ဇန်နဝါရီ ၂၇ -၂၀၂၁
ကိုတိုးကြီး(VOM)
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ အင်းတော်မြို့မရဲစခန်းမှာ ချုပ်နှောင်ထားတဲ့ အချုပ်တရားခံတွေထဲက အချုပ်သားတစ်ယောက်ဟာ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက ကသာအကျဉ်းထောင်ကို ပို့ဆောင်တဲ့အခါ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရတယ်လို့ သိရပါတယ်။
” မနေ့က ပြစ်ဒဏ်ကျ တရားခံ အမျိုးသား ၄၇ ယောက်ကို ကသာအကျဉ်းထောင်ကို ပို့ခဲ့တယ်၊ အကျဉ်းထောင်က ကျန်းမာရေးမှူးနဲ့အဖွဲ့က အဲ့ဒီတရားခံ ၄၇ ယောက်ကို ကျန်းမာရေးစစ်ဆေးချက်လုပ်တဲ့အခါ အင်းတော်ရဲစခန်း(ပ)၁၁၂/၂၀၂၀၊ ခြေချုပ်နဲ့ ခံဝန်ဥပဒေပုဒ်မ-၅၁ (စ)(ဆ) အမှုက တရားခံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတာကို အတည်ပြုတွေ့ရတယ်”လို့ အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိတစ်ယောက်က ပြောပါတယ်။
အဲ့ဒီ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ တရားခံကို ကသာအကျဉ်းထောင်က လက်မခံတာကြောင့် အင်းတော်ပြည်သူ့ဆေးရုံ Isolation room မှာ ဆေးကုသခံနိုင်ဖို့ သုခကာရီ လူမှုကူညီရေးအဖွဲ့က ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အချုပ်တရားခံဟာ မော်လူးနယ်မြေရဲစခန်းမှာ အချုပ်သား ၃ ယောက်နဲ့အတူ ချုပ်နှောင်ထားခဲ့တာကြောင့် အဲ့ဒီအချုပ်သားတွေနဲ့ အင်းတော်မြို့မရဲစခန်း အချုပ်ခန်းက အချုပ်သား အယောက် ၈၀ ကိုပါ ကျန်းမာရေးစစ်ဆေးချက်လုပ်ဖို့ မြို့နယ် ကျန်းမာရေးဌာနနဲ့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း ဗန်းမောက်မြို့နယ်ရဲတပ်ဖွဲ့က အချုပ်တရားခံတွေကို ကသာအကျဉ်းထောင် ပို့ဆောင်တဲ့အခါ အကျဉ်းထောင်ရဲ့ကျန်းမာရေးစစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့တဲ့ အချုပ်တရားခံတွေရှိခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါသေးတယ်။
#voiceofmyanmar #VOM #အင်းတော် #အချုပ်တရားခံ #ကိုဗစ်ပိုးတွေ့