အိန္ဒိယသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံသဘောတူစာချုပ်များ လက်မှတ်ထိုးဖွယ်ရှိ

ဒေလီ၊ ဒီဇင်ဘာ-၅-၂၀၁၈

မျိုးဆက် (VOM)

အိန္ဒိယသမ္မတ ရမ်နတ်ကိုဗင်းဟာ ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၄ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက် မှာဖြစ်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဌာနက ဒီဇင်ဘာ-၄ ရက်က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ရမ်နတ်ကိုဗင်းဟာ  မြန်မာနဲ့ အိန္ဒိယအကြား အရေးကြီးတဲ့ မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရေးအတွက် ထပ်လောင်းအတည်ပြုမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

၎င်းဟာ သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံသွားမှာဖြစ်ပြီး  မြန်မာနိုင်ငံနဲ့  အိန္ဒိယနိုင်ငံတို့အကြား သဘောတူစာချုပ်တွေကို  လက်မှတ်ရေးထိုးဖွယ်ရှိတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အိမ်နီးချင်းသာ ပထမ ဆိုတဲ့ အိန္ဒိယနိုင်ငံရဲ့ အရှေ့ပဓာန မူဝါဒအရ လွန်ခဲ့တဲ့  သုံးနှစ်တာကာလအတွင်း အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့အကြား နိုင်ငံရေး၊ စီးပွားရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုတွေ  ပိုမိုအားကောင်းခဲ့ပြီး  ၂၀၁၇ခုနှစ် စက်တင်ဘာလမှာတော့  အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်လည်း ယခုနှစ် ဇန်န၀ါရီလအတွင်းက အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

Ref: Indianexpress

Photo : PTI

#voiceofmyanmar#အိန္ဒိယသမ္မတ#မြန်မာနိုင်ငံခရီးစဉ်အတွင်းနှစ်နိုင်ငံသဘောတူစာချုပ်များ လက်မှတ်ထိုးဖွယ်ရှိ#

 

Related posts

✕
VOM News

FREE
VIEW