ဖားကန့်နယ် သာယာကုန်းရွာဘေးမှာ မြေပြိုကျလို့ ရွာသား ၃ ဦး မြေပိပျောက်ဆုံးနေ

သြဂုတ် ၂၂ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ လုံးခင်းကျေးရွာအုပ်စု ၊ သာယာကုန်းကျေးရွာအနီးမှာ မြေပြိုကျမှုဖြစ်ပေါ်ပြီးနောက် ရွာသား ၃ ဦး မြေစာပိ ပျောက်ဆုံးနေတဲ့အတွက် အရေးပေါ် ကယ်ဆယ်ရှာဖွေရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးနေရတယ်လို့ မနေ့ သြဂုတ် ၂၁ ညနေပိုင်းမှာ ဖားကန့် ကယ်ဆယ်ရှာဖွေ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။
 
” မိုးအဆက်မပြတ်ရွာပြီး မြေသားတည်ငြိမ်မှုမရှိတာကြောင့် အခုလိုဖြစ်တာပါ ၊ သာယာကုန်းရွာနားက ခန့်မှန်း အမြင့်ပေ ၂ ရာကျော်လောက်ရှိမယ့် ကမ်းပါးယံပြိုကျလို့ ရွာသား ၃ ဦး မြေစာပိ ပျောက်ဆုံးနေတဲ့အတွက် ရှာဖွေကယ်ဆယ်ရေး လုပ်နေတာ ” လို့ ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ် ။
 
လုံးခင်ကျေးရွာအုပ်စု လူမှုကူညီရေး အသင်း စေတနာ့ဝန်ထမ်း တစ်ယောက် ပြောတာက ” မှော်စီစာရွာက ဦးထမူဒီးလတ် ၊ သာယာကုန်းရွာက ၊ ဦးလဂျာလွမ်းတောင်နဲ့
ကိုထမူဒီ အဲ့ဒီ လူ ၃ ယောက် မြေပိပျောက်ဆုံးနေတာ ၊ အခုထိတော့ ရှာဖွေနေရတုန်း ” လို့ပြောပါတယ်။
 
ကြီးမားတဲ့ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေ စုဝေးတည်ရှိရာ ဖားကန့် ရတနာမြေဟာ အခုလို မိုးရာသီ ကာလတွေမှာ မကြာခဏ မြေပြိုတာ နဲ့ ရေကြီး ရေလျှံ တာတွေ ဖြစ်ပေါ်လေ့ရှိပြီး အဲ့ဒီ သဘာဝ ဘေးဒဏ်တွေကြောင့် နှစ်စဥ် လူသေဆုံးမှုတွေဟာလည်း မြင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အဲ့ဒီလို ဖြစ်ပေါ်လေ့ရှိတဲ့ သဘာဝဘေးဒဏ်တွေကြောင့် ပြီးခဲ့နှစ်က ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်ဟောင်းတွေရှိတဲ့နေရာ ဝှေခါမှော်မှာ မြေပြိုကျပြီး ရွှန့်နွံကန်တွေပေါက်ကျခဲ့တဲ့အတွက် ရာနဲ့ချီတဲ့ ကျောက်မျက်လုပ်သားတွေဟာ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ပါသေးတယ်။
 
Photo -ZMH
ပုံစာ – ဖားကန့်ကျောက်တွင်းဟောင်းတနေရာ

Related posts

Leave a Comment

VOM News

FREE
VIEW