ပခုက္ကူမှာ အိမ်ပြင်ထွက်ရင် ပစ်မိန့်ပေးတယ်ဆိုတဲ့ ကောလာဟလကြောင့် ထိတ်လန့်

စက်တင်ဘာ ၊ ၃၀-၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မကွေးတိုင်း ပခုက္ကူမြို့မှာ အိမ်ပြင်ထွက်ရင် ပစ်မိန့်ပေးထားတယ်လို့ ဒီမနက်ပိုင်းက သတင်းတွေထွက်ပေါ်လာတာကြောင့် စျေးဆိုင်တွေပိတ်ပြီး အသွားအလာတွေရပ်စဲကာ အရောင်းအဝယ်တွေ ရပ်ဆိုင်းသွားတယ်လို့ ပခုက္ကူမြို့ခံတွေက ပြောပါတယ်။
 
” ကျွန်တော်တို့ မြို့ခံတွေက ဘာမှ မသိရဘူး ၊ သတင်းဌာန တခုက လိုင်းပေါ်တင်လိုက်မှ တမြို့လုံးကြောက်ပြီး ပြာတာခတ်ကုန်တယ် ၊ နယ်ကလာတဲ့ အရောင်းအဝယ်သမားတွေက မြို့ထဲမှာ ရှိနေတော့ အကြောက်ပိုပြီး နီးစပ် ဘုန်းကြီးကျောင်းနဲ့ အိမ်တွေမှာ ဝင်ခိုနေကြတာ ၊ ထွေအုပ်ရုံးကို လှမ်းမေးတော့ အဲ့ဒီ သတင်းက မဟုတ်ဘူးလို့ ပြောမှ မြို့ခံတွေ စိတ်သက်သာရာရတယ် ၊ ဒါတောင် ပုံမှန်အတိုင်း အသွားအလား မရှိတော့ဘူး ” လို့ ပခုက္ကူ ထင်းတန်းလမ်းက မြို့ခံ တစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် ပခုက္ကူမြို့ပေါ်မှာ အိမ်အ​ပြင်ထွက်ရင် ပစ်မိန့်ပေးတယ်ဆိုတာ ဟုတ်ပါသလားလို့ မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံးကို VOM ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ
 
” ကိုဗစ် ၁၉ ရောဂါ အရေးပေါ် တုန့်ပြန်ထိန်းချုပ်ရေး နဲ့ ကာကွယ်ရေး လုပ်စဥ်အရ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေအိမ်တွင်းမှာ နေထိုင်ကြဖို့ အသိပေးတာတော့ရှိတယ် ၊ ကိုဗစ်ရောဂါ ကူးစက်ပျံ့ပွားမှု အခြေအနေ ဖြတ်တောက်တာပါ ” လို့ ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူကဖြေကြား ပြောပါတယ်။
 
ပခုက္ကူ ကိုဗစ် ၁၉ ရောဂါ အရေးပေါ်တုန့်ပြန် ထိန်ချုပ် ကာကွယ်ကုသရေး ကော်မတီက မြို့တွင်း ရောဂါကူးစက်ပျံ့ပွားတာကို ထိန်းချုပ် ဖြတ်တောက်တဲ့ အနေနဲ့ Stay at Home အစီအစဥ် အရ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ အိမ်မှာတင် နေထိုင်ရမှာဖြစ်ပြီး ညနေ ၅ နာရီကနေ ည ၈ နာရီအထိ အပြင်ကို မဖြစ်မနေ ထွက်မယ်ဆိုရင် တစ်ယောက်ပဲထွက်ဖို့၊ ည ၈ နာရီကနေ မနက် ၄ နာရီအထိ မထွက်ဖို့ အသိပေးတာ ဖြစ်တယ်လို့ သိရပါတယ်။
 
ပခုက္ကူမြို့မှာ အခုလ ၂၈ ညနေခင်းက ကင်းလှည့်ကားထဲ ဗုံးပစ်သွင်း ခံရလို့ ရဲကားပေါ်ပေါက်ကွဲတာတွေ ဖြစ်ပြီးနောက် ရဲနဲ့စစ်သားတွေ မြို့နေရာ အနှံ့နီးပါး ချထားတာ ဒီကနေ့နဲ့ဆိုရင် ၃ ရက်ရှိသွားပြီလို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW