မက္ကဆီကို ရေနံပိုက်လိုင်းပေါက်ကွဲမှု သေဆုံးသူ ၈၅ ဦးအထိရှိလာ

မက္ကဆီကိုစီးတီး၊ ဇန်န၀ါရီ-၂၁-၂၀၁၉

မျိုးဆက် (VOM)

မက္ကဆီကိုနိုင်ငံအလယ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရေနံပိုက်လိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၈၅ ဦးအထိမြင့်တက်လာကြောင်း မက္ကဆီကို ကျန်းမာရေးဝန်ကြီးက  ဇန်န၀ါရီ ၂၀ ရက်မှာပြောပါတယ်။

ဇန်န၀ါရီ ၁၈ ရက်မှာ တီလာဟူလီပန်ခရိုင် ဟီဒယ်ဂိုပြည်နယ်မှာရှိတဲ့ ရေနံပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ  လူပေါင်း ၈၀၀ လောက်ဟာ ပေါက်နေတဲ့ ပိုက်လိုင်းက ရေနံတွေကို ခပ်ယူနေကြတာကြောင့် မီးလောင်ကျွမ်းပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အခင်းဖြစ်ရာနေရာမှာ မီးလောင်ကျွမ်းနေတဲ့ လူသေအလောင်းတွေကျန်ရှိနေဆဲဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖုံးအုပ်ထားပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူ ၇၄ ဦးကို ဆေးရုံတင်ထားရတယ်လို့ ဟီဒယ်ဂိုပြည်နယ် အုပ်ချုပ်ရေးမှူး အိုမာဖာရက်က ပြောပါတယ်။

မက္ကဆီကို သမ္မတ လိုပက်ဇ်အိုဘရာဒေါရဲ့ ရေနံသူခိုးတွေအပေါ် နှိမ်နှင်းတဲ့ မူဝါဒကြောင့် လောင်စာဆီရှားပါးမှုဖြစ်ပေါ်ပြီး ဒီလိုဖြစ်ရပ် ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ဝေဖန်ပြောဆိုပါတယ်။

လူတွေက သူတို့ရဲ့ကားတွေအတွက် လောင်စာဆီရမလားဆိုပြီး လာခဲ့ကြတာဖြစ်ပါတယ်။ ဒီနေရာ ဓါတ်ဆီဆိုင်တွေမှာ ဆီလုံးဝမရှိဘူးလို့  ဒေသခံတစ်ဦးကရိုက်တာသတင်းဌာနကို ပြောပါတယ်။

သမ္မတရဲ့ ဒီမူဝါဒကြောင့် ဒီဇင်ဘာလကတည်းက ရေနံပိုက်လိုင်းတွေကို ပိတ်ဖို့အမိန့်ထုတ်ခဲ့တာဖြစ်ပြီး ဒီလိုလုပ်ဆောင်ခဲ့တာကြောင့် မက္ကဆီကိုအလယ်ပိုင်းမှာ ရေနံပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

Ref : Reuter/ BBC

Photo : Reuter

#vocieofmyanmar#မက္ကဆီကိုရေနံပိုက်လိုင်းပေါက်

 

Related posts

✕
VOM News

FREE
VIEW