အောက်တိုဘာ ၁၁ ၊ ၂၀၂၆
TG (VOM)
ကြက်သွန်နီစျေး ဆက်တိုက်မြင့်တက်နေတဲ့အတွက် ကုန်သည်ဝယ်လက်တွေက မပေါ်သေးတဲ့ မိုးကြက်သွန် စိုက်ခင်းထဲအထိဆင်းပြီး ကြိုတင်စျေးဖြတ်ကာ ဝယ်ယူတာတွေ ရှိနေတယ်လို့ သိရပါတယ်။
မြစ်သားဘက်မှာဆိုရင် မိုးကြက်သွန်စိုက်ခင်းတွေထဲက သီတင်းကျွတ်လပြည့်ကျော်ရင် နူတ်မယ့် စိုက်ခင်းက ထွက်ရှိမယ့် ကြက်သွန်ကို တပိဿာ ၅၀၀၀ မှ ၅၅၀၀ ကျပ်လောက် စျေးဖြတ်ပြီး စရံတဝက်ပေးစနစ်နဲ့ ဝယ်ယူနေတာလို့ သိရပါတယ်။
ကြိုတင်စျေးဖြတ်ပြီး အရောင်းအဝယ်ပြုလုပ်ရာမှာ တောင်သူနဲ့ ကုန်သည်အကြား အရောင်းအဝယ်ပြုလုပ်မယ့် ကြက်သွန် ပိဿာချိန်အတိအကျ နဲ့ အဲဒီအတွက် စရံငွေ တဝက်နီးပါးပေးချေကြောင်းကို စာချုပ်စာတမ်းပြုလုပ် ဝယ်ယူတာ ဖြစ်တယ်လို့ သိရပါတယ် ။
” နိုဝင်ဘာပေါ်မယ့်အခင်းဆိုရင် ၅၀၀၀ နဲ့ဖြတ်တယ်။ ဒီဇင်ဘာဆိုရင် ၄၀၀၀ နဲ့ ဖြတ်ပြီး လာဝယ်နေကြတယ်။ ကုန်ချိန် ၂၀၀၀ ထွက်မယ့်အခင်းကိုမှ ၁၀၀၀ ပဲဖြတ်တာ။ ကြက်သွန်ပေါ်တာနဲ့ ဖြတ်ထားတဲ့စျေးနဲ့ စျေးဖြတ်ထားတဲ့ ၁၀၀၀ ကို ရောင်းပေးရမှာ ။ အဲဒီလို ဝယ်မယ့်ကုန်ချိန် ၁၀၀၀ အတွက်ကိုမှ စရံ တဝက်ပေးတာ။ ကုန်သည်က ပိုပါးနပ်တယ်။ မကြာခင်ပေါ်မယ့် အသစ်က ၄၀၀၀ စျေးအောက်ရောက်စရာမရှိဘူးဆိုတာ သိလို့ ခုလိုကြိုဝယ်နေတာ။ ဝယ်တာလည်း.စာချုပ်စာတမ်းနဲ့ ။” လို့ မြစ်သားမြို့နယ် ကြက်သွန်စိုက်တောင်သူက ပြောပါတယ်။
ဒါအပြင် မလှိုင်ဘက်မှာဆိုရင်လည်း မိုးကြက်သွန်စိုက်ခင်းထဲအထိ ဆင်းပြီး အောက်တိုဘာလကုန် နဲ့ နိုဝင်ဘာလ နူတ်မယ့် ကြက်သွန်ကို ၄၀၀၀ ကျပ်နဲ့ စျေးဖြတ်ပြီး ဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။
မလှိုင်ဘက်မှာတော့ ကြိုတင်စျေးဖြတ်ဝယ်တာကို တောင်သူအများစုက မရောင်းကြဘူးလို့ သိရပါတယ်။
” ဟုတ်တယ် ။မလှိုင် အခင်းထဲထိကို လာဝယ်နေကြတယ်။ သီတင်းကျွတ် လပြည့်ကျော် ဒီလကုန်၊နိုဝင်ဘာပေါ်မယ့် ကြက်သွန်ကို ၄၀၀၀ ကျပ်နဲ့ ကုန်ချိန်ဘယ်လောက်ဆိုပြီးဖြတ်ဝယ်ကြတာ။ ဒီမှာတော့ ကြက်သွန်ပိဿာချိန် ၁၀၀၀ ထွက်မယ့်အခင်းဆိုရင် စရံငွေ ၁၅ သိန်းချပေးထားတယ်။ နူတ်တာနဲ့ သူ့ကို ကုန်ချိန် ၁၀၀၀ ကို ၄၀၀၀ စျေးနဲ့ရောင်းရမယ်။ စျေးကျလည်း အဲဒီစျေးရမယ်။ စျေးတက်လည်း ဒီစျေးပဲရမယ် ပိုမရဘူးပေါ့။ ဒီက တောင်သူတွေက မရောင်းကြသေးဘူး ။ ” လို့ မလှိုင်မြို့နယ် ကြက်သွန် ၁၁ ဧက စိုက်ထားသူက ပြောပါတယ်။
ဒီနှစ်မှာ ကြက်သွန်စိုက်ပျိုးမှုကုန်ကျစရိတ်တွေ မြင့်တက်လာပေမယ့် ကြက်သွန်စျေးကောင်းတဲ့အတွက် မိုးကြက်သွန်နီ အသစ်ကို တဧကအထွက်နူန်း ၁၅၀၀ မှ ၂၀၀၀ ကြားထွက်ပြီး တပိဿာ ၄၀၀၀ ကျပ်လောက်ရောင်း ရရင် အကျိုးအမြတ်ရရှိနိုင်တယ်လို့ သိရပါတယ်။
မလှိုင်နယ်မှာတော့ မိုးကြက်သွန်စိုက်ပျိုးမှုကုန်ကျစရိတ်က ကြက်သွန်နုတ်တဲ့အထိဆိုရင် တဧကကို သိန်း ၃၀ ကျော်လောက်အထိရှိပြီး နေရာဒေသအလိုက် ၊ သုံးစွဲတဲ့ ဓာတ်မြေဩဇာ နဲ့ အထေထွေကုန်ကျစရိတ်အပေါ်မူတည်ပြီး စိုက်ပျိုးစရိတ် ကုန်ကျမှုက ကွာဟမှုရှိနိုင်ပါတယ်။
လက်ရှိမှာ နွေကြက်သွန်က ပစ္စည်းလက်ကျန်အလွန်နည်းလာပြီး မြင်းခြံကုန်စည်ဒိုင် ၊ ပခုက္ကူကုန်စည်ဒိုင်ကို ကုန်အဝင်နည်းလာပြီး ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ နယ်စုံကနေ ဝင်ရောက်မှုရှိနေပါတယ်။
” ပခုက္ကူမှာ ကြက်သွန်ကအရမ်းနည်းလာပြီး အဝင်ကို နည်းပြီး အလုအယက် ဝယ်ရတဲ့အခြေအနေပါ။ စားသုံးသူတွေအနေနဲ့ ဒီတလတော့ သည်းခံပြီး ဝယ်ယူစားသုံးရအုံးမယ်။ နောက်လဆိုရင်တော့အသစ်ပေါ်ရင် စျေးကျသွားမယ်။ ” လို့ ပခုက္ကူကြက်သွန်ပွဲရုံပိုင်ရှင်တယောက်က ပြောပါတယ်။
မိုးကြက်သွန်အသစ်ပေါ်ပါက စားသုံးသူတွေအနေနဲ့ အသစ်ကို စျေးအသင့်တင့်နဲ့ဝယ်ယူနိုင်မှာဖြစ်ပေမယ့် ကြက်သွန် အဟောင်းကတော့ ပစ္စည်းရှားပြီး လက်ကျန်နည်းတာကြောင့် အဟောင်းစျေးတန်းမှာပဲ ဆက်ရှိနိုင်တယ်လို့ကုန်သည်တွေက သုံးသပ်ထားပါတယ်။
လက်ရှိ ပခုက္ကူကုန်စည်ဒိုင်မှာ ကုန်ချိန် ၂၈၀၀ သာဝင်ပြီး စျေးတန်းက ၈၉၀၀ မှ ၁၀၀၀၀ ကြားအထိ စျေးပြတ်ကြောင်း ၊မြင်းခြံကုန်စည်ဒိုင်မှာလည်း နွေကြက်သွန် ပိဿာချိန် ၂၀၀၀၀ ကျော်သာဝင်ပြီး စျေးတန်းက ၈၀၀၀ မှ ၉၇၀၀ စျေးပြတ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ ကြက်သွန်ကား ၂၃ စီးဝင်ပြီး ဆိပ်ဖြူကြက်သွန်က ၇၉၀၀ မှ ၉၈၀၀ ၊ မြင်းခြံကြက်သွန်က ၈၂၀၀ မှ ၉၈၀၀ ၊ မုံရွာက ၈၀၀၀ မှ ၉၉၀၀ ကျပ်စျေးဖွင့်ထားပါတယ်။
တောင်သူအများစုလက်ဝယ်မှာ ကြက်သွန်မရှိချိန်ရောက်မှ ကြက်သွန်နီစျေးတွေ ဆက်တိုက် မြင့်တက်လာတဲ့အတွက် အဲဒီအကျိုးအမြတ်ကို တောင်သူအများစု မခံစားရဘဲ သိုလှောင်ထားတဲ့ ကုန်သည်၊ ပွဲစား အများစုသာ ခံစားရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – တောင်သူ/AYT
