မှက်ကိုက်ခြင်းကနေ သတိထားရမယ့် ရောဂါ (SFTS)

 

 

မန္တလာ ဆရာမျိုး

 

မကြာသေးမီက ထိုင်းနိုင်ငံမှာ SFTS (Severe Fever with Thrombocytopenia Syndrome) လို့ခေါ်တဲ့ ရောဂါနဲ့ပတ်သက်တဲ့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် လူအများကြားမှာ စိုးရိမ်မှုတွေ ရှိလာပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဟာ နယ်နိမိတ်ချင်းထိစပ်နေပြီး ခရီးသွားလာမှု၊ အလုပ်အကိုင်အတွက် သွားရောက်နေထိုင်မှု၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွေ များပြားတာကြောင့် ဒီရောဂါက ဘာလဲ၊ ဘယ်လိုကူးစက်သလဲ၊ ဘယ်လိုလက္ခဏာ တွေ ဖြစ်နိုင်သလဲ၊ ဘယ်လိုကာကွယ်သင့်သလဲဆိုတာ သိထားသင့်ပါတယ်။

 

SFTS ဆိုတာ (Severe Fever with Thrombocytopenia Syndrome)  အဖျားပြင်းပြီး သွေးဥမွှားအရေအတွက် ကျဆင်းလာနိုင်တဲ့ ရောဂါလက္ခဏာစု လို့ ဆိုနိုင်ပါတယ်။ ဒီရောဂါဟာ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားတာဖြစ်ပြီး အဓိကအားဖြင့် ရောဂါပိုးသယ်ဆောင်ထားတဲ့ မှက် (tick) ကိုက်ခြင်း ကနေ လူကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် SFTS ကို ခြင်ကတစ်ဆင့်ကူးစက်တဲ့ (Dengue) သွေးလွန်တုပ်ကွေးနဲ့ မရောထွေးသင့်ပါဘူး။

 

မှက်ဆိုတာ မြန်မာနိုင်ငံမှာလည်း အထူးအဆန်းမဟုတ်ပါဘူး။ ခွေး၊ ကြောင်၊ နွား၊ ကျွဲ၊ ဆိတ်၊ သိုး စတဲ့ တိရစ္ဆာန်တွေရဲ့ အရေပြားပေါ်မှာ တွယ်ကပ်ပြီး သွေးစုပ်နေတတ်တဲ့ အကောင်သေးသေးလေးတွေ ဖြစ်ပါတယ်။ မြက်ခင်း၊ ခြုံပုတ်၊ တောတောင်၊ စိုက်ခင်း၊ မွေးမြူရေးခြံနဲ့ တိရစ္ဆာန်တွေ သွားလာနေတဲ့နေရာတွေမှာလည်း မှက်တွေ ရှိနေနိုင်ပါတယ်။

 

SFTS ဟာ အခုမှ ရုတ်တရက်ပေါ်ပေါက်လာတဲ့ ရောဂါအသစ်စက်စက်တော့ မဟုတ်ပါဘူး။ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့မှာ ယခင်ကတည်းက လူနာတွေ တွေ့ရှိခဲ့ပြီး အရှေ့တောင်အာရှဒေသမှာလည်း ရောဂါပိုး ရှိနေကြောင်း အထောက်အထားတွေ တဖြည်းဖြည်း တွေ့ရှိလာပါတယ်။ ထိုင်းနိုင်ငံမှာလည်း လူနာတွေကို မှတ်တမ်းတင် တွေ့ရှိခဲ့ပြီး မှက်တွေမှာပါ SFTS virus ကို တွေ့ရှိခဲ့တဲ့ သုတေသနအထောက်အထားတွေ ရှိလာပါတယ်။

 

ဒါကြောင့် SFTS ကို “ထိုင်းမှာ အခုရုတ်တရက် ကပ်ရောဂါကြီးဖြစ်နေပြီ” ဆိုတဲ့ပုံစံနဲ့ ကြောက်လန့်ဖို့ မလိုပါဘူး။ တစ်ဖက်မှာလည်း “ကိုယ်နဲ့မဆိုင်ပါဘူး” ဆိုပြီး လုံးဝပေါ့ဆထားဖို့ မသင့်ပါဘူး။ ရောဂါရဲ့ သဘောသဘာဝကို မှန်မှန်ကန်ကန် သိထားပြီး လိုအပ်တဲ့ ကာကွယ်မှုတွေ ပြုလုပ်တာက ပိုအရေးကြီးပါတယ်။

 

SFTS ဘယ်လိုကူးစက်သလဲ

SFTS ရဲ့ အဓိကကူးစက်လမ်းကြောင်းက မှက်ကိုက်ခြင်း ဖြစ်ပါတယ်။ SFTS virus သယ်ဆောင်ထားတဲ့ မှက်တစ်ကောင်က လူကို ကိုက်ပြီး သွေးစုပ်တဲ့အခါ ဗိုင်းရပ်စ်ဟာ လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာနိုင်ပါတယ်။ လူအများစုက မှက်ကို ခွေး၊ နွားစတဲ့ တိရစ္ဆာန်တွေပေါ်မှာသာ ရှိတတ်တယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ မြက်ရှည်တဲ့နေရာ၊ ခြုံပုတ်၊ တောတောင်၊ စိုက်ခင်းနဲ့ တိရစ္ဆာန်တွေ သွားလာရာနေရာတွေမှာလည်း ရှိနေနိုင်ပါတယ်။

 

မှက်ဟာ အလွန်သေးငယ်တဲ့အတွက် တချို့လူတွေမှာ ကိုက်ခံရတာတောင် သတိမထားမိနိုင်ပါဘူး။ အပြင်ကပြန်လာပြီး အဖျားတက်လာတဲ့အချိန်မှာတောင် “မှက်ကိုက်ခဲ့တယ်” ဆိုတဲ့ ရာဇဝင်ကို မမှတ်မိတာမျိုး ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် တောတောင်ထဲ အလုပ်လုပ်သူတွေ၊ လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေ၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူတွေ၊ တိရစ္ဆာန်တွေနဲ့ နီးကပ်စွာထိတွေ့ရသူတွေ၊ ခွေးကြောင်တွေမှာ မှက်များတဲ့ပတ်ဝန်းကျင်မှာ နေထိုင်သူတွေဟာ ပိုပြီးသတိထားသင့်ပါတယ်။ ဒါပေမယ့် SFTS ဟာ မှက်ကနေတစ်ဆင့်ပဲ ကူးနိုင်တာတော့ မဟုတ်ပါဘူး။

 

ရောဂါဖြစ်နေတဲ့ လူနာရဲ့ သွေးနဲ့ ခန္ဓာကိုယ်အရည်တွေကို အကာအကွယ်မဲ့ တိုက်ရိုက်ထိတွေ့မိခြင်း ကနေလည်း လူတစ်ဦးကနေ တစ်ဦးကို ကူးစက်နိုင်ကြောင်း တွေ့ရှိထားပါတယ်။ ဒါကြောင့် ပြင်းထန်တဲ့ SFTS လူနာတွေကို ပြုစုစောင့်ရှောက်နေတဲ့ မိသားစုဝင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ သွေးနဲ့ body fluids ထိတွေ့မှုကို ကာကွယ်ဖို့ အရေးကြီးပါတယ်။ သို့သော် COVID-19၊ တုပ်ကွေးတို့လို လူတစ်ယောက် ချောင်းဆိုး၊ နှာချေလိုက်တာနဲ့ ပတ်ဝန်းကျင်ကလူတွေကို လွယ်လွယ်ကူကူ ကူးစက်သွားတဲ့ ရောဂါမျိုးလို့တော့ မယူဆသင့်ပါဘူး။

 

SFTS ဖြစ်ရင် ဘာလက္ခဏာတွေ ပြတတ်သလဲ

SFTS ရဲ့ အခက်အခဲတစ်ခုက ရောဂါအစပိုင်းလက္ခဏာတွေဟာ တခြားအဖျားရောဂါတွေနဲ့ အတော်လေး ဆင်တူ နေတာ ဖြစ်ပါတယ်။ အများအားဖြင့် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ကြွက်သားနာခြင်း၊ အားနည်းနွမ်းနယ်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်မအီမသာဖြစ်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစပိုင်းမှာ သာမန်တုပ်ကွေး၊ အစာအိမ်အူလမ်းကြောင်းရောဂါ ဒါမှမဟုတ် သွေးလွန်တုပ်ကွေး (Dengue) ဖြစ်တယ်လို့ ထင်မိနိုင်ပါတယ်။

 

ရောဂါပိုမိုပြင်းထန်လာတဲ့အခါ သွေးစစ်ကြည့်ရင် platelet သို့မဟုတ် သွေးဥမွှားအရေအတွက် ကျဆင်းခြင်း (thrombocytopenia) ကို တွေ့နိုင်ပါတယ်။ SFTS ဆိုတဲ့နာမည်ထဲမှာတောင် “Thrombocytopenia” ဆိုတာ ပါနေတာက ဒီအချက်ကြောင့် ဖြစ်ပါတယ်။ Platelet ဆိုတာ သွေးထွက်တဲ့အခါ သွေးတိတ်စေဖို့ အရေးပါတဲ့ သွေးဆဲလ်အစိတ်အပိုင်းတစ်မျိုး ဖြစ်ပါတယ်။ Platelet အရမ်းနည်းလာရင် အရေပြားပေါ်မှာ အနီစက်သေးသေးတွေ ပေါ်လာခြင်း၊ သွေးခြည်ဥခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးသွေးထွက်ခြင်း စတဲ့ သွေးထွက်လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ Platelet နည်းတာတင်မကဘဲ သွေးဖြူဥ (white blood cell) အရေအတွက် နည်းခြင်း (leukopenia) ကိုလည်း တွေ့နိုင်ပါတယ်။ ဒီအချက်ကြောင့် SFTS ဟာ Dengue နဲ့ ပိုပြီးရောထွေးနိုင်ပါတယ်။

 

အဖျားတက်ပြီး Platelet ကျတိုင်း Dengue လို့ မယူဆသင့်

 

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံလို Dengue အဖြစ်များတဲ့ဒေသတွေမှာ အဖျားတက်ပြီး platelet ကျလာရင် လူအများစုရဲ့ ပထမဆုံးစိတ်ထဲဝင်လာတာက “သွေးလွန်တုပ်ကွေးများလား” ဆိုတာ ဖြစ်ပါတယ်။ အများစုမှာတော့ Dengue ဖြစ်နိုင်ပါတယ်။ SFTS အပါအဝင် တခြားကူးစက်ရောဂါတွေမှာလည်း platelet ကျနိုင်ပါတယ်။ ဒါကြောင့် အဖျားပြင်းနေပြီး platelet ကျနေတဲ့လူနာတစ်ဦးမှာ Dengue စစ်ဆေးမှုတွေနဲ့ မကိုက်ညီဘူးဆိုရင် လူနာရဲ့ ခရီးသွားရာဇဝင်၊ အလုပ်အကိုင်၊ တောတောင်သွားခဲ့ခြင်းရှိမရှိ၊ လယ်ယာခြံမြေထဲ ဝင်ခဲ့သလား၊ မှက်ကိုက်ခံခဲ့ရသလား၊ ခွေးကြောင်နဲ့ အနီးကပ်ထိတွေ့မှုရှိသလား စတဲ့ အချက်တွေကိုပါ မေးမြန်းဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် မကြာသေးခင်က SFTS တွေ့ရှိထားတဲ့ ဒေသတွေကို သွားခဲ့ပြီး ပြန်လာတဲ့နောက် အဖျားတက်လာသူတွေမှာ ခရီးသွားရာဇဝင်ကို ဆရာဝန်ကို ပြောပြဖို့ လိုပါတယ်။

 

SFTS က ဘယ်လောက်အန္တရာယ်ရှိသလဲ

 

SFTS ဖြစ်သူတိုင်း ပြင်းထန်သွားမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် SFTS ဟာ အချို့လူနာတွေမှာ အလွန်ပြင်းထန်ပြီး အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ပြင်းထန်တဲ့အခြေအနေမှာ platelet နဲ့ white blood cell အရေအတွက်များ ကျဆင်းလာနိုင်ပြီး အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ဦးနှောက်နဲ့ သွေးခဲစနစ်တို့ပါ ထိခိုက်လာနိုင်ပါတယ်။ လူနာမှာ သတိမကြည်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အလွန်အမင်းနွမ်းနယ်ခြင်း၊ အသက်ရှူခက်ခြင်း၊ သွေးပေါင်ကျခြင်း၊ ဆီးနည်းလာခြင်း၊ သွေးထွက်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ အလွန်ပြင်းထန်လာရင် ခန္ဓာကိုယ်အင်္ဂါအများအပြား တစ်ပြိုင်နက်တည်း အလုပ်မလုပ်နိုင်တော့တဲ့ multi-organ failure အထိ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အသက်ကြီးသူတွေ၊ နာတာရှည်ရောဂါအခံရှိသူတွေ၊ ကိုယ်ခံအားနည်းသူတွေမှာ ရောဂါပြင်းထန်နိုင်ခြေ ပိုရှိနိုင်တာကြောင့် ပိုပြီးသတိထားဖို့ လိုပါတယ်။

 

SFTS ဖြစ်မဖြစ် ဘယ်လိုစစ်မလဲ

အဖျားတက်နေပြီး platelet နည်းတယ်ဆိုတာနဲ့ SFTS လို့ တန်းပြီးအတည်ပြုလို့ မရပါဘူး။ ဆရာဝန်က လူနာရဲ့ ရောဂါလက္ခဏာတွေ၊ ခရီးသွားရာဇဝင်၊ မှက်နဲ့ထိတွေ့မှု၊ တိရစ္ဆာန်နဲ့ထိတွေ့မှု စတာတွေကို ပေါင်းစပ်စဉ်းစားရပါတယ်။ CBC သွေးစစ်ခြင်းနဲ့ platelet၊ white blood cell စတာတွေကို ကြည့်နိုင်သလို အသည်းနဲ့ ကျောက်ကပ် လုပ်ငန်းဆောင်တာတွေကိုလည်း စစ်ဆေးနိုင်ပါတယ်။ SFTS virus ရှိမရှိကို အတည်ပြုဖို့တော့ RT-PCR ကဲ့သို့ molecular laboratory test တွေ လိုအပ်နိုင်ပါတယ်။ ဒါ့အပြင် Dengue၊ scrub typhus၊ leptospirosis၊ အခြား tick-borne infections နဲ့ sepsis စတဲ့ ရောဂါတွေကိုပါ ခွဲခြားစဉ်းစားရပါတယ်။

 

SFTS အတွက် ဆေးရှိသလား

 

SFTS ကို သံသယရှိလာရင် စောစောဆေးရုံတက်ပြီး ဆရာဝန်ရဲ့ စောင့်ကြည့်ကုသမှုခံယူဖို့ အရေးကြီးပါတယ်။ ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး ရေဓာတ်နဲ့ electrolyte မျှတအောင် ထိန်းပေးခြင်း၊ သွေးပေါင်နဲ့ အသက်ရှူမှုကို ထောက်ပံ့ပေးခြင်း၊ သွေးထွက်မှုနဲ့ organ dysfunction တွေကို စောင့်ကြည့်ကုသခြင်း စတဲ့ supportive treatment တွေဟာ အလွန်အရေးကြီးပါတယ်။ ကိုယ့်ဘာသာ အဖျားကျဆေးသောက်ပြီး အိမ်မှာစောင့်ကြည့်နေတာမျိုး မလုပ်သင့် ပါဘူး။ အထူးသဖြင့် အဖျားပြင်းပြီး platelet ကျနေသူ၊ အားအလွန်နည်းလာသူ၊ သတိမကြည်သူ၊ အသက်ရှူခက်သူ၊ သွေးထွက်လက္ခဏာရှိသူတွေဟာ ဆေးရုံကို အမြန်ဆုံးသွားသင့်ပါတယ်။

 

အရေးကြီးဆုံးက မှက်မကိုက်အောင် ကာကွယ်ခြင်း

 

SFTS ကာကွယ်ရေးမှာ အရေးအကြီးဆုံးအချက်က မှက်နဲ့ ထိတွေ့မှုကို လျှော့ချခြင်း ဖြစ်ပါတယ်။ တောတောင်၊ မြက်ရှည်တဲ့နေရာ၊ ခြုံပုတ်ထူတဲ့နေရာ၊ လယ်ယာ၊ စိုက်ခင်း၊ မွေးမြူရေးခြံ စတဲ့နေရာတွေကို သွားမယ်ဆိုရင် လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်၊ ခြေအိတ်နဲ့ ဖိနပ်အပြည့်အစုံ ဝတ်ဆင်တာက ပိုကောင်းပါတယ်။ အပြင်ကနေ အိမ်ပြန်ရောက်တဲ့အခါ ခန္ဓာကိုယ်မှာ မှက်ကပ်နေသလား သေချာစစ်ဆေးပါ။ မှက်တွေဟာ ခန္ဓာကိုယ်ရဲ့ မမြင်လွယ်တဲ့နေရာတွေမှာ တွယ်ကပ်နေနိုင်ပါတယ်။ ဆံပင်ကြား၊ နားနောက်ဘက်၊ လည်ပင်း၊ ချိုင်း၊ ခါးပတ်ပတ်လည်၊ ပေါင်ခြံ၊ ဒူးနောက်ဘက်နဲ့ ခြေထောက်တွေကို သေချာစစ်ဆေးသင့်ပါတယ်။ အဝတ်အစားတွေမှာလည်း မှက်ကပ်ပါလာနိုင်တာကြောင့် စစ်ဆေးသင့်ပါတယ်။

 

ခွေးကြောင်မွေးထားသူတွေ ပိုသတိထားပါ

အိမ်မှာ ခွေး၊ ကြောင်မွေးထားသူတွေအနေနဲ့ ကိုယ့်အိမ်မွေးတိရစ္ဆာန်တွေမှာ မှက်ရှိမရှိ ပုံမှန်စစ်ဆေးဖို့ အရေးကြီး ပါတယ်။ တိရစ္ဆာန်မှာ မှက်များနေရင် ကိုယ့်ဘာသာ မသင့်တော်တဲ့ ပိုးသတ်ဆေးတွေ အလွန်အကျွံသုံးတာထက် တိရစ္ဆာန်ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ tick-control နည်းလမ်းကို အသုံးပြုတာ ပိုကောင်းပါတယ်။ တိရစ္ဆာန်အိပ်ရာ၊ ခြံဝင်းနဲ့ အနီးပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားသင့်ပါတယ်။ အရေးကြီးတာက မှက်ကို လက်ဗလာနဲ့ ဖမ်းပြီး လက်ချောင်းနှစ်ချောင်းကြား ဖိချေခြင်း မလုပ်သင့်ပါဘူး။ ခန္ဓာကိုယ်မှာ မှက်တွယ်ကပ်နေတာ တွေ့ရင် မှက်ကို ဖယ်ရှားရာမှာလည်း မှန်ကန်တဲ့နည်းလမ်းကို အသုံးပြုဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူထံမှာ ဖယ်ရှားစေတာ ပိုကောင်းပါတယ်။

 

ထိုင်းနိုင်ငံကို ခရီးသွားမယ့်သူတွေ ဘာလုပ်သင့်သလဲ

 

SFTS လူနာတွေ တွေ့ရှိတယ်ဆိုတဲ့ သတင်းကြောင့် ထိုင်းနိုင်ငံကို လုံးဝမသွားသင့်တော့ဘူးဆိုတဲ့အထိ ကြောက်စရာမလိုပါဘူး။ SFTS ဟာ လေထဲကနေ လူအချင်းချင်း လွယ်ကူစွာ ကူးစက်ပျံ့နှံ့နေတဲ့ ရောဂါမျိုးမဟုတ်တဲ့အတွက် သာမန်ခရီးသွားတစ်ယောက်အတွက် အဓိကလုပ်ရမှာက မှက်မကိုက်အောင် ကာကွယ်ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် တောတောင်ခရီး၊ camping၊ hiking၊ စိုက်ခင်း၊ မွေးမြူရေးခြံနဲ့ မြက်ခင်းတွေကို သွားမယ်ဆိုရင် ပိုသတိထားသင့်ပါတယ်။

 

ထိုင်းနိုင်ငံက ပြန်လာပြီးနောက် ရက်ပိုင်းအတွင်း အဖျားပြင်းလာခြင်း၊ အားနည်းခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ သွေးခြည်ဥခြင်း၊ သွေးထွက်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်လာရင် ဆေးရုံသွားပြီး “မကြာသေးခင်က ထိုင်းနိုင်ငံကို သွားခဲ့ပါတယ်” ဆိုတဲ့ ခရီးသွားရာဇဝင်ကို ဆရာဝန်ကို ပြောပြသင့်ပါတယ်။ တောတောင်၊ မြက်ခင်း ဒါမှမဟုတ် တိရစ္ဆာန်ရှိတဲ့နေရာတွေကို သွားခဲ့တယ်ဆိုရင်လည်း ပြောပြဖို့ အရေးကြီးပါတယ်။

 

မြန်မာနိုင်ငံအတွက် ဘာကြောင့် သတိထားသင့်သလဲ

 

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဟာ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ လူသွားလူလာ၊ ကုန်စည်ကူးသန်းမှုနဲ့ ရွှေ့ပြောင်းလုပ်သားသွားလာမှုတွေ အများအပြားရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာလည်း ကျေးလက်ဒေသ၊ တောတောင်၊ မွေးမြူရေးနဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ ကျယ်ပြန့်ပြီး မှက်တွေ တွေ့ရတာ မရှားပါဘူး။ ဒါကြောင့် ထိုင်းနိုင်ငံမှာ SFTS တွေ့ရှိခြင်းကို မြန်မာနိုင်ငံအနေနဲ့ “နောက်နိုင်ငံမှာဖြစ်တာပဲ” လို့ လုံးဝလျစ်လျူရှုထားတာထက် ရောဂါစောင့်ကြည့်ခြင်း၊ လူထုပညာပေးခြင်းနဲ့ ကျန်းမာရေးဝန်ထမ်းများအကြား သတိပြုနိုင်မှုမြှင့်တင်ခြင်း တို့အတွက် အချက်ပေးမှုတစ်ခုအဖြစ် ရှုမြင်သင့်ပါတယ်။ ဒါပေမယ့် ထိုင်းမှာ လူနာတွေ တွေ့ရှိတယ်ဆိုတာနဲ့ မြန်မာနိုင်ငံမှာပါ ရောဂါကူးစက်ပျံ့နှံ့နေပြီလို့တော့ သတ်မှတ်လို့ မရပါဘူး။ အဲဒီလို ကောက်ချက်ချဖို့ မြန်မာနိုင်ငံအတွင်း ရောဂါစောင့်ကြည့်မှုနဲ့ ဓာတ်ခွဲခန်းအတည်ပြု အချက်အလက်တွေ လိုအပ်ပါတယ်။

 

ကြောက်ဖို့ထက် သိထားဖို့ အရေးကြီးပါတယ်

 

ကူးစက်ရောဂါသတင်းတစ်ခု ထွက်ပေါ်လာတိုင်း လူအများမှာ စိုးရိမ်ကြောက်ရွံ့မှု ဖြစ်တတ်ပါတယ်။ SFTS မှာလည်း “သေဆုံးနိုင်တယ်”၊ “platelet အရမ်းကျတယ်” ဆိုတဲ့ အချက်တွေကိုသာ မြင်ပြီး ကြောက်လန့်သွားဖို့ မလိုပါဘူး။ အရေးကြီးတာက ရောဂါဘယ်လိုကူးစက်တယ်ဆိုတာ သိဖို့၊ အန္တရာယ်ရှိတဲ့အခြေအနေတွေကို သိဖို့၊ မှက်မကိုက်အောင် ကာကွယ်ဖို့နဲ့ သံသယလက္ခဏာရှိလာရင် စောစောဆေးကုသမှုခံယူဖို့ ဖြစ်ပါတယ်။ အဖျားပြင်းတာတစ်ခုတည်းနဲ့ SFTS မဟုတ်ပါဘူး။ Platelet ကျတာတစ်ခုတည်းနဲ့လည်း SFTS မဟုတ်ပါဘူး။ ထိုင်းနိုင်ငံကို သွားခဲ့တာတစ်ခုတည်းနဲ့လည်း SFTS ဖြစ်မယ်လို့ မဆိုနိုင်ပါဘူး။

 

ဒါပေမယ့် အဖျားပြင်းခြင်း၊ platelet နည်းခြင်း၊ white blood cell နည်းခြင်း၊ မှက်ကိုက်ခံရနိုင်တဲ့ရာဇဝင်၊ တောတောင်နဲ့ တိရစ္ဆာန်တွေကို ထိတွေ့ခဲ့တဲ့ရာဇဝင် စတဲ့အချက်တွေ ပေါင်းစပ်လာရင် SFTS ကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ အထူးသဖြင့် Dengue လို့ ယူဆထားပေမယ့် ရောဂါလက္ခဏာနဲ့ ဓာတ်ခွဲစစ်ဆေးမှုတွေ မကိုက်ညီတဲ့အခါ SFTS အပါအဝင် အခြားကူးစက်ရောဂါတွေကိုပါ စဉ်းစားဖို့ လိုပါတယ်။

 

 “မှက်ကို သေးသေးလေးပဲဆိုပြီး မပေါ့ဆပါနဲ့။ မှက်မကိုက်အောင် ကာကွယ်ပါ။ ခွေး၊ ကြောင်နဲ့ အိမ်မွေးတိရစ္ဆာန်တွေမှာ မှက်ရှိမရှိ ပုံမှန်စစ်ဆေးပါ။ မှက်ကို လက်ဗလာနဲ့ ဖိမချေပါနဲ့။ တောတောင်၊ စိုက်ခင်းနဲ့ မြက်ခင်းတွေက ပြန်လာပြီးနောက် ကိုယ်ခန္ဓာမှာ မှက်ကပ်နေသလား စစ်ဆေးပါ။ အဖျားပြင်းပြီး သွေးဥမွှားကျလာရင် Dengue တစ်မျိုးတည်းကိုသာ မစဉ်းစားဘဲ ခရီးသွားရာဇဝင်၊ မှက်ကိုက်ခံရမှုနဲ့ တိရစ္ဆာန်ထိတွေ့မှုတွေကို ဆရာဝန်ကို ပြောပြပါ။”

 

SFTS ကို ကာကွယ်ရာမှာ ကြောက်ရွံ့မှုထက် အသိပညာရှိခြင်း၊ မှက်ကိုက်မှုကို ကာကွယ်ခြင်း၊ သံသယလက္ခဏာတွေကို စောစောသိခြင်းနဲ့ အချိန်မီဆေးကုသမှုခံယူခြင်း တို့က ပိုပြီး အရေးကြီးပါတယ်။

 

မန္တလာ ဆရာမျိုး

Related posts

✕
VOM News

FREE
VIEW