ရွှေတူးဖော်ရေး လုပ်ကွက်ဟောင်း မြေပြိုကျ ရွှေကျင်နေသူ ၂ ယောက်သေဆုံး

နိုဝင်ဘာ ၁၈-၂၀၂၀
ကိုတိုးကြီး (VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ်၊ မိုင်းနောင်းကျေးရွာရဲ့ အနောက်မြောက်ဘက် ၃ မိုင်အကွာနေရာက ရွှေလုပ်ကွက်ဟောင်းထဲမှာ မနေ့ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက မြေပြိုကျခဲ့တာကြောင့် လက်လုပ်လက်စား ရွှေရှာနေသူ ၂ ယောက် မြေပိပြီး သေဆုံးခဲ့တယ်လို့ လုံးတုံနယ်မြေရဲစခန်းကနေ သိရပါတယ်။

” မြေကျင်းပိပြီး သေဆုံးသွားတဲ့ သူ ၂ ယောက်ဟာ ရွှေကျင်နေရင်း ဖြစ်သွားတာပါ၊ မိသားစုစားဝတ်နေရေးအတွက် ပေါက်ပြားတစ်လက် အင်ဝိုင်းတစ်ချပ်နဲ့ မိုးလင်းမိုးချုပ်နေရာအနှံ့သွားပြီး ရုန်းကန်လုပ်စားရင်း အခန့်မသင့်တော့လည်း အခုလို အသက်ပါ ပေးလိုက်ကြရတယ် ” လို့ နန့်သာကျေးရွာက လက်လုပ် လက်စား ရွှေကျင်နေသူ တစ်ယောက်က ပြောပါတယ်။

မြေပြိုကျရာကနေ သေဆုံးသွားသူတွေဟာ အင်းတော်မြို့နယ် နန့်သာကျေးရွာက အသက် ၃၁ နှစ်အရွယ် အမျိုးသား တစ်ယောက်နဲ့ အင်းတော်မြို့နယ် အောင်ကုန်းကျေးရွာက အသက် ၄၁ နှစ် အရွယ် အမျိုးသား တစ်ယောက်တို့ဖြစ်ပြီး သေဆုံးသူ ၂ဦးရဲ့ ရုပ်အလောင်းတွေကို ရဲဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေက ရှာဖွေးတူးဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

လူသေဆုံးတာနဲ့ ပတ်သက်လို့ လုံးတုံနယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၆ / ၂၀၂၀ အရ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Photo-လုံးတုံနယ်မြေရဲစခန်း
#voiceofmyanmar #VOM #မိုးညှင်း #ရွှေတွင်းဟောင်းပြိုကျ #လူ၂ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW