သူတို့အိမ် အခန်း (၂၁၄)

ဆူးငှက်
ရေခဲဝတ်နှင့် သရင်းကြီးရွက်
——————————-
သရက်ကုန်း လယ်တောအိမ်လေးမှာ အမေက ပျော်သည်။ ဒါတောင် သည်မိန်လေးသို့ စတင် ပြောင်းရွှေ့သည့် နေ့က မိုးတွေစွေနေတော့ ပြွန်တစ်လုံးဘက်က ဝင်သည့် လမ်းလေးမှာပင် ဗွက်ထကာ လမ်းတွေချော်နေ၏။ ကြံတိုင်းအောင် ကိုအောင်မင်း၏ ဗင်နတီကားလေးက အိမ်ဘက်ချိုးသည့် လမ်းပေါ်မှာပင် ကားက စလစ်ဖြစ်နေသည်။ ဘာမှမဝေးသည့် ပေ၁၀၀လောက်မှာပင် ကားက ရှေ့မရောက်နိုင်တော့။ လယ်မြေထဲတွင် ကျောက်အနည်းငယ်နှင့် ခင်းထားသည့် လမ်းမို့ မိုးရွာတာနှင့် စရနယ်ဖြစ်ကာ အစေးပေါက်တော့သည်။ သည်တော့ အိမ်ရှေ့ရောက်သည်နှင့် အမေ့ကို ကိုသန်းဦးက ပွေ့ခေါ်ကာ အိမ်ထဲပို့ရ၏။ သည်တွင်ပဲ အိမ်အဝင်မှာ ကိုသန်းဦးချော်လဲတော့ အမေ့ကို မထိအောင် သူက အနာခံလိုက်ရသေးသည်။ ကိုသန်းဦးပွေ့ထားသော အမေက အလန့်တကြားနှင့် လက်ထောက်လိုက်သောအခါ ညာဘက်လက်က အဆစ်လွဲသလား၊ အရိုး အက်သွားသလား မသိ အနည်းငယ်ကောက်သွားတော့သည်။
ထိုနောက် နောက်က တစ်ဆက်တည်း လိုက်လာသော ဒေါက်တာစောလှခိုင်က ချက်ချင်းစစ်ပေးပြီး ရေခဲတစ်တုံးဝယ်ကာ ရေခဲဝတ်ကို နာနာတင်သည်။ ဝါးခြမ်းနှင့် ကျပ်စည်းပြီးလည်း ရေခဲဝတ်ပဲ တင်စေသည်။ “ကိုကျော်ဆန်းရေ.. အမေကြီးက အသက်၉၀ဆိုတော့ ဆေးရုံတင်ပြီး ခွဲတာ စိပ်တာ စတီးချောင်းထည့်တာတွေ မလုပ်စေချင်ဘူးဗျ၊ ဒီတော့ အချိန်ရတိုင်း ရေခဲဝတ်ပဲတင်ပါဗျာ၊ သတိထားရမှာက ဘယ်ဒဏ်ကြေဆေးမှ မလိမ်းမိစေဖို့ပါပဲ။ ကျွန်တော် ညနေတိုင်း လာကြည့်ပေး ပါ့မယ်၊ မစိုးရိမ်ပါနဲ့” ဟု မှာ၍ ကိုက်ခဲလာမှ ပါရာစီတမော သောက်စေသည်။
ကျွန်တော်တို့လည်း ဆရာပြောသည့်အတိုင်း ရေခဲဝတ်ကို မပြတ်တမ်း တင်ပေးသည်။ အနည်းငယ် ကိုက်တာက လွဲလို့ ဘာမှ မဖြစ်။ နောက်ရက်ကျ မြောက်ဘက်အိမ် အန်တီစံ(ဒေါ်မြစံ) နှင့် သမီး မွန်မွန်စန်းတို့က သရင်းကြီးရွက်တွေ လတ်လတ်ဆတ်ဆတ်ခူးလာပြီး ညအိပ်ရာဝင်ချိန်တွင် ခိုက်မိသည့် လက်ပေါ် အရွက်၏ အကြောဘက်က စည်းပေးသည်။ ကျွန်တော်တို့က မနက်လင်းတော့ နွမ်းနေသည့် သရင်းကြီးရွက်တွေ ဖယ်လိုက်ကာ တစ်နေကုန် ရေခဲဝတ်တင် ပေး၏။ သည်လိုနှင့် တစ်ပတ်မှ မကြာခင် အမေ့ လက်က ဘာမှ မဖြစ်ခဲ့သလို အကောင်းပကတိ ဖြစ်သွားတော့သည်။
ငှက်ဆိုင်းသမားလေးတွေ
—————————
အိမ်မှာက လျှပ်စစ်မီးမရှိတော့ ၁၄လက်မတီဗီလေးလည်း ပုဆိုးအုပ်ထားရတာပေါ့။ အမေက မနက် အိပ်ရာထ မျက်နှာသစ်ပြီး သူကြိုက်သည့် အီကြာကွေးနှင့် ကော်ဖီလေးသောက်ပြီးတာနှင့် အိမ်ရှေ့မှာ ခုံလေးနှင့်ထွက်ထိုင်ပြီး ငှက်ကလေးတွေကြည့်ရင်း သူ့ရွာမှာ တွေ့ခဲ့ဖူးသည့် ငှက်ဆိုင်သမားအကြောင်း သတိတရ ပြောပြနေတတ်သည်။ “ငှက်လေးတစ်ကောင်က တကယ်ကယ်ကယ် လို့ အောတာ၊ သူက နှဲသမားလေ၊ သူ့နှဲသံပြီးတော့ နောက် တစ်ကောင်က ငှက်ကြေးနောင်သမား တိုးတီနောင်တိုးတီနောင်လို့ မြည်ပါလေရော၊ နောက်ဆုံးတစ်ကောင်က လင်ကွင်းသမားမို့ ဂျမ်းဟိုး တဲ့။ တကယ်ကယ်ကယ်၊ တိုးတီနောင် တိုးတီနောင်၊ ဂျမ်းဟိုး” ဟု ဆိုကာ အမေက သူ့ငှက်ဆိုင်းသမားလေးတွေ ဒီမှာလည်း ရှိလေမလား မျှော်နေတတ်သည်။
ဒီမှာက ချိုးလေးတွေရှိသည်၊ ဇရက်လေးတွေရှိသည်၊ စာလေးတွေရှိသည်၊ ဗျိုင်းအုပ် ရေဘဲအုပ် ရေကြက်အုပ်တွေရှိသည်။ ကျွန်တော်က ဓာတ်ခဲနှင့်ဖွင့်ရသည့် ဝပ်မင်း ကက်ဆက်လေးနှင့် မာမာအေးသီချင်းတွေ ဖွင့်လျှင် အမေက သဘောကျသည်။ ညမှာတော့ ဘက်ထရီမီးလေးပဲရှိကာ ကွင်းထဲမှာ အိမ်ခြေပါးတာမို့ စောစော တံခါးပိတ်သောကြောင့် အမေလည်း စောစော အိပ်ရာဝင်သည်။ အိပ်ရာထဲရောက်ပြီး အိပ်မပျော်မီ မမခင်ဝင်း အငြိမ်ထဲလိုက်စဉ်က ခေါင်းဆောင် မင်းသမီး ယုစန်းကြည်၏ သီချင်းကို ဆိုနေတတ်၏။ “မင်္ဂလာရှိသော လူထုအပေါင်းကို မိတ်ဆက်လာပါပြီ၊ ကျမ ယုစန်းကြည်၊ အရွယ်ရောက်လို့ အပျိုကြီး ဖြစ်လာပြီ၊ ရှာပုံတော်ဘန်းပြလို့ မေနဲ့မောင်နဲ့ နှစ်ယောက်တည်း ချစ်ချင်သည်၊ ဒေါ်ဒေါ်ကြည် ဒေါ်ဒေါ်ကြည် မောင်တို့ ချစ်တဲ့ မမဒေါ်ဒေါ်ကြည်” တဲ့။
“ဋ ဋ္ဌ ဍ” ၆ဗို့ ဘက်ထရီလေး
—————————-
အိမ်မှာသုံးသည့် ဘက်ထရီလေးက ၆ဗို့ဘက်ထရီလေး ဖြစ်သည်။ မနက်လင်းတာနဲ့ ဘက်ထရီလေးကို စက်ဘီးလက်ကိုင်မှာ ချိတ်ပြီး မြောက်ဘက် ငါးစခန်းနောက်ကျောရှိ ဦးလေးမောင်၏ အိမ်မှာ အားသွင်းဖို့ ပို့ထားရသည်။ ညနေစောင်းတော့ သွားယူရတာပေါ့။ ဦးလေးမောင် အိမ်မှာ အားသွင်းသည့် ဘက်ထရီတွေက အများကြီးမို့ ကိုယ့်ဘက်ထရီကို မမှားရအောင် ဘက်ထရီအိုးဘေးမှာ နံမည်တွေ ရေးထားကြသည်။ ကျွန်တော်က နံမည်ရေးလျှင် နံမည်တူတွေရှိနိုင်တာမို့ ကျွန်တော့် ဘက်ထရီအိုးဘေးမှာ “ဋ ဋ္ဌ ဍ” ဟုပဲ ရေးထားရာ ဦးလေးမောင်က ဘာ ဘာသာနဲ့ ရေးတာလဲကွ ဟု မေး၍ ကျွန်တော့် ဘက်ထရီကို မှတ်မိနေ၏။
ဘက်ထရီလေးက ကြာတော့ အားသိပ်မဝင်သောအခါ ဦးလေးမောင် လမ်းညွှန်လို့ ၁၉လမ်း မုန်တိုင်ဇရပ်အနီး ဦးရန်ကင်းလမ်းထဲက ဘက်ထရီပြင်ဆိုင်လေးမှာ အကန့်တွေ လဲရသည်။ ဘက်ထရီပြင်ဆိုင်လေးကလည်း သဘောကောင်းလှ၏။ ဘက်ထရီလေးကို သွားအပ်စဉ် စစ်ဆေးပေးတာရော ပြုပြင်ပေးတာရောက မိန်းမပျိုလေး တစ်ယောက်ဖြစ်သည်။ ထိုသို့ ပြင်ပြီးတော့ ဘက်ထရီလေးက အသစ်အတိုင်း ကောင်းမွန်သွား၏။
မီးကို မျှော်သည်၊ မျှော်သည်
—————————-
ဤသို့ဖြင့် ဘက်ထရီလေးနှင့်ပဲ နေထိုင်ရင်း ကွင်းထဲက အိမ်နီးချင်းတွေနှင့် စကားစပ်မိပြီး လျှပ်စစ်မီတာ လျှောက်ကြဖို့ တိုင်ပင်ဖြစ်သည်။ အိမ်နီးချင်းဆိုတာကလည်း များများစားစားမရှိ၊ မြောက်ဘက်က အန်တီစံ၊ ဟိုအရှေ့ဘက် ၃ဝိုင်းကျော်လောက်က ခင်ခင်အောင်တို့အိမ်ရယ်၊ သူ့အိမ်မြောက်နား ၂ဝင်းကျော်လောက်က သူ့မောင် ကိုဇော်ဝင်း အိမ်ရယ်မို့ ကျွန်တော်နှင့်က ၄အိမ်ပဲရှိသည်။ သည်လိုနှင့် ၄ဦးသား စုပြီး မြောက်ပြင် တိုင်းရင်းဆေးဆေးရုံနားက လျှပ်စစ်ရုံးမှာ စုံစမ်းတော့ ကျွန်တော်တို့နေရာက သတ်မှတ်အကွာအဝေးထဲ မဝင်ဘူးတဲ့။ ဒါကြောင့် မီးလိုင်းအသစ် သွယ်ရမယ်တဲ့။ သည်တော့လည်း ရုံမှာပဲ ၄ဦးသား ခေါင်းချင်းဆိုင်ပြီး လိုင်းသစ်သွယ်ဖို့ သဘောတူကာ ရုံး၏ အစီအစဉ် ရုံး၏ အကုန်အကျအတိုင်း လိုင်းသစ်ဆွဲဖို့ အပ်နှံခဲ့ကြသည်။ တစ်ဆက်တည်းပဲ မှတ်ပုံတင်ကြေး ငွေ၁၀ဝိ သွင်းကာ မီတာလျှောက်လွှာတွေလည်း တင်ခဲ့ကြပါ၏။ မှတ်မှတ်ရရ ၂၀၀၀ခုနှစ် ဇူလိုင် ၁၄ရက်နေ့ပါပဲ။
သည်လိုနှင့် လျှပ်စစ်မီတာ အိပ်မက်မက်မက်လိုက်တာ နောက်တစ်နှစ်အကြာ ၂၀၀၁ခု ဇူလိုင်၁၃ ရက် ရောက်မှ မီးလိုင်းအသစ် လာဆွဲသည်။ မြောက်ဘက် ပြွန်တစ်လုံးက အရှေ့တက်လာသည့် လမ်းထပ်မှသည် ဆင်လမ်းအတိုင်း တောင်သို့ ကျွန်တော့ အိမ်ထိပ်မှာ အရှေ့တက်ပြီး ခင်ခင်အောင်တို့ လမ်းထိပ်အထိ ဖြစ်သည်။ လိုင်းအသစ်တော့ ဆင်ပြီးပြီ မီတာကတော့ ဘယ်ဆီမှန်းမသိသေး၊ ထို့ကြောင့် လျှပ်စစ်ရုံးသို့ သွားစုံစမ်းတော့ ကွင်းဆင်းပါ့မယ်တဲ့။ တစ်လလည်းမဆင်း ၂လလည်း မဆင်း နှင့် တစ်နှစ်လောက်ကြတော့ ကျွန်တော်က အရဲစွန့်ပြီး ပုဆိုးအသစ်တစ်ထည် ကျွန်တော့် ဆောင်းပါးတွေ ဝတ္ထုတွေ စုစည်းထုတ်ဝေထားသည့် မန္တလေးမျဉ်းဖြောင့်များ၊ တစ်ဝက်မန်ကျည်းပင် ဝတ္ထုတို ပေါင်းချုပ်၊ ဇာတ်လမ်းဝတ္ထုတိုစု စာအုပ်၃အုပ်နှင့်အတူ မြို့နယ်ဦးစီးမှူးထံ ဝင်တွေ့ပြီး မီတာလျှောက်လွှာတင်ထားတာ ၂နှစ်ရှိပြီဖြစ်ကြောင်း ဦးစားပေးအနေနှင့် ချထားပေးပါရန် ပန်ကြားခဲ့သည်။ သူက ကျွန်တော့်စာအုပ်တွေကို ဟိုသည်ကိုင်ကြည့်ပြီး အရင်လျှောက်လွှာ အစား အခု အသစ်ထပ်လျှောက်လိုက်ပါဟုပဲ ပြောလို့ ကျွန်တော်လည်း (၃၁.၇. ၂၀၀၂) ရက်စွဲဖြင့် လျှောက်လွှာအသစ် လျှောက်ပြီး တိုကငအသစ် ထပ်ယူခဲ့ရပြန်သည်။
နောက် မကြာပါ။ တစ်ပတ်အတွင်းမှာပင် ကျွန်တော်တို့ မီးလိုင်းအသစ်မှာ မီတာတစ်လုံးကျလို့ဟု ဆိုပြီး လျျှပ်စစ်ရုံးက လိုင်းမင်းနှင့် လုပ်သားတွေ ရောက်လာလို့ ကျွန်တော်တို့မှာ ဒီ၄ယောက်ထဲက ဘယ်သူရရ ဝမ်းသာကြမိသည်။ ခင်သော်ဇင် ကတော့ “ခင်ဗျားက စာရေးဆရာဆိုတော့ ဦးစားပေးအနေနဲ့ မီတာချပေးလိုက်တာနေမှာ” ဟု ကျွန်တော့်ကို တိုးတိုးကပ်ပြောသည်။ ကွင်ဆင်းလာသည့် လျှပ်စစ်လိုင်းမင်းက ရုံးကပေးလိုက်သည့် စာရွက်စာတမ်းတွေကို ဖြန်ကာ စစ်သည်။ “နေဦး ဒါက အနှိပ်တော်ပိုင်နော်၊ သရက်ကုန်း ကွင်းအမှတ် ၄၉၂၊ မီတာပိုင်ရှင် နံမည်က..” ဟုဆိုကာ စာလုံးပေါင်း ဖတ်နေသည်။ ခင်သော်ဇင်က ဦးကျော်ဆန်းဟု ပြောစေချင်သည်။ ကျွန်တော်က ရင်ခုန်နေသည်။
ဦးစားပေး မီတာတဲ့
——————–
လျှပ်စစ်ရုံး လိုင်းမင်းက သူ့လက်ထဲရှိ စာရွက်စာတမ်းများထဲက နံမည်တစ်လုံးကို ရှာနေစဉ် ကျွန်တော်က ရင်ခုန်စွာ စောင့်နေရသည်။ သူက ငုံ့ကြည့်နေရာက ဖျပ်ခနဲ မော့ကြည့် ပြီး ခင်ဗျားက စစ်ပြန်စစ်မှုထမ်းဟောင်းလား ဟု မေးသည်။ ကျွန်တော်က ခေါင်းရမ်းပြီး မဟုတ်ပါဘူးဟု ဖြေလိုက်သည်။ သူက အခုမီတာချပေးလိုက်တာက စစ်ပြန်စစ်မှုထမ်း ဟောင်းဗျ၊ နေဦး တွေ့ပြီ၊ ဦး…….တဲ့ ဟုဆိုတော့ ဘေးနားမှာ ဝိုင်းကြည့်နေကြသူထဲမှ တစ်ယောက်က ဟာ.. အဲ့ဒါ ဒီလမ်းအတိုင်း ရှေ့ဆက်သွားလိုက်၊ ရှေ့လမ်းကျော်ရင် ညာဘက်ကခြံ၊ ရှေ့မှာ ဆိုင်းဘုတ်လေးရှိတယ်ဟု ညွှန်လိုက် သည်။ သည်တော့မှ ကျွန်တော်အပါအဝင် မွန်မွန်စန်းရော ခင်ခင်အောင်ရော ကျွန်တော်တို့ လျှောက်ထားတာ ကြာပြီ၊ ဒီမီးလိုင်းကလည်း ကျွန်တော်တို့ ဆွဲထားတာ ဟူသော အသံများဖြင့် တုံ့ပြန်ကြသည်။ လိုင်းမင်းက အဲ့ဒါတော့ ကျွန်တော် မသိဘူးလေ၊ ခင်ဗျာတို့ ရုံးသွားပြီးမေးကြပါ။ ကျွန်တော်က ကျလာတဲ့ မီတာကို ချိတ်ပေးတာပဲ တတ်နိုင်တာဗျ တဲ့။
အခုတော့ ကျလာသည့် မီတာ အဆင်သင့် တပ်ဆင်နိုင်ဖို့ ကျွန်တော်တို့က အကုန်အကျခံ လိုင်းဆွဲပေးရသလို ဖြစ်နေသည်။ ကျွန်တော်ကတော့ သက်ပြင်းချရုံပဲ တတ်နိုင်သည်။ မိန်းမတွေကတော့ ရုံးသွားကြမတဲ့။ ခင်သော်ဇင်က လိုက်သွားမတဲ့။ သည်လိုနှင့် စက်ဘီးကိုယ်စီထုတ်၍ ဟို မြောက်ပြင် တိုင်းရင်းဆေးရုံနားက လျှပ်စစ်ရုံးသို့ ပြေးကြပြန်၏။ ပြန်လာတော့ မြို့နယ်မှူးတော့ မတွေ့ရဘူးတဲ့၊ သူ့လက်အောက်ကလူတွေ့တော့ မီတာက တ.ယ.က ရုံးကပဲ ဦးစားပေးမီတာဆိုပြီး ချပေးတာတဲ့။ မြန်မြန်ရချင်ရင် တ.ယ.က ရုံးကို သွားပါ၊ ဦးစားပေးမီတာ လျှောက်ပါတဲ့။ သည် အဖြေ စကားပဲ ရခဲ့သည်။ တ.ယ.က ရုံးတဲ့။ တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး၊ သည်ရုံးက နန်းတွင်းမှာပဲ ရှိသည်။ ကျွန်တော်ဖြင့် တစ်ခေါက်မှ မရောက်ဖူး။ အဆက်အစပ်လည်းမရှိ။ ခင်ခင်အောင်ကတော့ သူ့ဦးလေး တစ်ယောက်နှင့် ဆက်စပ်နိုင်သတဲ့။ သူ့မီတာအတွက်တော့ ထိုဦးလေးကတဆင့် လိုက်မယ်တဲ့။ ကျွန်တော်ကတော့ စိတ်ဒုံးဒုံး ချလိုက်ပါပြီ။ ဘက်ထရီလေးနှင့်ပဲ နေတော့မည်။
ညနေစောင်းလျှင် ဝါးလုံးကိုယ်စီ
——————————–
သည်လိုနှင့် ၂လလောက်နေတော့ မီတာမပါဘဲ ကြိုးလိုင်းကတဆင့် မီးတိုက်ရိုက်သွယ်လို့ရတယ် မီတာစာရေးကို တစ်လ ၁ထောင်ပေးရမယ်ဆိုပြီး အသီးသီးတိုက်ရိုက် သွယ်ကြသည်။ သည်မိုးခါးရေကို ကျွန်တော်လည်း သောက်ရပြီပေါ့၊ မတတ်နိုင်၊ သားအကြီးက ၁၀တန်း၊ အငယ်က ၈တန်းရောက်ကြပြီ။ ကျွန်တော်ကလည်း စာလေးပေလေး ရေးချွတ် နေသေးသည်။ မီးကို တိုက်ရိုက်သွယ်တော့ ဝါးလုံးရှည် တစ်လုံးဆောင်ထားကာ ထိပ်မှာခွလေး ထွင်းထားရသည်။ ကြေးနန်းအချွန်လေး စိုက်ထားရသည်။ နေ့ပိုင်း ဖြုတ်ထား၊ ညနေမှောင်စပျိုးချိန် ဝါးလုံးနှင့် ထိုးချိတ်၊ မီးတစ်လိုင်း အောက်လျှင် နောက်တစ်လိုင်း ပြောင်းချိတ်နှင့် အဆင်ကို ပြေလို့။
တစ်ခုတော့ရှိသည်၊ စီမံချက်ရှိလို့ဟုဆိုကာ လာဖမ်းလျှင်တော့ ၅ထောင်ကျပ် ဒဏ်ဆောင်ရသည်။ ဒါလည်းမဆိုးလှ၊ ၄လ ၅လ တစ်ကြိမ်လောက်မှ စီမံချက်ဟု ဆိုကာ လာတာကိုး။ သူတို့လာချိန် ဒါဏ်ဆောင်လိုက်ရုံပေါ့။ သည်တော့ လစဉ်ကြေးနှင့် ဒဏ်ကြေးနှင့် ဆိုတော့ ၅လကို ၁သောင်းလောက်တော့ ကျသင့်တာပေါ့။ ကိုင်း ဘယ်ရုံးမှ သွားပြီး သူတို့မကြားဖူး အရေးမပါသည့် ဆူးငှက် နံမည်ပြောကာ အောက်ကျနောက်ကျ မခံတော့။ ၅လ ၁သောင်းအတွက် ငွေလေးစုပြီး ဝါးလုံးထိုးမီးပဲ သုံးလိုက်တော့သည်။
မီတာအတွက် အစို့အညှောက်လေးတစ်ခု
———————————————-
တစ်နေ့သား စကားစပ်မိလို့ အစ်မတစ်ယောက်က သူ့လုပ်ငန်းမှာ တ.ယ.က က လူတွေ လာတတ်တယ်။ သူတို့က တစ်လတစ်ခါဆိုသလို လပတ်အစီရင်ခံစာတွေ စာရင်းတွေအတွက် ကွန်ပျူတာလာစီတယ်။ သူတို့ စာတွေ စာရင်းတွေက တစ်နေကုန် ၃ရက်လောက် စီပေး စစ်ပေး ပရင့်တွေ ထုတ်ပေးရတော့ သူတို့က အလုပ်စာပွဲလာလိုက် ဘီယာ သွားသောက်လိုက်နဲ့ ရင်းနှီးနေပြီ။ သူတို့ကို မီတာကိစ္စမေးပေးမယ်ဟု ပြောသည်။ ထိုအစ်မက ဆက်ပြောသည်။ သူတို့နံ့ပါလာတဲ့ စာရေးမတွေကလည်း အလုပ်ကို ထိုင်စောင့်ကြရင်း ပြောကြတဲ့ စကားတွေက ကားမော်ဒယ်တွေနဲ့ ဈေးနှုန်းတွေ အကြောင်းချည်း၊ မေမေက သူတို့ပြောတာတွေ ကြားတော့ အဲ့ဒီမိန်းမတွေက ကားပွဲစားတွေလား မေးလို့ မဟုတ်ဘူးမေမေ တ.ယ.က ရုံးက စာရေးမတွေဆိုလို့ မေမေက အံ့သြနေတာကွယ့်။ ဒီတစ်ခါ သူတို့လာရင် မီတာကိစ္စ မမ မေးပေးမယ် ဟု ဆိုလို့ မီတာ အမြစ်လေး အစို့အညှောက် ထပ်ထွက်လာပြန်ပြီ။
သည်လိုနှင့် တစ်ပတ်လောက်နေတော့ ထိုအစ်မထံက အကြောင်းကြားလာ၏။ ဒီအချက်အလက်လေးတွေနှင့် လျှောက်လွှာရေးလိုက်ပါ။ ထို့နောက် ထို တ.ယ.က စာရေး၏ အိမ်သို့ ထိုလျှောက်လွှာ လာပေးထားပါ။ သူ အကြောင်းကြားသည့် ရက်တွင် ရုံးသို့ လာခဲ့ပါတဲ့။ သြော်.. အရေးကြီးတာ တစ်ခုပါသေးသည်။ သူ့အိမ်သို့ လျှောက်လွှာ သွားပေးလျှင် ရမ်တစ်ပုလင်းရော ယူသွားလိုက်ပါတဲ့။ အစ်မက ပိုသေချာအောင် လျှောက်လွှာထဲ ပါရမည့် အချက်အလက်များနှင့် ရမ်တစ်ပုလင်းကိုပါ စာလေးရေးပြီး ကျွန်တော့်ကို ပေးလိုက်သည်။ မခဲယဉ်းပါ၊ သည်တော့ လျှောက်လွှာကို ကိုယ်တိုင် ရေးပြီး ရမ်တစ်ပုလင်းဝယ်ကာ ပေးထားသည့် လိပ်စာအတိုင်း လျှောက်လွှာ သွားပေး လိုက်တော့သည်။
နောက်တော့ သူ့အိမ်သို့ အကြိမ်ကြိမ်သွားပြီး မီတာလျှောက်ထားသည့် ကိစ္စကို မေးမြန်းစုံစမ်းရသည်။ ထိုသို့ မေးမြန်းရသည်မှာ ၅ကြိမ်မကတော့မှ သောကြာနေ့ ညနေ ရုံးမဆင်းမီ ရုံးကိုလာခဲ့ပါတဲ့ဟု အဖြေရတော့သည်။ ထို့ကြောင့် သောကြာနေ့ ညနေ ၃နာရီခွဲလောက်ကတည်းက စက်ဘီးလေးနှင့် နန်းတွင်းရှိ တ.ယ.က ရုံးသို့ သွားရသည်။ တစ်ကြိမ် တစ်ခါမှ မရောက်ဖူးသည့် ရုံးကို မေးမြန်းစုံစမ်းပြီး ရောက်သွားသည်။ ရုံးရောက်တော့ သူ့ကို အခန့်သင့်တွေ့ပါ၏။ ခဏစောင့်ပါဟု ပြောပြီး သူက ဖိုင်တွေ စာအုပ်တွေနှင့် အလုပ်ရှုပ်နေသည်။ ၄နာရီကျော်တော့ အချို့လည်းရုံးဆင်းကြပြီ။ ကျွန်တော်က သူမေ့သွားမှာစိုးလို့ သူမြင်လောက်သည့် နေရာက အကြိမ်ကြိမ် လူရိပ်ပြနေရသည်။ သူက သူ့စာပွဲမှာ အလုပ်ရှုပ်လိုက် အခြားစာပွဲသွားပြီး တိုးတိုးကပ်က စကားပြောလိုက်နှင့် အလုပ်များဆဲ ဖြစ်ပါ၏။
နောက် နာရီဝက်လောက်နေတော့ သူက ကျွန်တော့် လျှောက်လွှာလေးကိုင်၍ ထွက်လာသည်။ ကျွန်တော့်ကို မျက်ရိပ်ပြပြီး ရုံးအပြင်ဘက် ဝရံတာထောင့်ချိုးလေးနား ခေါ်သွားသည်။ ထို့နောက် သူက ချောင်းတစ်ချက် ဟန့်လိုက်ပြီး “မီတာတွေက အရင်လို သိပ်အဆင်မပြေလှဘူးဗျ၊ ကျွန်တော်လည်း အစ်မကြီးမျက်နှာနဲ့မို့ အဆင်ပြေအောင် လုပ်ပေးလိုက်ပါမယ်။ ရုံသွင်းရမယ့် တန်ဖိုးတို့ ကန်ထရိုက်ကြေးတို့တော့ မပါဘူးနော်၊ ၃သိန်းတော့ ပေးရမယ်၊ အကယ်၍ အဆင်ပြေမယ်ဆိုရင် အခုတစ်ခါတည်းပေးခဲ့ပါ။ အဆင်မပြေသေးရင် ရှေ့အပတ် သောကြာမတိုင်ခင် အိမ်ကို ၃သိန်းလာပေးထာပါ” တဲ့။ ကိုင်း ကျွန်တော် ဘာလုပ်ရမည်နည်း။ အခု အိတ်ထဲမှာက ၃ကျပ်ကျော်ကျော်ပဲပါသည်။ အိမ်မှာရှိတာက ငွေ၃ထေင်ပင်မပြည့်။ မိတ်ဆွေတို့ အကြံပေးကြပါဦး။
ဆူးငှက်

Related posts

VOM News

FREE
VIEW