ကရင်ရိုးရာဒုံးအကကို ယူနက်စကိုစာရင်းဝင်ဖို့ မျှော်လင့်ထား

ဇန်နဝါရီ ၂၈ -၂၀၂၁
ခွန်ခမ့်သူ(VOM)

ကရင်ရိုးရာဒုံးအကကို ကမ္ဘာ့အမွေအနှစ် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း(UNESCO)ဝင်ဖို့ အဆုံးထိမျှော်လင့်ထားတယ်လို့ ဇန်နဝါရီ ၂၆ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ UNESCOကို တင်သွင်းမယ့် ကရင်ရိုးရာဒုံးအက တင်ဆက်ကပြပွဲ အခမ်းအနားကနေ သိရပါတယ်။

အဲ့ဒီအခမ်းအနားမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က “UNESCO ကိုရောက်ဖို့ အဆုံးထိအောင် မျှော်လင့်ထားတယ်။ ရမယ်လို့လည်း မျှော်လင့်တယ်။ ကျမတို့ တိုင်းရင်းသားထဲမှာ အရင်တုန်းက ဒါတွေကို ပြုစုပျိုးထောင်ပြီးတော့ မှတ်တမ်းမသိမ်းဆည်းခဲ့ရင် အခုချိန်မှာ ကျမတို့ ဘာမှမလုပ်နိုင်ဘူး”လို့ ပြောပါတယ်။

ကရင်ရိုးရာဒုံးအကကို UNESCO တင်သွင်းနိုင်ဖို့ တစ်နှစ်ကြာ အချိန်ယူဆောင်ရွက်ခဲ့ရတယ်လို့ ပြည်နယ်အဆင့် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်ကပြောပါတယ်။

“ကျနော်တို့စခဲ့တာ လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက စပြီးဆွေးနွေးခဲ့တယ်။ အဖက်ဖက်က ဘက်ဂျက်ရရှိမှုအခြေအနေတွေ၊ ကိုဗစ်အခြေအနေတွေနဲ့ တော်တော်ကို အချိန်ယူပြီး လုပ်ခဲ့တယ်။ အချိန်တိုအတွင်း မှာလုပ်ဆောင်နိုင်ခဲ့တယ်”လို့ ဦးဘိုဘိုဝေမောင်ကပြောပါတယ်။

ကရင်ရိုးရာဒုံးအကကို ကမ္ဘာကပိုမိုသိရှိသွားပါက ကရင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သလို ကရင်ပြည်နယ်ကို လူတိုင်းစိတ်ဝင်စားလာကြမယ်လို့ ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ကရင်ရိုးရာဒုံးအကတွေဖြစ်တဲ့ ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီးခေတ်၊ မျက်မှောက်ခေတ်နဲ့ ပဒေသရာဇ်ခေတ် စတဲ့ ခေတ် ၄ ခေတ်ကာလက ဒုံးအကတွေကို စံချိန်စံညွှန်းအတိုင်း UNESCO တင်သွင်းမှာဖြစ်တယ်လို့လည်း သိရပါတယ်။

UNESCO ကိုတင်သွင်းနိုင်ဖို့ ကရင်ရိုးရာဒုံးအကကို ပြည်နယ်အဆင့်အနေနဲ့ မတ်လအတွင်း အပြီးပြင်ဆင်ဆောင်ရွက်သွားမှာဖြစ်ပြီး အမျိုးသားအဆင့်ဗဟိုကော်မတီမှာ ရွေးချယ်ခံရရင် UNESCO ကို ဆက်လက် တင်သွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကရင်ရိုးရာဒုံးအကအပြင် ရှမ်းပြည်နယ်မှ လက်ဖက်အသုံးပြုတဲ့ ဓလေ့၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းမှ ကြိုးကြီးချိတ်လုပ်ငန်းတွေကို UNESCO တင်သွင်းနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ဘားအံ #ကရင်ဒုံးအက #ယူနက်စကိုဝင်ဖို့ #မျှော်လင့်

Related posts

✕
VOM News

FREE
VIEW