မုံရွာမြို့ပေါ်မှာ တုတ်၊ ဓား ၊ လက်နက်မှန်သမျှ အကုန်လာအပ်ပေးဖို့ ရဲကားက လော်စပီကာနဲ့လိုက်အော်

မုံရွာ-ဧပြီ ၁၃ ၊ ၂၀၂၁

ကိုတိုးကြီး (VOM)

 

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က လူနေရပ်ကွက်တွေထဲမှာ တုတ် ဓား လက်နက်မှန်သမျှ ရဲစခန်းကို အကုန်လာအပ်ပေးဖို့ ရဲကားက လော်နဲ့ လိုက်အော် သတိပေးနေတယ်လို့ သိရပါတယ်။

အဲ့ဒီ သတိပေး ကြေငြာချက်မှာ ” တုတ် ဓား လက်နက်ကိုင်ဆောင်ခြင်းဟာ တရားဥပဒေက ခွင့်ပြုထားခြင်းမရှိတဲ့အတွက် မိမိတို့နေအိမ်မှာ တုတ်၊ ဓား၊ လက်နက်များ ထားရှိပါက ရဲစခန်းသို့ အမြန်ဆုံးလာရောက် အပ်နှံပေးကြရန်နှင့် သက်ဆိုင်ရာက လိုက်လံ စစ်ဆေးတဲ့အခါ တွေ့ရှိပါက တည်ဆဲ ဥပဒေအရ ပြင်းထန်စွာ အရေးယူမှာ ဖြစ်တယ် ” လို့ ကြေငြာနေတာ ဖြစ်ပါတယ်။

 

မုံရွာမြို့ပေါ်မှာ မြို့ပြ လူနေရပ်ကွက် ၃၁ ရပ်ကွက်ရှိပြီး  အေးသာယာရပ်ကွက်နေ ပြည်သူတစ်ယောက် ပြောတာက ” တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံ စစ်ဆေးပြီး သူတို့ စိတ်နဲ့ အဆင်မပြေရင် မီးဖိုချောင်သုံး ဓားကအစ ပြဿနာရှာမှာကို ကြောက်တယ် ” လို့ပြောပါတယ်။

 

အဲ့ဒီ ကြေငြာချက်နဲ့ ပတ်သက်လို့ မုံရွာမြို့ခံ တရားလွှတ်တော် ရှေ့နေ တစ်ယောက် ပြောတာက ” တုတ် ဓား လက်နက် ကိုင်ဆောင်ခြင်းကို တရားဥပဒေက ခွင့်ပြုမထားဘူးဆိုတာ အကြောင်းတရားရှိတယ် ၊ တုတ် ဓား တိုင်းကို ဆိုလိုတာမျိုး မဟုတ်ဘူး ၊ လယ်ယာလုပ်ငန်းခွင်းသုံး ၊ နေအိမ် မီးဖိုချောင်သုံး တုတ် ဓား ဟာ သူရှိရမယ့် နေရာမှာ ရှိနေဖို့နဲ့ သူသုံးရမယ့် နေရာမှာ ကိုင်ဆောင်သုံးဖို့ လိုတယ်၊ အသုံးအဆောင် ပစ္စည်းကို အသုံးအဆောင်နေရာမှာ ရှိနေတာက ပြစ်မှုမမြှောက်ဘူး ၊မီးဖိုချောင်သုံး ဓားတစ်ချောင်ဟာ မီးဖိုချောင်မှာမရှိပဲ ဆိုင်ကယ်တူးဘောက်ထဲရောက်နေရင်တော့ ပြစ်မှုမြှောက်တယ် ” လို့ ဖြစ်ပါတယ်။

 

.ဒါ့အပြင် ပစ္စည်မှန် နေရာမှန် အသုံးပြုပုံ နည်းလမ်းမှန်ဖို့ လိုအပ်သလို သဘောရိုးစွာ အသုံးပြုခြင်းဟာ ဥပဒေအရ ကုစားပိုင်ခွင့်ရှိတယ်လို့ အဲ့ဒီ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။

 

#voiceofmyanmar #VOM #မုံရွာ

 

ပုံစာ တုတ်ဓား လက်နက်တွေ လာအပ်ဖို့ ရဲကားမှ လော်နဲ့ လိုက်အော်နေပုံ

Related posts

Leave a Comment

VOM News

FREE
VIEW