မေ ၂၄၊ ၂၀၂၆
Shy V (VOM)
ရှမ်း – တရုတ်နယ်စပ်ဘက်မှာ မြန်မာလုပ်သားတွေ အလုပ်အကိုင်ရှားပါးမှုနဲ့ စားဝတ်နေရေးအခက်အခဲတွေကြောင့် နေ့စဉ် ရာချီပြီး တရုတ်နိုင်ငံဘက် ဝင်ရောက်နေကြတယ်လို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။
“တရုတ်ဘက်က ပြန်ပို့နေတာ (၇ ရက်သက်တမ်းရှိ ယာယီ နယ်စပ် ဖြတ်ကျော်ခွင့် လက်မှတ်) တပတ်ကတ် နဲ့ လည်း ဝင်နေတာပဲ။ နေ့တိုင်း ဝင်နေတာပဲ။ နန်းတော်ပေါက်ရော ဆင်ဖြူပေါက်ရော နှစ်ဂိတ်ပေါင်း တရက်ကို ၅၀၀ လောက်တောင် ဝင်မယ်ထင်တယ်” လို့ နယ်စပ် ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
တရုတ်ဘက်ကို သွားရောက်အလုပ်လုပ်တဲ့ မြန်မာလုပ်သားအများစုဟာ မြန်မာပြည်မှာ အိမ်ပေါင်၊ ယာပေါင်ထားပြီး အကြွေးတင်ကာ တက်လာကြတာဖြစ်ပေမယ့် တရုတ်ဘက်ရောက်ချိန်မှာတော့ မျှော်လင့်သလို အဆင်မပြေကြဘူးလို့ သူက ပြောပါတယ်။
လုပ်သားတွေဟာ အလုပ်သမားခေါင်းပုံဖြတ်ခံရတာ၊ တရုတ်ရဲဖမ်းဆီးခံရပြီး ငွေနဲ့ပြန်ရွေးရတာ၊ နောက်ဆုံး မြန်မာနိုင်ငံဘက် ပြန်ပို့ခံရတာတွေ မကြာခဏ ကြုံတွေ့နေကြရတာလို့ ဆိုပါတယ်။
“တကယ်တော့ အလုပ်သမားပွဲစားတွေပဲ လုပ်စားနေတာ။ သူတို့က လူပို့လို့ရရင်ပြီးပြီ။ ဘယ်သူ အဆင်ပြေပြေ မပြေပြေ သူတို့အတွက်တော့ အလုပ်ဖြစ်နေတာပဲ” လို့ မူဆယ် ဒေသခံ တယောက်က ပြောပါတယ်။
တရုတ်ဘက်ကနေ မြန်မာဘက် ပြန်ပို့ခံရတဲ့ မြန်မာ လုပ်သားတွေလည်း နေ့စဉ် မနည်းမနှောရှိနေတယ်လို့ သူက ပြောပါတယ်။
“တရက်ကို မှန်လုံကား သုံး၊ လေးစီးလောက်နဲ့ ပြန်ပို့တာရှိတယ်” လို့ လည်း သူက ပြောပါတယ်။
တပတ်ကတ် မဟုတ်ပဲ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်နဲ့ ဝင်ရောက် အလုပ်လုပ်နေတဲ့ နယ်စပ်ဒေသခံတွေကိုတောင်မှ လုပ်အားခ ခေါင်းပုံဖြတ် ခံရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးနေတဲ့အတွက် ပြန်ပို့ခံရသူအများစုဟာ မိဘဆွေမျိုးတွေဆီက ငွေထပ်တောင်းပြီး တရုတ်ဘက်ကို ပြန်ဝင်နေကြရတယ်လို့ ဆိုပါတယ်။ တချို့ကို တရုတ်ဘက်ပြန်ဝင်ခွင့် ပိတ်ထားပေမယ့် ခိုးပေါက်တွေကနေ ငွေကြေးအကုန်အကျများစွာနဲ့ ထပ်မံဝင်ရောက်နေကြတယ်လို့လည်း သိရပါတယ်။
နယ်စပ်ကို သွားရောက်ဖို့ ကုန်ကျစရိတ်ဟာလည်း အနည်းဆုံး ကျပ်သိန်း ၃၀ ကနေ ၄၀ ဝန်းကျင်အထိ ရှိနေပြီး အဲဒီငွေကြေးနဲ့ ကိုယ့်ဒေသအတွင်း အသက်မွေးဝမ်းကျောင်းအလုပ်တခုခု လုပ်ကိုင်သင့်တယ်လို့ နယ်စပ် ဒေသခံ တချို့က သုံးသပ်နေကြပါတယ်။
Photo: Shy V (VOM)
