ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းက ရွာသား ၂၀ ဦးကို သူတပါးအယောင်ဆောင် မဲပေးတယ်ဆိုပြီး အမှုဖွင့်

နိုဝင်ဘာ ၁၈-၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ တဲကြီးရွာနဲ့ အင်တိုင်းကြီးကျေးရွာက ဒေသခံပြည်သူ အယောက် ၂၀ ကို သူတပါးအယောင်ဆောင်ပြီး ကြိုတင်ဆန္ဒမဲပေးခဲ့တယ်ဆိုကာ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်-၂ ပြည်ခိုင်ဖြိုး ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းက မနေ့ နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းမှာ အမှုဖွင့်တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။

” တဲစုကျေးရွာက မဲရုံမှာ အောက်တိုဘာ ၂၉ ရက် ကြိုတင်မဲပေးရာမှာ မဲဆန္ဒရှင်တွေရဲ့ကိုယ်စား ဒေါ်သိမ့်ရတနာထွန်း အပါအဝင် လူ ၁၀ ယောက်က သူတပါး အယောင်ဆောင်ပြီး မဲထည့်ခဲ့တာကို မဲရုံကိုယ်စားလှယ်ဦးခင်မောင်လေးနဲ့ ဦးကျော်ရွှေတို့က ပါတီရုံးကိုတင်ပြထားတယ်၊ အင်တိုင်းကြီးရွာက မဲရုံမှာလည်း အလားတူကိစ္စကို ဒေါ်မာမာ အပါအဝင် လူ ၁၀ ယောက်က လုပ်ခဲ့တယ်ဆိုတာကို မဲရုံကိုယ်စားလှယ် ၄ ယောက်က ပါတီရုံးကို တင်ပြလာတာရှိတယ်”လို့ ခင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးက ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောပါတယ်။

အဲ့ဒါကြောင့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဦးမင်းသိုက်က သူတပါးအယောင်ဆောင်ပြီး ကြိုတင်မဲပေးခဲ့တဲ့ ဒေသခံ ပြည်သူ အယောက် ၂၀ ကို ခင်ဦးရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ တိုင်တန်းချက်ကို ခင်ဦးရဲစခန်းမှ (ပ)၃၇၆/၂၀၂၀ ၊ နဲ့ (ပ) ၃၇၇/၂၀၂၀၊ တိုင်းဒေသကြီးလွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ-၅၉(ဇ)အရ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ခင်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW