တပ်မတော်ကနေ UEC ကိုတရားစွဲတယ်ဆိုတဲ့ ကောလာဟလတွေထွက်နေ

ဒီဇင်ဘာ၂၅-၂၀၂၀

ဆွေလင်းထွန်း(VOM)

 

တပ်မဲရုံတွေဆီက ရရှိတဲ့ အမှုပေါင်း ၅၀၀ကျော်နဲ့ စစ်တပ်က UECကို တရားစစွဲလိုက်ပြီဆိုတဲ့ ကောလာဟလတခု လူမှုကွန်ယက်မှာ ပျံ့နေပါတယ်။ ခုကောလာဟလကို မောင်ပေါ်ဦး၊ ကိုကို၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-ဖျာပုံ၊ သီရိ၊ ဒေါ်သန်သန်းအေး၊ Nay Min၊ မင်းမင်း၊ Htat Myat၊ စစ်နိုင်အောင်၊ Hsu Sandi Wint အကောင့်တွေကနေ လူမှုကွန်ယက်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။

 

ခုကောလာဟလမှာ တပ်က UEC ကို တရားစဆွဲလိုက်ပြီး UEC ကို စာချွန်တော် ထုတ်လိုက်ပြီလို့ ရေးထားပါတယ်။ တိုင်းတတိုင်းစီက ဗိုလ်မှူးတယောက်စီ တာဝန်ခံပြီး အမှုစွဲဆိုတာကို တရားသူကြီးချုပ်က လက်ခံလိုက်ပြီလို့လည်း ထည့်ရေးထားပါတယ်။ အမှုတွေကို ဘယ်မှာစစ်မလဲဆိုတာကို ၂၆ ရက်နေ့မှာ သိရမယ်လို့လည်း အဆိုပါ ကောလာဟလမှာ ပါပါတယ်။

 

တပ်က UEC ကို တရားစွဲဆိုတယ်ဆိုတဲ့ ကောလာဟလနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဥက္ကဌဗိုလ်ချုပ်ဇော်မင်းထွန်းကို VOM က ဆက်သွယ်မေးကြည့်တော့

 

“မပြောတတ်ဘူးဗျ။ ကျနော်တော့ မသိသေးဘူး၊ သတင်းစာရှင်းလင်းပွဲတော့ မကြာခင်လုပ်မှာပါ” လို့ ပြောပါတယ်။

 

တပ်မတော်သားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေမဲပေးခဲ့တဲ့ မြို့နယ် ၂၁၈ မြို့နယ်က ရွေးကောက်ပွဲဖြစ်စဉ်တွေအပေါ်မူတည်ပြီးပြန်လည်စိစစ်သွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းတပ်မတော်အနေနဲ့ နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲရလာဒ်တွေကို အသိအမှတ်မပြုဘူးဆိုတဲ့ သတင်းမှားတွေ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့ပါသေးတယ်။

 

တပ်မတော်ကတွေ့ရှိထားတဲ့ မဲစာရင်းတွေ့ရှိချက်တွေဖြစ်တဲ့ အောင်မြေသာစံ၊ ရမည်းသင်း၊ ပျော်ဘွယ်နဲ့ တနိုင်းမြို့နယ်တွေက မဲစာရင်းတွေကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စိစစ်ပြီး တွေ့ရှိချက်တွေကို ဒီဇင်ဘာ ၂၃ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ၁ကြိမ်ထက်ပိုပြီး မဲပေးခွင့်ရစေနိုင်တဲ့ ထပ်နေတဲ့ မဲစာရင်းပေါင်း နဲ့ မဲမသမာမှုဖြစ်စေနိုင်တဲ့ မဲစာရင်းပေါင်းတွေကို ထုတ်ပြန်တဲ့ထဲမှာ ပါဝင်တာတွေ့ရပါတယ်။

 

#voiceofmyanmar #VOM #သတင်းမှားနဲ့ကောလာဟလ #တပ်မတော်နဲ့UEC

Related posts

Leave a Comment

VOM News

FREE
VIEW