မြောက်ခြမ်းက ကျေးရွာတွေဘက်မှာ ရောက်နေပြီ။ ဘုတလင်မြို့ပေါ်ကနေ အင်အားအဆက်မပြတ် ဖြည့်ပေးနေတယ်။ မေ ၂၀ ရက်ကလည်း ဘုတလင် – စိုင်ပြင်လမ်းပိုင်းမှာ လက်နက်ကိုင်တပ်တွေနဲ့ တနေကုန်နီးပါးပဲ၊ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာရှိတယ်။ လေကြောင်းကလည်း ခေါက်တုံ့ခေါက်ပြန်နဲ့ တနေကုန်ချတာ။ စစ်ကြောင်းက ဘုတလင်နယ်ကနေ စိုင်ပြင်ဘက်ကို ဆက်သွားနိုင်တယ်။ ဒါကြောင့် လမ်းတောက်လျှောက်က ကျေးရွာတွေ ကြိုပြီး စစ်ရှောင်ကုန်ကြတာ” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
အစိုးရတပ်တွေဟာ မြေပြင်စစ်ကြောင်းအပြင် လေကြောင်း တိုက်ခိုက်မှုတွေကိုလည်း ပြုလုပ်လျက်ရှိတာမှာ ပြီးခဲ့တဲ့ မေ ၁၉ ရက်နေ့က မုံရွာ – ရေဦးလမ်းကြော၊ ဘုတလင် – စိုင်ပြင်ကားလမ်း၊ ဆိပ်သာကန်နဲ့ အုပ်ဖိုရွာကြားမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ယောက် သေဆုံးခဲ့ပြီး လေးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
မေ ၁၉ ရက်နေ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ်အတွင်း ဆိပ်သာကန်ကျေးရွာထဲ ကျရောက် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာကြောင့် နေအိမ်ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပြီး အဲဒီနောက် မေ ၂၀ ရက်နေ့ကလည်း အစိုးရတပ်က ဘုတလင်မြို့နယ် မြောက်ဘက်ခြမ်းကို လေယာဉ်၊ စက်တပ်လေထီး၊ ဒရုန်းတွေနဲ့ တနေကုန်နီးပါး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ စစ်ရေး အခြေအနေတွေကြောင့် ဒေသခံတွေအနေနဲ့ မုံရွာ – ဘုတလင် – စိုင်ပြင်လမ်းပိုင်းကို ကျန်းမာရေးကိစ္စကလွဲပြီး လုံးဝ (လုံးဝ) သွားလာခြင်းမပြုကြဖို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW