အခန်း (၁၂၁)

ဆူးငှက်

လွတ်လပ်ရေးနေ့
———————–

မှတ်မှတ်ရရ ၁၉၈၀ခုနှစ် ဇန်နဝါရီလ ၄ရက်၊ လွတ်လပ်ရေးနေ့မှာပဲ ကျွန်တော်တို့ သမီးယောက်ဖ၂ယောက် ရန်ကုန်က ပြန်ခဲ့ကြသည်။ ရန်ကုန်မှာ ဇန်နဝါရီ ၃ရက်နေ့ အခြေခံဥပဒေနေ့ ကတည်းက လမ်းတွေပိတ်ကာ အသံချဲ့စက် တကြော်ကြော်နှင့် အားကစားပြိုင်ပွဲတွေ ကျင်းပနေကြသည်။ နောက်ရက် လွတ်လပ်ရေးနေ့တွင်လည်း မနက်မလင်းခင် ကတည်းက လမ်းတိုင်းမှာ အသံချဲ့စက်သံဆူညံနေသည်။ လမ်းပေါ်တွင် ထုံးလိုင်းများတား၍ အားကစားပြိုင်ပွဲများ ကျင်းပကြသည်။ ဦးဇော်ဝင်းလည်း မန္တလေးရောက်သည်နှင့် မုံရွာသို့ ချက်ချင်းပြန်သည်။ ထို့နောက် ဇန်နဝါရီလအတွင်း မှာပင် ခင်ဝင်းနွယ်က မိမိတို့ စာမူကို ကန့်ကွက်ခြင်း ကိစ္စအား ဖြေရှင်းပေးပါရန် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ စာတင်ခဲ့ သည်။ ထို့အတူ နိုင်ငံတော်သမ္မတကြီးထံသို့လည်း စာမူကန့်ကွက် ခံရခြင်းကို တင်ပြခဲ့သည်။

ကဗျာလွတ်စာအုပ် ထွက်ပြီ
————————————

ဤသို့ဖြင့် ထိုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ဝေမည့် ကဗျာလွတ်စာအုပ် ထွက်ရှိ ပြီဖြစ်ကြောင်း လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတွင် သတင်းပါရှိကာ စာအုပ်ကို ဖြန့်ချိရောင်းချပါသည်။ စာအုပ်က ကတ်ထူဖုံး နှင့် ၁၈စင်တီ×၂၈စင်တီရှိပြီး အတွင်း အတ်ပေပါအထူများနှင့် စာမျက်နှာ ၁၉၀ပါရှိသည်။ အတွင်းဓာတ်ပုံ များက ၁၉၆၇ခုနှစ်ကတည်းက ရန်ကုန် ယဉ်ကျေးမှုရိပ်မြုံတွင် မှတ်တမ်းတင် ရိုက်ကူးခဲ့သည့် မခင်ဝင်းနွယ် ၏ ပုံများ ဖြစ်ပါသည်။ ထိုစာအုပ် ထွက်ရှိလာသောအခါ ပညာရှင်များအပါအဝင် အတော်များများက မြန်မာအမျိုးသမီးအက၏ အခြေခံ မှတ်တမ်းတစ်ခုအဖြစ် မှတ်ထင်ကာ ဂုဏ်ယူကြသည်။ မြန်မာစာပေပညာရှင်ကြီး တစ်ဦးကဆိုလျှင် ထိုစာအုပ်ကို မြန်မာ အမျိုးသမီး အက၏ ပထမဆုံး မှတ်တမ်း ပုံနှိပ်စာအုပ်အဖြစ် ဂျပန်တက္ကသိုလ်များသို့ ပေးပို့ခဲ့သည်။

သို့သော် ထိုစာအုပ်က ဒေါ်သြဘာသောင်း၏ ကဗျာလွတ် ပထမဆင့်၏ ကပုံကနည်းကိုစံနစ်တကျ မှတ်တမ်းတင်ကာ ပုံကြမ်းနှင့် ဓာတ်ပုံနှင့် ရှင်းပြသည့်စာသားနှင့် ထုတ်ဝေသည်ဆိုရာ သက်ဆိုင်ရာပညာရှင်၏ အကူအညီကိုမရယူဘဲ ကတိုက်ကရိုက် ဖုတ်ပူမီးတိုက် စီစဉ်ရိုက်နှိပ် ထုတ်ဝေလိုက်ရသောကြောင့် ကကွက်များပါသည့် စာမျက်နှာတိုင်း အမှားအယွင်းချည်း ဖြစ်နေတော့သည်။ ကနဦးနိဒါန်းပါ သမိုင်းအချက်အလက်အချို့လည်း မှားယွင်းနေကာ ကကွက်များမှ ပုံနှင့် အရေးအသားမှားယွင်းမှုမှာ ကကွက်၂၅ကွက်စလုံး အချက်အလက်၂၆ခု မှားယွင်းနေပါသည်။ ထို့ကြောင့် မှားယွင်းနေ သည့် အချက်အလက်များနှင့်အတူ ဝန်ကြီးဌာနနှင့် နိုင်ငံတော်သမ္မတထံသို့ ပြင်ဆင်ရိုက်နှိပ်နိုင်ရန် ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် တင်ပြခဲ့သည်။ သို့သော် အုပ်ရေ ၇၅၀၀က ရိုက်နှိပ်ပြီးစီးကာ ထိုစာအုပ်ကို ပါတီဥက္ကဋ္ဌကြီးထံသို့လည်း တင်ပြပြီးပြီလေ။ ပါတီဥက္ကဋ္ဌကြီးက ထိုစာအုပ်ကို မြင်တော့ ငါလုပ်ခိုင်းခဲ့တဲ့ အလုပ်လေ ဟု ဂုဏ်ယူပြောကြားခဲ့သဖြင့် ထိုစာအုပ်က မှားယွင်းကြောင်း မပြောဝံ့ကြတော့ပေ။

မြန်မာအကဗေဒ(CHOREOGRAPHY) ဘယ်မှာလဲ
——————————————————–

တကယ်တော့ ရှေးယခင်ကတည်းက မြန်မာအကဗေဒ (CHOREOGRAPHY) ကို သင်ရိုးအဖြစ် စံနစ်တကျ မှတ်းတင်ခြင်းမရှိခဲ့ပေ။ ၁၉၅၃ခုနှစ် ပန်တျာကျောင်းများဖွင့်လှစ်သောအခါ ရန်ကုန်နှင့် မန္တလေးကျောင်းများတွင် အကအတွက် တူညီသော သင်ရိုးညွှန်းတမ်းမရှိခဲ့ပေ။ ထို့ကြောင့် သင်တန်းဆရာများက မိမိတို့ သင်ကြားတတ်မြောက်ခဲ့သော မူများနှင့် မိမိတို့ သင်ရိုးအတိုင်း သင်ကြသည်။ ထိုစဉ် မန္တလေးပန်တျာကျောင်းက အမျိုးသား အကနည်းပြဆရာ ဦးရွှေဒေါင်းညိုုက အမျိုးသား ကဗျာလွတ်အကကို သင်ရိုးအဖြစ် တီထွင်ခဲ့သည်။ ထို့အတု အမျိုးသမီး အကနာ်းပြဆရာမ ဒေါ်သြဘာသောင်းကလည်း အမျိုးသမီးကဗျာလွတ်အက သင်ရိုးကို ပထမနှစ်သင်ရိုး၊ ဒုတိယနှစ်သင်ရိုး၊ တတိယနှစ် သင်ရိုးအဖြစ် ကကွက် ၇၅ကွက်တီထွင်ခဲ့သည်။ ထိုသင်ရိုးများဖြင့် မန္တလေးပန်တျာက ကျောင်းသူကျောင်းသားများကို သင်ကြားခဲ့သည်။

ထို့နောက် ဒေါ်သြဘာသောင်းက ပန်တျာ၏ ၃နှစ်သင်တန်းအတွက်သာမက နောင်တွင် လိုအပ်လာမည့် အဆင့်မြင့် မဟာသင်တန်းများအတွက် စတုတ္ထဆင့်နှင့် ပဉ္စမအဆင့်ကကွက်များကိုပါ ထပ်မံတီထွင်ခဲ့သည်။ ဒေါ်သြဘာသောင်း၏ အမျိုးသမီးကဗျာလွတ်အက သင်ရိုးအဖြစ် အဆင့် ၅ဆင့်၊ ကကွက် ၁၂၅ကွက်ကို (ထိုစဉ် ၁၉၆၇ခုနှစ်က) ဗိုလ်ချုပ်ကြီးနေဝင်းက ဓာတ်ပုံ၊ ပန်းချီ၊ ရုပ်ရှင်များ ရိုက်ကူး မှတ်တမ်းတင်ခြင်း၊ စာဖြင့် မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ကာ နောင်တချိန် မြန်မာအမျိုးသမီးအက သင်ရိုးအဖြစ် ပြဋ္ဌာန်းနိုင်ရေး အစီအစဉ်ကို နှုတ်မိန့်ပေး ဆောင်ရွက်ခဲ့သည်။ ဤသို့ဖြင့် ထိုလုပ်ငန်းကို ရန်ကုန်တွင် ဒေါ်သြဘာသောင်းနှင့် တပည့် မခင်ဝင်းနွယ်ကို ခေါ်ယူကာ စတင်ခဲ့သည်။ ထို့နောက် တရုတ်မြန်မာအရေးအခင်းကြောင့် ခေတ္တရပ်နားကာ မန္တလေး ပန်တျာတွင် ပြန်လည် စတင်ခဲ့ရာ အပြီးမသတ်မီ ၁၉၇၀ခုနှစ်တွင် ထိုစီမံကိန်းကို အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ရပ်ဆိုင်းလိုက်သည်။

အာဏာ သြဇာ အလိမ်အညာ
————————————-

ထို့နောက် ၁၉၇၁ခုနှစ်တွင် ဒေါ်သြဘာသောင်း ကွယ်လွန်ခဲ့ရာ ထိုစီမံကိန်းကို ဒေါ်သြဘာသောင်း ကွယ်လွန်သွား၍ ရပ်ဆိုင်းရသယောင် အကြောင်းပြခဲ့ကြ၏။ တကယ်တော့ အချို့သော ပညာရှင်များနှင့် တာဝန်ရှိ သူများက နိုင်ငံတော်မူအဖြစ် မန္တလေးမူက နေရာရရှိသွားမည်ကို မလိုလားသောကြောင့် ဖြစ်သည်။ သို့သော် တာဝန် ရှိသူများက ရပ်ဆိုင်းစေကာမူ နောက်၇နှစ်အကြာ ၁၉၇၇ခုနှစ်တွင် မန္တလေးက စာပေ ပညာရှင်ကြီးများ ဖြစ်ကြသော လူထုဦးလှ လူထုဒေါ်အမာ၊ ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)နှင့် ဟံသာဝတီ ဦးဝင်းတင် တို့က ကူညီ တိုက်တွန်းမှုဖြင့် မခင်ဝင်းနွယ်နှင့် ခင်ပွန်း ဇော်ပုလဲတို့က ကိုယ့်စရိတ်ဖြင့်ပင် ဒေါ်သြဘာသောင်း၏ ကဗျာလွတ် ပထမဆင့်ကို ဓာတ်ပုံ ပန်းချီများနှင့်အတူ ပြန်လည် မှတ်တမ်းတင်သည်။ ထို မှတ်တမ်းစာအုပ်ကို မိမိတို့ဘာသာ စာအုပ်ထုတ်လုပ်ရန် ၁၉၇၈ခုတွင် သက်ဆိုင်ရာသို့ တင်ပြခွင့်ပြုချက်တောင်းခဲ့သည်။

ထိုအခါ ထိုစာအုပ်ထွက်ရှိလျှင် စာအုပ်ကို လူကြီးက တွေ့ရှိသွားပြီး ငါလုပ်ခိုင်းခဲ့တဲ့ဟာက မပြီးသေးဘူးလားဟု မေးဖွယ်ရှိလျှင် ငါးပါးမက သံဃာစင်ပါ မှောက်ကာ အိုးစားကွဲကြမှာမို့ ဇော်ပုလဲ ခင်ဝင်းနွယ်စာအုပ်ကို ပိတ်ဆို့ကာ သူတို့စာအုပ်ကို အလောသုံးဆယ် ထုတ်လိုက်ရခြင်းဖြစ်သည်။ ထိုရိုက်နှိပ်ပြီးသောစာအုပ်ကို ပြည်ထောင်စုနေ့ ညစာစားပွဲတွင် လူကြီးက မြင်တွေ့သွားပြီး ငါလုပ်ခိုင်းခဲ့တဲ့ အလုပ်လေ ဟု ဂုဏ်ယူပြောကြားခဲ့သဖြင့် အဆက်ဆက် တစ်နွယ်ငင် တစ်စင်ပါ ပါဝင်ပတ်သက် လိမ်ညာခဲ့သူများလည်း သက်ပြင်းချနိုင်ခဲ့ပြီပေါ့။ ဤသို့ဖြင့် ခင်ဝင်းနွယ် ၁၇နှစ်သမီးက ရိုက်ကူးခဲ့သည့် ကကွက်ပုံများကို ယခုတိုင် ပန်းချီဆရာများအတွက်သာ အသုံးဝင်ခဲ့ပြီး စာသားနှင့် ပုံအစီအစဉ်များ ဆိုးဆိုးဝါးဝါး အမှားမှားအယွင်းယွင်းနှင့် စာအုပ် ထုတ်ဝေခဲ့ခြင်း ဖြစ်ပါ၏။

စာအုပ်တစ်အုပ် တစ်အုပ်လုံး မင်နီအိုးထဲ စိမ်လိုက်ရသလို
——————————————————————

မမခင်ဝင်းမှာ သူ့ဓာတ်ပုံများနှင့် ထုတ်ဝေသည့် စာအုပ်က အမှားမှားအယွင်းယွင်း ဖြစ်နေသောအခါ မနေသာပြန်တော့ ကိုယ့်စာအုပ်ကို ကိုယ်ဘာသာ အုပ်ရေများစွာ ပြန်ဝယ်ပြီး တစ်အုပ်ချင်း အမှားများကို မင်နီဖြင့် တစ်မျက်နှာချင်း ပြင်ဆင်ကာ ပါတီဌာနချုပ်၊ ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ်၊ ယဉ်ကျေးမှု ဝန်ကြီးနှင့် ညွှန်ကြားရေးမှူချု့ပ် ညွှန်ကြားရေးမှူးများ၊ သတင်းစာတိုက်များ၊ သတင်းစာဆရာကြီးများနှင့် ပညာရှင်ကြီးများထံ ၁၉၈၀ ဖေဖော်ဝါရီနှင့် မတ်လအတွင်း တင်ပြအသိပေးခဲ့သည်။ ထို့နောက် ၁၉၈၀ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကဗျာလွတ်စာအုပ်ပါ ကကွက်များ ကိစ္စညှိနှင်းရန် ယဉ်ကျေးမှုဝန်ကြီးရုံးသို့ လာရောက်ရန် မမခင်ဝင်းတို့ ဇနီးမောင်နှံအား ဒု ဝန်ကြီးက ဆင့်ခေါ်ခဲ့သည်။ သွားပေဦး ကိုယ့်စာရိတ်နှင့် ကိုယ်ပေါ့။

ဤသို့ဖြင့် ဒီဇင်ဘာ ၂၇ရက် မနက် ရန်ကုန်သို့ရောက်သည်နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီးရုံးခန်း၌ ထုတ်ဝေထားသည့် စာအုပ်မှ အမှားအယွင်းများကို တစ်ချက်ချင်းအလိုက် ခင်ဝင်းနွယ်က ကိုယ်တိုင်သရုပ်ပြ၍ ရှင်းလင်းရာ ဝန်ကြီးက မှားယွင်းသည့် အချက်များကို မှားယွင်းသည်မှာ မှန်ကန်ကြောင်း သဘောတူခဲ့သည်။ ထိုသို့ ရှင်းပြသည်ကို ဝန်ကြီးဦးအောင်ကျော်မြင့်၊ ဒု – ဝန်ကြီး ဦးလှဖေ( ပြည်လှဖေ) နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကိုယ်ဖြစ်ချင်သလိုမှ မရလေတော့
————————————-

ထို့နောက် တနင်္လာနေ့ဖြစ်သော ဒီဇင်ဘာ ၂၉ရက်နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနက ထုတ်ဝေသော အဆိုပါ စာအုပ်ကို ဖျက်သိမ်းရန် သဘောတူခဲ့သည်။ နောက်ရက် ဒီဇင်ဘာ ၃၀ရက်နေ့တွင် ဆိုင်းငံ့ထားရန် ကန့်ကွက်ထားသည့် ဇော်ပုလဲ-ခင်ဝင်းနွယ် ပြုစုသော ကဗျာလွတ်အက (ဒေါ်သြဘာသောင်းမူ)စာအုပ်ကို ယဉ်ကျေးမှုဝန်ကြီးဌာနက ဝယ်ယူရန် ဆွေးနွေးခဲ့ကြရာ ပထမပိုင်းတွင် အဆင်မပြေခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် စာမူတွင်ပါရှိသော လူထုဒေါ်အမာ၊ ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) နှင့် ဦးဝင်းတင်တို့ အမှာစာများ ဖြုတ်ပေးရမည်၊ ပြုစုသူ ဇော်ပုလဲ-ခင်ဝင်းနွယ်ဟူသော နာမည် ဖြုတ်ပေးရမည် ဟူသော အချက်အပေါ် မမခင်ဝင်းတို့က သဘောမတူလို့ဖြစ်သည်။
ဤသို့ဖြင့် အစည်းအဝေးခေတ္တရပ်နားပြီး ထမ်းစားကြချိန် ဒ-ဝန်ကြီးဦးလှဖေ(ပြည်လှဖေ)က မမခင်ဝင်းတို့နှင့် ထမင်းအတုစား၍ အစိုးရ ဝန်ကြီးဌာန၏ ပေါ်လစီနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းပြရင်း တဖက်ကလည်း သူကိုယ်နှိုက်က အနုပညာသည်မို့ အနုပညာသည်အချင်းချင်း ယုံကြည်ချက်နှင့် ခံစားချက်ကို နားလည်သဘောပေါက်ပါကြောင်း၊ သို့သော် အစိုရဌာနနှင့်မူ ညှိနှိုင်း ကြရကြောင်း ဖျောင့်ဖျပြောဆိုခဲ့ရာ မမခင်ဝင်းတို့ဇနီးမောင်နှံကလည်း ဝန်ကြီးဌာန၏ အစီအစဉ်ကို လက်ခံပါကြောင်း သဘောတူခဲ့ကြတော့သည်။

ထို့ကြောင့် ဝန်ကြီးဌာနဘက်က ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ပြီး ၁၉၈၁ခုနှစ် ဇန်နဝါရီလ ၂၀ရက်နေ့တွင် အဆိုပါစာမူကို ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနက စာမူခ ငွေတစ်သောင်းကျပ်ဖြင့် အပြီးအပိုင်ဝယ်ယူကြောင်း စာချုပ်ခဲ့ပါသည်။ အဆိုပါစာချုပ်တွင် အမှာစာများမပါဝင်တော့ဘဲ ပြုစုသူ ဇော်ပုလဲ-ခင်ဝင်းနွယ် နာမည်လည်း မသုံးစွဲရ။ ကျေးဇူးတင်လွှာ၌သာ နာမည်ဖေါ်ပြမည်။ ကဗျာလွတ်နှင့်ပတ်သက်၍ နောက်ထပ် မည်သည့်စာမူမှ မပြုစုရ ဟူသော အချက်များကို သဘောတူလက်ခံပါကြောင်း မမခင်ဝင်းတို့ ဇနီးမောင်နှံက လက်မှတ်ထိုးခဲ့ရသည်။ ကဲ သူတို့ပြုစုသည့် ကဗျာလွတ်အက (ဒေါ်သြဘာသောင်းမူ) ဟူသော စာအုပ်ကို ယဉ်ကျေးမှုဝန်ကြီးဌာနကပဲ ထုတ်တော့မှာတဲ့။ သို့သော် …

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW