သူတို့အိမ် အခန်း (၂၂၀)

ဆူးငှက်

 

တယ်လီဖုန်းဆိုတာ သူဌေးပစ္စည်းပါ
—————————————
ထိုခေတ် ထိုအချိန်အခါက လျှပ်စစ်မီတာထက် ရှားပါးတာက တယ်လီဖုန်း ဖြစ်သည်။ ဒါတောင် ၁၉၈၀ကျော် ကာလတွင် ဒီဂျစ်တယ် တယ်လီဖုန်းစံနစ် ပြောင်းလဲပြီးနောက် တယ်လီဖုန်းတွေ ချထားပေးသည်။ သို့သော် ထိုတယ်လီဖုန်းတပ်ဆင်ခွင့် ရဖို့ဆိုတာ ဒုလ္လဘ တရားကြီးဖြစ်သည်။ ဦးစားပေးအနေနှင့် ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများ၊ သမဝါယမ အသင်းအဖွဲ့များ အငြိမ်းစား အရာရှိကြီးများပဲ ရရှိသည်။

 

အပြင် ပုဂ္ဂလိက များကို ချထားရန် လျှောက်လွှာများခေါ်ယူသောအခါ စီလမ်းစာတိုက်ကြီးမှာ အနောက်တောင် ကျုံးထောင့်က ကြေးနန်းရုံးမှာ ညအိပ်ပင် တန်းစီ၍ တယ်လီဖုန်းလျှောက်လွှာတင်ကြရသည်။ ထောင်ချီ၍ တန်းစီကြသူများထဲက တယ်လီေုန်းရသူဆိုသည်မှာလည်း ရှာမှရှား ဖြစ်သည်။ ချပေးသည့် တယ်လီဖုန်းအများစုက ဦးစားပေးအနေနှင့် ကြိုတင ်ရရှိထားကြသည်။ ထိုစဉ်ကာလ တယ်လီဖုန်းဟူသည် တကယ့် လူချမ်းသာ အသုံးအဆောင် ဖြစ်ပါ၏။ တော်ရုံလူ အနားမကပ်နိုင်သည့် ပစ္စည်းလည်း ဖြစ်သည်။

 

 

ပိုက်ဆံ မအမ်းနိုင်လို့ ယူခဲ့တဲ့ လျှောက်လွှာ
——————————————-
ထို့နောက် ဆယ်လူလာတဲ့။ ဒါကလည်း အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များ အဆင်တန်ဆာ ဖြစ်ခဲ့ပါ၏။ နောက်တော့ GSM တဲ့။ GSM တွေပေါ်လာတော့ အလုံးအရင်းနှင့် ချပေးမည်ဟုဆိုကာ လျှောက်လွှာများ တင်ကြရပြန်သည်။ ထိုကာလ၌ စီလမ်းစာတိုက်ကြီးသို့ စာမူတစ်ပုဒ် အမြန်ချောပို့သွားရင်း GSM တယ်တီဖုန်း လျှောက်လွှာတွေ ရောင်းနေတာ တွေ့သည်။ ဘာရယ်မဟုတ် အမြန်ချောပို့ခပေးစဉ် အအမ်းငွေမရှိလို့ ပိုသည့်ပိုက်ဆံ မထားခဲ့ချင်သောကြောင့် ကောင်တာမှာ ရောင်းနေသည့် GSM လျှောက်လွှာကိုပဲ ယူခဲ့သည်။
နောက်တော့ လျှောက်လွှာကို ဒီအတိုင်းထားရမည့်အတူတူ အချက်အလက်တွေဖြည့်ပြီး စာအိတ်ထဲထည့်၍ တံဆိပ်ခေါင်းကပ်ကာ စာတိုက်ပုံးထဲ ထည့်ထားခဲ့၏။ သွာကရော့ အမှိုက်ခြင်းထဲဟု သဘောထား လိုက်ပါသည်။ ဘယ့်နှယ် ကြိုးဖုန်းတောင်မှ ညအိပ်တန်းစီပြီး လူထောင်ချီ လျှောက်လွှာတင်ကြတာ တစ်ထောင်မှာ တစ်လုံးရဖို့ အနိုင်နိုင်လေ။ အခုဟာ လက်နှိပ်စက်နှင့် ရိုက်ထားပြီး ကောပီအထပ်ထပ် ကူးထားတဲ့ မင်မှိန်မှိန် စက္ကူညံ့ညံ့ လျှောက်လွှာလေးမှာ အချက်အလက်တွေ ဖြည့်၊ ပို့ရမည့် လိပ်စာရေးပြီး အိတ်ထဲထည၊့် တံဆိပ်ခေါင်းကပ်၊ စာတိုက်ပုံးထဲ ထည့်လိုက်သည်က အမှိုက်ပဲဖြစ်မှာသေချာသည်။ စာတိုက်ပုံးထဲ စာအိပ်ထည့်ပြီးကတည်းက ထိုကိစ္စက ပြီးသွားပါပြီ။ ခေါင်းထဲလည်း မရှိတော့၊ မေ့ပြီ။

 

 

သတင်းထူး သတင်းကောင်းတဲ့
——————————-
သည်လိုနှင့် လအချို့ကြာပြီး တစ်ရက်သား တစ်မနက်ခင်းတွင် မဟာနန္ဒာ ကိုမျိုးဝင်းက သူ့ဆိုင်ကယ်လေးနှင့် သရက်ကုန်းအိမ်သို့ ရောက်လာ၏။ အခါတိုင်းလည်း သူရောက်လာတတ်ကာ နန်းဦးလွင် မိသားစုကဖေးသို့ ချီတက်ကြသည်ချည်း ဖြစ်သည်။ အခုလည်း သူရောက်လာလို့ မိသားစုသွားရအောင် ဆိုတော့ သူက သတင်းစာတိုက်က အချိန်လုထွက်လာရတာ မသွားတော့ဘူးဗျ၊ ခင်ဗျား ထန်းရိပ်ညိုမှာ ရှိမယ်မှတ်လို့ ဝင်ကြည့်သေးတယ်။ မလာတာကြာပြီဆိုလို့ အိမ်လိုက်လာတာ၊ ခင်ဗျားကို သတင်းထူး တစ်ခုပြောမလို့ဗျ၊ ခင်ဗျား GSM တယ်လီဖုန်း ရတော့မှာ ဟု ပြောသည်။

 

ကျွန်တော်က မဖြစ်နိုင်တာဗျာ၊ ကျွန်တော့်လိုလူက GSM အနားမကပ်နိုင်ပါဘူး ဟု ပြန်ပြောသောအခါ လောင်းကြေး စားကြေးလေဗျာ၊ ဘယ့်နှယ်လဲ၊ ရရင် ကျွန်တော်ထုတ်ယူလိုက်ရမလားတဲ့။ ကျွန်တော့်မှာ ယုံရ ခပ်ခက်ခက် ဖြစ်နေသည်။ ထို့ကြောင့် သူက ကျွန်တော့် လက်မောင်းကို ကိုင်ပြီး အသံခပ်တိုးတိုးဖြင့် အတွင်းရေးမှူးကြီးက ခင်ဗျားလျှောက်လွှာ တွေ့လို့ သူက ချထား ပေးထားတယ်တဲ့။ ဘယ်သူ့မှတော့ မပြောပါနဲ့ဦးတဲ့။ လျှောက်လွှာမှာ ဆူးငှက်ဆိုတာ တွေ့လို့ ချပေးလိုက်တာတဲ့ ဟု ပြောသည်။ ကျွန်တော့်မှာ အံ့သြသွားရုံမက တုန်လှုပ်၍ပင်သွားသည်။ တုန်လှုပ်သည်ဆိုတာက ဝမ်းသာလို့မဟုတ်၊ ငါ့ကလောင်ကို စောင့်ဖတ်နေကြပါလား၊ ကြိုက်သူ မကြိုက်သူတွင် မကြိုက်သူ၏ မကြိုက်မှုက အထုအထည်ဖြစ်ကာ အညှိုးအတေးများ ဖြစ်နိုင်ပါလားဟု တွေးမိခြင်း ဖြစ်သည်။

 

 

အောင်စာရင်းက ပေါက်ကြားနေပြီတဲ့
————————————–
ကိုမျိုးဝင်းကသာ အတွင်းရေးမှူးကြီးက ဘယ်သူ့မှ မပြောပါနဲ့ဦးဟု ဆိုသည်။ အပြင်မှာက အတော်များများသိနှင့် နေကြပြီ။ သိမှာပေါ့ GSM ဖုန်းတစ်လုံးရဖို့ အမြဲမပြတ် စုံစမ်းကြိုးပမ်းနေသူချည်း မဟုတ်ပါလား။ သူတို့က ရုံးသို့ မပြတ်သွားကာ စောင့်ကြည့်နေကြသည်။ နောက်ဆုံး ချထားပေးသည့် စာရင်းကိုပင် ကြည့်ခဲ့ရပြီး ကူးယူလာကြသည်။ သည်ထဲမှာ ကျွန်တော့်နံမည်ကို တွေ့ကြတာတဲ့။ မြို့မိမြို့ဖ စာရေးဆရာ သတင်းစာဆရာ ဆရာမကြီးတွေ အနုပညာရှင်တွေလည်း ပါသတဲ့။ ထိုနာမည်ကြီးများတွင် ကျွန်တော်က မဖြစ်စလောက်နှင့် ညှပ်ပါနေပုံရသည်။

 

 

ထို့ကြောင့် ကျွန်တော့်ကို တွေ့သူတွေက ခင်ဗျားက စက်ဘီးလေးစီးပြီး ဖုန်းလာရင် လမ်းဘေး စက်ဘီးရပ် ဖုန်းပြောဦးမှာလား၊ ရောင်းလိုက်ပါဗျာ၊ အပြင်မှာ ဈေးကောင်းရနေတာကို ဟု ပြောသလို၊ တယ်လီဖုန်းဆိုတာ စီးပွားရေးသမားအတွက် မရှိမဖြစ်လိုအပ်တာ၊ ဘယ့်နှယ် စာရေးဆရာတွေကို မလိုအပ်ပဲ ချပေးရတာလဲ၊ ခက်တာပဲဟု ခနဲ့သူက ခနဲ့သည်။ ကျွန်တော်ကတော့ ရသည်ဆိုတာ မယုံသေး။ အကယ်၍ ရတာဟုတ်လျှင်လည်း ဘယ်လောက်ရရ မရောင်း၊ ကိုင်မည်ဟုပဲ ဆုံးဖြတ်ထားသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော့အဖို့ တစ်ကြိမ်တစ်ခါမှ စိတ်ကူးထဲတွင် မထည့်ဝံ့ခဲ့သေယ တယ်လီဖုန်းကို အစိုးရက ချထားမှသာ ရနိုင်မည်။ အပြင်ပေါက်ဈေးနှင့် ဘယ်သောအခါမှ ဝယ်ကိုင်မှာ မဟုတ်သောကြောင့် ဖြစ်ပါ၏။

 

 

ရလိမ့်နိုးနိုးငယ်မျှော်
——————–
ထိုသတင်းကြားပြီး နောက် တစ်လအတွင်းမှာပင် GSM တယ်လီဖုန်းတွေ ချပေးပါပြီ။ ၅သိန်းသွင်းရသတဲ့။ ချပေးလို့ လက်ဝယ်ရရှိသူများပင်ရကြပါပြီ။ အထူးသဖြင့် ကျွန်တော်သိသော သတင်းစာဆရာ စာရေးဆရာ ဆရာမကြီး တွေ၊ အနုပညာရှင်တွေလည်း ရကြပါပြီ။ ကျွန်တော့်ထံသို့ ဘာ အဆက်အသွယ်မှမလုပ်၊ ဘာအကြောင်းကြား စာမှ မရောက်။ ဘာ့လို့ မရောက်သေးတာလည်း မမေးဝံ့။ ရသည်ဟူသောစာရင်းက တရားဝင် ထုတ်ပြန် အသိပေးတာမှ မဟုတ်တာ။

 

သည်တော့ သွားမေးကြည့်ရင် ခင်ဗျားရတယ်ဆိုတာ ဘယ်သူက အတည်ပြုထားလို့လဲဟု ပြန်မေးလိုက်သော် အရှက်ကွဲ ဦးမည်။ သည်တော့ မသိသလိုဘဲ တိတ်တိတ်နေရ၏။ သည်လိုနှင့် နှစ်ချီကြာသွားပြီ။ တယ်လီဖုန်းမပြောနှင့် နို့ဆီခွက်ပင် မရခဲ့။ သည်လိုနှင့် တစ်ရက်သား အစ်ကိုဝမ်းကွဲ ဖြစ်သူ ကိုမြင့်ဆွေ(နီမင်းဆွေ) နှင့် လူထုတယ်လီဖုန်းကတဆင့် စကားပြောဖြစ်တော့ ကျွန်တော် GSM တယ်လီဖုန်း ရသည်ဟူသော ကောလာဟလ အကြောင်း စကားစပ်မိသည်။ သူက အဲ့ဒီဖုန်းကိုဘယ်သူကချပေးတယ်လို့ မင်းကြားတာလဲဟု မေးသည်။ သည်တော့ ကျွန်တော်က ကြားသည့် အတိုင်း အတွင်းရေးမှူးကြီးနံမည်ပြောတော့ အစ်ကို ဟာ.. ဒါဆို ငါ ကိုပု ကို မေးကြည့်ပါဦးမယ်ဟု ဆို၏။ သည်နောက်လည်း ပြီးပြီးပျောက်ပျောက်ပါပဲ။

 

 

အစိုးရ ဆန့်ကျင်သူတဲ့
————————–
နောက်တော့ ကိုမြင့်ဆွေက ကျွန်တော့်ကို ရယ်ကာ မောကာ လှမ်းပြောသည်။ “ငါက ကိုပု ဖုန်းနံပတ် စုံစမ်းပြီး မေးကြည့်တော့ ကိုပု က သြော် ဆူးငှက်က ကိုမြင့်ဆွေ ညီကိုး၊ အမလေး ခင်ဗျားညီကို တယ်လီဖုန်းလေး ချပေးမိပါတယ်၊ ကျွန်တော့်မှာ အတိုင်ခံရသဗျ၊ လျှောက်လွှာတွေ စစ်လိုက်တော့ ဆူးငှက်ဆိုတာတွေ့တော့ ဒို့မန္တလေးအကြောင်း တစိုက်မတ်မတ် ရေးနေတဲ့သူဆိုပြီး ကျွန်တော်က ချပေးလိုက်တာဗျ။ အဲ့ဒါကိုဗျာ သူတို့လို အကျိုးပြုစာတွေ ရေးတဲ့ သူတွေကျ ချမပေးဘဲ အစဉ်တစိုက် အစိုးရ ဆန့်ကျင်စာတွေ ရေးနေတဲ့သူကို ချပေးရပါမလား ဆိုပြီး တိုင်းမှူးကြီးဆီ လက်မှတ်တွေ ထိုး တိုင်စာပို့ကြတာဗျ၊ ဒီတင် ပြန်စီစစ်ရန်ဆိုပြီး ချန်ခဲ့တာ၊ ချန်ရုံမက ခုံဖွဲ့ပြီးတောင် ချပေးတဲ့သူတွေကို ပြန်စီစစ်တာဗျ။
ဒီတင် ခုံအဖွဲ့ခေါင်းဆောင် လူကြီးကတော်တစ်ယောက်က ဆူးငှက်ပရိသတ်ဖြစ်နေပြီး သူကစာတွေက ယဉ်ကျေးမှု နဲ့ သမိုင်းတွေပဲ ရေးတာပါ။ ဆန့်ကျင်တာ မပါပါဘူးလို့ မှတ်ချက်ပေးလိုက်ပါပြီ။ ခင်ဗျားညီကို ဖုန်းလေး ချပေးမိပါတယ်၊ အလုပ်တောင် ပြုတ်မယ့် ကိန်းတဲ့။ ဒါတောင် ကိုပုက ရောက်လာတဲ့ လျှောက်လွှာတွေထဲ သံဝရ နံမည်ရှာသေးတာတဲ့၊ တွေ့ရင်လည်း ချပေးဦးမလို့တဲ့၊ သံဝရပါချပေးခဲ့ရင် သေချာပါပြီ၊ အလုပ်ပြုတ်မှာတဲ့၊ အဲ့လို ပြောတယ်ကွ၊ ဒါဆို မင်းဖုန်းက ရမှာပါ”ဟု ရယ်ကာမောကာ ပြောသည်။ အမလေး.. ကျွန်တော်လည်း ဖုန်းလေး လျှောက်မိပါတယ်။ အစိုးရဆန့်ကျင်သူ တံဆိပ်ကပ် အတိုင်ခံရပါရောလား၊ နောက်တော့ ဘယ်သူတွေ တိုင်သည်ဆိုနာ စာရင်းနှင့်တကွ သိလိုက်ရပါပြီ။ မအံ့သြပါ။ ဟုတ်ပေသားပဲ၊ သူတို့ခမျာ ကတော်တွေနောက် တကောက်ကောက်လိုက်ရင်း ဟောကြ ပြောကြ စီမံချက်အတိုင်း ရေးကြသားကြ မဂ္ဂဇင်းတွေ ထုတ်ကြနှင့် နန်းတွင်းက ပြန်ကြရတယ်မရှိတာ၊ ပုဝါကြီးတွေစုံချလို့။

 

သည်တစ်ခါတော့ ၂၀၀၂ခုနှစ် နိုဝင်ဘာလ ၆ရက်နေ့စွဲဖြင့် အကြောင်းကြားစာ ရောက်လာပါပြီ။ ဂျီအက်စ်အမ် တယ်လီဖုန်း တပ်ဆင်ရန် ကိစ္စတဲ့။

 

လက်ပူအောင်ပင် မကိုင်ရသည့် ဖုန်းကလေး
——————————————–
၂၀၀၂ခု နိုဝင်ဘာလ ၆ရက်နေ့တွင် GSM တယ်လီဖုန်း တပ်ဆင်ခွင့် ရရှိသည့် အကြောင်းကြားစာ ရရှိပြီးနောက် သွင်းရမည့် ငွေကျပ်၅သိန်းကို ရှာရဖွေရသည်။ ထိုစဉ်က ရရှိသည့် ဖုန်းကို အပြင်ရောင်းလျှင် ၄၅သိန်းရရှိနိုင်သည်။ ငှားစားပါက တစ်လ ၅သောင်းခန့်ရသည်။ ကျွန်တော့်စိတ်ကူးက မရောင်းတော့ပါ။ ငှားပါက တစ်နှစ်စာ ၆သိန်းရနိုင်သည်။ ထို့ကြောင့် တစ်နှစ်ငှားလိုက်လျှင် ၅သိန်းကို ပြန်ဆပ်နိုင်မည်။ ဤသို့ တွက်ချက်ပါ၏။ ထို့ကြောင့် ကိုသန်းဦးကိုပဲ တိုင်ပင်ပြီး ဖုန်းဖိုးသွင်းရမည့် ငွေ၅သိန်းရှာကာ သွင်းရန် ဆက်သွယ်ရေးရုံးသို့ သွားကြသည်။ သည်ငွေ၅သိန်းကလည်း ဝေးဝေး မရှာရပါ။ မိတ်ဆွေကြီး ကြံတိုင်းအောင် ကိုအောင်မင်းက ကူညီသည်။ ဖုန်းရလျှင်လည်း သူူ့ကိုပဲ ပြန်ငှားထားရုံပေါ့။

 

ဤသို့ဖြင့် ဆက်သွယ်ရေးရုံးရောက်လို့ လိုအပ်သောပုံစံများဖြည့်ပြီး ငွေသွင်းချလံအတွက် မန်နေဂျာ လက်မှတ်ထိုးရန် စောင့်နေခိုက် သတင်းတစ်ခု ဝင်လာ၏။ သွင်းရမည့်ငွေက ၅သိန်းမဟုတ်တော့။ ၁၀သိန်းတဲ့။ မနက်ကပဲ ကြေးနန်း ဝင်သတဲ့။ ကိုင်း ပေါက်သည့်နဖူး မထူးပြီမို့ ကိုအောင်မင်းထံသို့ပဲ အကျိုးအကြောင်းပြောကာ နောက်ထပ် ငွေ၅သိန်းယူ၍ ဖုန်းကြေး ၁၀သိန်း၊ စာရွက်စာတမ်းကြေး ၅၀၀ကျပ်၊ တံဆိပ်ခေါင်းကြေး ၅၀၀ကျပ်နှင့် အတူ ချလံဖြတ် ဘဏ်ငွေသွင်းပြီး အင်းခရုက ဆက်သွယ်ရေးရုံးမှာ တယ်လီဖုန်းကို ထုတ်ရသည်။ မှတ်မှတ်ရရ ဟန်းဆက်က အနက်လေးနှင့် ဒက်ပတာတစ်ခုပါသည်။

 

အင်းခရုရုံးမှာ ဆင်းကတ်ထည့်ထားသော ဖုန်းလေးကို ကိုင်ကြည့်ပြီး ဂျပ်ဗူးထဲ ပြန်ထည့်၍ ၂၆ဘီလမ်း ကျုံးတောင်ဘက် ၇၅လမ်းသို့ အမြန်ပြန်ပြီး ကိုအောင်မင်းထံ တယ်လီဖုန်းလေး အပ်ခဲ့လိုက်သည်။ ထိုဖုန်းလေးနှင့် ဆက်ဖို့အနေသာ လက်ထဲပူအောင်ပင် မကိုင်လိုက်ရပါ။ ဤသို့ဖြင့် ဖုန်းဖိုး ၁၀သိန်းသာ မက ငွေလိုတိုင်း ကိုအောင်မင်း မကြည်ကြည်လင်းတို့ထံက ငွေကြိုထုတ်ကာ သုံးစွဲနေရလို့ ဖုန်းလေးက တစ်နှစ်နှင့်လည်း ကိုယ့် လက်ထဲမရောက်၊ ၂နှစ်နှင့်လည်း ကိုယ့်လက်ထဲမရောက်။ ထိုစဉ် ကာလအတွင်း ကျွန်တော်တို့ရပ်ကွက်လေးက အိမ်ခြေတွေလည်း စိပ်လာ၏။

အနုပညာရှင်တို့ ရပ်ကွက်လေး
———————————–
ကျွန်တော့်အိမ်၏ တောင်ဘက်မှာ ဦးမျိုးခင်ကလည်း မြေကွက်ကျယ်၂ကွက်တွဲ ဝယ်ပြီး ထန်းရိပ်ညို ပန်းချီစတူရီယိုဖွင့်သည်။ ထိုစတူရီယိုမှာ မနက်မိုးလင်းမိုးချုပ် ပန်းချီဆရာတွေ စုကာ စကားပြောကြ၊ ပန်းချီဆွဲကြ၊ ဆွေးနွေးပွဲ စာတမ်းဖတ်ပွဲတွေလည်း ကျင်းပဖြစ်သည်။ မီဒီယာလောကမှာလည်း ဂျာနယ်တစ်ခေတ် ဖြစ်လာရုံမက မန္တလေးအခြေစိုက် ဂျာနယ်များလည်း ထုတ်ဝေလာသည်။ ထို့ပြင် ရန်ကုန်က ဂျာနယ်ကြီးများကလည်း မန္တလေးမှာ ဂျာနယ်တိုက်ခွဲများဖွင့်ကြပြီး တိုက်ခွဲတာဝန်ခံများ သတင်းထောက်များလည်း ခန့်ထားကြသည်။ ထို့ကြောင့် မန္တလေး၏ စီးပွားရေး လူမှုရေး ဘာသာရေး နိုင်ငံရေး မျက်နှာစာ အသီးသီး၏ လှုပ်ရှားမှုများတွင် မီဒီယာများ၏ အခန်းကဏ္ဍက အရေးပါလာ၏။ ထန်းရိပ်ညိုကလည်း မီဒီယာများ၏ အစိပ်အပိုင်းတစ်ခု ဖြစ်လာသည်။

 

ရပ်ကွက်ထဲတွင် ထန်းရိပ်ညို ပန်းချီစတူရီယိုသာမက ပန်တျာက ပန်းချီဆရာများ ပန်းပုဆရာများ၊ ဂီတဆရာများကလည်း မြေကွက်လေးတွေ ဝယ်ကာ နေထိုင်ကြဖို့ ပြင်ဆင်လာကြသည်။ ပန်းချီ မြင့်ထွန်း(ပြင်ဦးလွင်)၊ ပန်းချီရွှေချည်ထိုး ကိုတင်ထွန်း၊ ပန်းပုစူးမြင့်သိန်း၊ စန္ဒရား ကိုတင်ဝမ်း တဲ့။ စာရေးဆရာကိုရိုးကွန့် က သရက်ကုန်း ကျောင်းဘေး ကန်ဘောင်လမ်းအဆင်းမှာ မြေကွက်လေး ဝယ်ထားသည်။ ထို့ပြင် မြို့မငြိမ်း၏ သားကြီး ဦးသန်းအောင်ခိုင် ကလည်း ကန်ကောက် ရပ်ကွက်မှ သရက်ကုန်းသို့ ပြောင်းလာသည်။ ကျွန်တော့်အိမ် အရှေ့ဘက် ကပ်ရက်မှာက မြို့မငြိမ်းသမီးကြီး ပန်းချီပေါ်ဦးသက်ကတော် ဒေါ်တင်ကြည်နှင့် ညီမ မဝင်းဝင်းမြိုင်တို့ကလည်း ရောက်နှင့်နေသည်။ ကျွန်တော်မရောက်မီကပင် ၂၆ဘီလမ်းဘေးမှာ မြို့တော် မောင်မောင်သိန်းက တိုက်ကလေးဆောက်ကာ ရောက်နှင့်နေသည်။ မြို့တော် မောင်မောင်သိန်း က နိုင်ငံကျော် မင်းသားကြီး မြို့တော်သိန်းအောင်၏ သားဖြစ်ပါသည်။

 

 

ထို့ကြောင့် ထိုစဉ်ကာလ သရက်ကုန်း ရပ်ကွက်လေးက အနုပညာသမားတို့၏ ဧရိပ်သာလေး ဖြစ်နေသည်။ အသစ်ဖောက်ထားသည့် ၂၆ဘီလမ်းကလည်း ဖြောင့်ဖြောင့်ဖြူးဖြူးနှင့် အရှေ့ဘက် အောင်ပင်လယ်ကန်ဘောင်ရိုးအထိ ပေါက်သွားပြီ။ ထို့ကြောင့် မေမြို့တက်မည့် ကားတွေက အရင်လို ၃၅အေလမ်းအထိ သွားစရာမလိုတော့။ ကျုံးဘေး ၂၆ဘီလမ်းကနေ တောက်လျှောက်သွားလို့ ရနေပြီ။ ကျွန်တော်တို့က သည်ရပ်ကွက်လေးမှာ လမ်းတွေ ရေမြောင်းတွေ လမ်းမီးတွေ အဆင်ပြေပြီး ၁၉၉၃-၉၄ ခုနှစ်က ထုတ်ခဲ့သည့် မြေပုံနှင့်အတူ စည်ပင်သာယာက စောင့်ရှောက်သည့် ရပ်ကွက်လေး ဖြစ်ချင်နေကြသည်။ ထို့ကြောင့် ကျွန်တော့်မှာ နိုင်ငံအကြီးအကဲများ မန္တလေးလာတိုင်း မန္တလေးမြို့ပြနှင့် ပတ်သက်သည့် လမ်းညွှန်ချက် မိန့်ကြားချက် များကို အမြဲတမ်းစောင့်ကာ ဖတ်ရှုလေ့လာရသည်။

 

 

မြို့နေလူထု စိတ်ချမ်းသာစေရမည်
————————————–
ထိုစဉ်ကာလ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ မန္တလေးခရီးစဉ်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မီတီရုံး ခန်းမ ၁ ၌ မြို့မိမြို့ဖများ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံသောအခါ မြို့တော်စည်ပင်သာယာရေး ကိစ္စများ ဆောင်ရွက် ရာတွင် မြို့နေလူထု အဆင်ပြေ စိတ်ချမ်းသာရေးကို အဓိက ထား စဉ်းစားဆောင်ရွက်ရမည် ဟု မိန့်ကြားခဲ့သည်။ စည်ပင်သာယာရေး အဖွဲ၏ ဆောင်ပုဒ်တွင်လည်း မြို့တော်နေ ပြည်သူလူထု စိတ်ချမ်းသာရေးကို ဦးစားပေးထားသည် ကိုလည်း တွေ့ရသည်။ ကျွန်တော်တို့ ရောက်ရှိစဉ်က အိမ်ထောင်စု ၄၀ကျော်သာ ရှိသော ရပ်ကွက်လေးက ၂၀၀၃ခုနှစ်တွင် အိမ်ထောင်စုက ၁၂၀ကျော်နှင့် အိမ်ခြေကလည်း ၁၀၀နီးပါး ဖြစ်နေသဖြင့် ကျွန်တော်တို့ ရပ်ကွက်လေးကို စည်ပင်သာယာအဖွဲ့က တရားဝင် စောင့်ရှောက်သည့် ရပ်ကွက်လေး ဖြစ်စေချင်သောကြောင့် ကျွန်တော်ရေးသည့် ဆောင်းပါးတိုင်း ရပ်ကွက်လေးတွင် လမ်းများ မြေကွက်များ စံနစ်တကျ ဖောက်လုပ်နေရာချထားပြီး အနုပညာသမားများ အေးချမ်းစွာ နေထိုင်ကြပုံကို အခါအခွင့်သင့်တိုင်း ရေးသားကာ မျှော်လင့်နေမိသည်။

 

ဤသို့ဖြင့် ၂၀၀၃ခုနှစ် ဇူလိုင်လ နေ့တစ်နေ့၏ တစ်ညနေခင်းတွင် ကော်ပီယာစက်က မင်နံ့ပင် မပြယ်သေးသော အေဖိုးတစ်ဝက်ဆိုဒ် အကြောင်းကြားစာလေးတွေ အိမ်ပေါက်စေ့ ရောက်လာတော့သည်။ သရက်ကုန်းကွက်သစ် ကွင်းအမှတ် ၄၉၂တွင် နေထိုင်ကြသည့် အိမ်ထောင်ဦးစီးတိုင်း လမ်း၃၀ရှိ ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီ ရုံး စည်းဝေးခန်းမသို့ ဇူလိုင် ၁၈ရက် နေ့ခင်း ၁နာရီအရောက် မပျက်မကွက် လာရောက်ပါရန် အကြောင်းကြား အပ်ပါသည်တဲ့။ ရပ်ကွက်လေးအတွက် မျှော်လင့်ချက်ရောင်ခြည် သန်းလာပြီလားလေ။

 

ဆူးငှက်

Related posts

VOM News

FREE
VIEW