ဆူးငှက်
ကျွန်တော့် သတင်းထောက် မိတ်ကပ်ဆရာ
———————————————-
ကျွန်တော်တို့ ရပ်ကွက်လေးနှင့် ပတ်သက်ပြီး နောက်ဆုံးအခြေအနေမှာ ဦးတက်တိုးက သူတို့မင်းသားထံ လက်ရောက် စာပို့ ပြီးပြီ။ ထူးသည်နှင့် မင်းသား ပီအက်အိုက တဆင့် ကျွန်တော်တို့ထံ အကြောင်းကြားနိုင်ဖို့ လမ်းကြောင်းလည်း ပေးခဲ့ပြီဟု သိရသည်။ ထို့ကြောင့် ထို့အကြောင်းကြားချက်ကို စောင့်ရုံပဲရှိသည်။ မသေချာ မရေရာသော အနာဂတ်အတွက် သပြေပင်လေးတွေ ရေလောင်းတိုင်း အိပ်မပျော်သောကြောင့် အတွေးတွေ ရောက်ရက်ခတ်တိုင်း ခံစားနာကျဉ်ရသည်။ ကျွန်တော်ပြောခဲ့သလိုပါပဲ ရပ်ကွက်လေးထဲမှာ သွားမြဲလာမြဲ ဖြစ်သော်လည်း အပြင်ရောက်တိုင်း သတင်းက သည်းသည်း လှုပ် နေသည်။ အရေးကြီးတာက အပြင်မှာ ပြောဆို နေကြသလို တရားဝင်စီမံကိန်း ဖြစ်သွားပြီလား။ တကယ်တမ်း ကျွန်တော်တို့ သိထားတာက မြေယာဆိုင်ရာ တာဝန်ရှိသူတစ်ဦး ပူးပေါင်းစီစဉ်မှုဖြင့် အာဏာရှိ ပုဂ္ဂိုလကြီးတစ်ယောက်၏ ကိုယ်ပိုင် ုကိုယ်ကျိုးစီးပွား လုပ်ကွက်ဖြစ်သည်။ အရေးကြီးတာက သတင်းမှန်သိရဖို့ ဖြစ်ပါ၏။
ကျွန်တော်တို့ ဟေမာဇလရပ်ကွက်မှာ နေထိုင်စဉ်က မိတ်ကပ်ကိုတင်ထွေးနှင့် မိသားစုလို ရင်းနှီးသည်။ အထူးသဖြင့် ခင်သော်ဇင်နှင့် မောင်နှမတွေလို ဖြစ်သည်။ ကိုတင်ထွေးမှာ ဟာသဉာဏ်ရှိသည်။ အိမ်သို့ သူလာလျှင် တဝါးဝါးနှင့် ပွဲကျလို့ မဆုံးတော့။ သူက စာလည်းဖတ်သည်။ ထို့ကြောင့် နိုင်ငံရေး လူမှုရေးကအစ ကျန်းမာရေးအထိ စကားပြောလို့ ကောင်းသည်။ ကျွန်တော်တို့ သရက်ကုန်းသို့ ပြောင်းသောအခါ နောက် တစ်နှစ်ပင်မကြာ သူလည်း သရက်ကုန်းသို့ မြေလေးဝယ် အိမ်လေးဆောက်ပြီး သူ့အမေကို အတူခေါ်ကာ အတူနေသည်။ ဆိုင်ကိုတော့ ဟေမာဇလရပ်မှာပဲ ဆက်ဖွင့် ထားသည်။ ကိုတင်ထွေးက နံမည်ကြီး မိတ်ကပ်ဆရာမို့ သူဌေးသူကြွယ်သုံးသာမက မင်းပိုင်းစိုးပိုင်း ကတော်များ၏ လက်သုံးလည်း ဖြစ်သည်။
မိတ်ကပ်လိမ်းရင်း ဆံထုံးထုံးရင်း
———————————-
ထိုအခါ ကျွန်တော်က ရပ်ကွက်လေးနှင့် ပတ်သက်၍ သတင်းအချက်အလက်ကို ကိုတင်ထွေးထံက ရယူသည်။ သူက အကင်းပါးသူမို့ ကတော်တွေကို မိတ်ကပ်လိမ်းရင်း နေစရာထိုင်စရာ အတွက်၊ သို့မဟုတ် ဝယ်ယူကာ ပြန်ရောင်းဖို့အတွက် မြေကိစ္စလေးတွေကို ကတော်များထံ တိုင်ပင်သလိုလိုနှင့် သတင်း နှိုက်စေသည်။ အထူးသဖြင့် သူ့ ကတ်စတင်မာ တစ်ဦးက မြေယာရုံး၏ တာဝန်ရှိ အရာရှိကြီးကတော် တစ်ဦး ဖြစ်သည်။ ကျွန်တော်တို့ ရပ်ကွက် မြေကိစ္စ စတင်ဖြစ်ပွားစဉ်က ထိုကတော်ကြီးက ကိုတင်ထွေးကို မြေဝယ်လျှင် သရက်ကုန်း မြေများ မဝယ်မိဖို့ အကုန်သိမ်းမှာ ဆိုသည်ကို စကားစပ်တိုင်း ပြောသတဲ့။ သရက်ကုန်းလို့ပင် မပြော၊ အသစ်ဖောက် ၂၆ဘီလမ်း မြောက်ဘက် အောင်ပင်လယ် ကန်ဘောင်ရိုးမြို့ပတ်လမ်း အနောက်ဘက် ကွင်းနံပတ် ၄၉၂ မြေယာဟုပင် အတိအကျ ပြောသတဲ့။ အခြား တိုင်းအဆင့် ကတော်များကတော့ ဘာမှ မှတ်ချက်မပေးကြဘူးတဲ့။ သရက်ကုန်းဆိုတာ ဘယ်နေရာ မှန်းပင် မသိကြဘူးတဲ့။
သည်ရက်ပိုင်း ကိုတင်ထွေးက ထိုကတော်ကြီးနှင့် မိတ်ကပ်လိမ်းရတော့ သရက်ကုန်း မြေအကြောင်း မသိမသာ တီးခေါက်ကြည့်သောအခါ မသိသလိုလို ပြောပြန်သတဲ့။ ကိုတင်ထွေးက “အပြင်မှာ အဲ့ဒီမြေတွေ သိမ်းပြီး စီမံကိန်း လုပ်မှာလိုလို ကြားလို့ပါ”ဟု ထပ်ပြောသောအခါ အလန့်တကြားနှင့် အဲ့ဒါ အန်တီတို့ အိမ်ကလူ ရုံးနဲ့ မသတ်သက်ဘူးနော် ဟု ပင် လက်တခါခါ ရှင်းသတဲ့။ ကိုတင်ထွေးက အတော်အကင်းပါးစွာ နှိုက်ယူခဲ့သည့် သတင်းက အတော်ကောင်းသည်။ ကျွန်တော်တို့အတွက် သတင်းထူးပဲ ဖြစ်ပါ၏။ ကောင်းမလား၊ ဆိုးမလား၊ တစ်ခုခုတော့ ပြတ်ပြတ်သားသား ကြားရတော့မှာ သေချာသည်။
အဆက်ဆက် ရာထူးတက် မြန်သူ
———————————–
သည်ကာလများတွင် နိုင်ငံတော်ကလည်း အတွင်းရေးမှူး ၁ က ဝန်ကြီးချုပ်ရာထူး တာဝန်ရယူပြီး မကြာမီ ကာလအတွင်း နိုင်ငံတော်၏ အသွင်ကူးပြောင်းရေး လမ်းပြမြေပုံ ၇ ဆင့် ကို ကြေညာခဲ့သည်။ ထို့ပြင် အာဆီယံ နိုင်ငံများနှင့် အနောက်နိုင်ငံများအကြား မြန်မာနိုင်ငံနှင့် မြန်မာအစိုးရ ဝင်ဆံ့နိုင်ရန်ကိုလည်း ကြိုးစားဆောင်ရွက်ခဲ့သည်။ ထိုခေတ် ထိုအခါ စစ်ဗိုလ်များတွင် သူက ရာထူးအတက်မြန်ကာ အစွမ်းထက်သူဟု ထင်ရှားသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကာလက အမှတ် (၁) စက်မှုဝန်ကြီး ဗိုလ်မှူးချုပ်တင့်ဆွေ နှင့် ဗိုလ်ချုပ်ကြီး နေဝင်း သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေဝင်း အထိ ကိုယ်ရေးအရာရှိအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ် အရေအခင်းကာလ မတိုင်ခင်တွင် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဖြစ်လာသည်။ ၁၉၈၃ အောက်တိုဘာ ၈ ရက်နေ့ ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် တောင်ကိုရီးယားနိုင်ငံမှ ဝန်ကြီးအချို့အား မြောက် ကိုရီးယားနိုင်ငံမှ ဝင်ရောက်လုပ်ကြံသည့် အရေးအခင်းအပြီးတွင် ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၈၈ အရေးအခင်းနောက် ၁၈-၁ဝ-၁၉၈၈ တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န-ဝ-တ) က အာဏာ ရယူသောအခါ န-ဝ-တ အဖွဲ့၏ အတွင်းရေးမှူး(၁) အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။
ထို့နောက် ၁၉၉၁တွင် ဗိုလ်ချုပ် ၁၉၉၃တွင် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာပြီး ၁၉၉၇တွင် နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီတွင် အတွင်းရေးမှူး (၁) တာဝန်ကို ဆက်လက်ရယူခဲ့ပါ၏။ ၂ဝဝ၂ တွင် ဗိုလ်ချုပ်ကြီး အဖြစ် တိုးမြှင့်ခံရကာ ၂ဝဝ၃ ခုနှစ်၊ ဩဂုတ်လ တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
စစ်ဗိုလ်သာမက နိုင်ငံရေးသမားအလုပ်တွေ
———————————————
၁၉၈၈ ခုနှစ်နောက်ပိုင်း ပြည်တွင်းရှိ လူထုလူတန်းစား အလွှာ အသီးသီးကြား လူထု မြင်ကွင်းတွင် စဉ်ဆက်မပြတ် ပုံရိပ်ထင်နေခြင်း၊ ဝါဒဖြန့်ချိမှုပုံစံက ပါးနပ် သွက်လက် လျင်မြန် ထိရောက်ခြင်း၊ ပြည်သူလူထု၏ လိုအပ်ချက်ကို ကြိုတင် ထောက်လှမ်း စုဆောင်းပြီး အပြည့်အဝ မဟုတ်သည့်တိုင် လိုဘပြည့် အခွင့်အရေးမျိုးဖြင့် ဖြည့်ဆည်းပေးခြင်း ဟူသော လူထုဆက်ဆံရေး လူထုဆက်သွယ်ရေးနည်းနာများကို မှန်မှန်ကန်ကန် အသုံးချတတ်ခဲ့သောကြောင့် အခြားသော စစ်ခေါင်းဆောင်များထက် ပို၍ ထင်ရှား လူသိများလာသည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ခဲ့ ကြသည်။ ထိုစဉ်ကာလ ဒေါ်ဒေါ်လူထုဒေါ်အမာ၏ သူ့အပေါ် သုံးသပ်ချက်ကိုလည်း ထူးထူးခြားခြား မှတ်မိနေပါ၏။ “သူက စစ်ဗိုလ်တင်မကဘူး၊ သူလုပ်ကိုင်နေပုံတွေက နိုင်ငံရေးသမားကွယ့်၊ နောင် အစိုးရရုံးတွေမှာ မစု(ဒေါ်အောင်ဆန်းစုကြည်) ပုံနဲ့ သူ့ပုံကို ယှဉ်ချိတ်ချင်ပုံရတယ်” တဲ့။
ကိုင်း.. ကျွန်တော်တို့ကတော့ နိုင်ငံတော် ပြည်အရေးထက် ကိုယ့်ရပ်ကွက်လေးသတင်း စောင့်နားထောင် ရုံပလေ။
ဆူးငှက်
