ရိခေါဒါရ် ဇန်န၀ါရီ ၂၅-၂၀၁၉
မိုင်ချယ်ရီ(VOM)
အိန္ဒိယနိုင်ငံ အမျိုးသားနေ့ ကျင်းပတော့မှာမို့ မြန်မာ-အိန္ဒိယ နယ်စပ် ချင်းပြည်နယ် ရိခေါဒါရ်နယ်စပ်မှာ ရှိနေတဲ့ နှစ်နိုင်ငံ နယ်စပ်တံတားကို ဇန်န၀ါရီလ ၂၅ ရက်နေ့ ကနေ စတင်ပြီး ၂ ရက်အကြာ ပိတ်ထားတယ်လို့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အမျိုးသားနေ့ဟာ ဇန်န၀ါရီလ (၂၆) ရက်နေ့ ဖြစ်တာကြောင့် ဒီနေ့က နေ စတင်ပြီးတော့ နယ်စပ်တံတားကနေ ကုန်စည်တင်ပို့တာ လူများ ဖြတ်သန်းသွားလာတာမလုပ်ဖို့ အိန္ဒိယဖက်ကနေ ပိတ်ထားခဲ့တာမို့ ကုန်စည်စီးဆင်းမှုလည်း ရပ်ဆိုင်းသွားပါတယ်။
ရိခေါဒါရ်မြို့မှာ ရှိတဲ့ နှစ်နိုင်ငံ နယ်စပ်တံတားကို တရာဝင်ကြေညာပြီး ပိတ်ထားခဲ့တာဖြစ်ပေမယ့် မြန်မာ-အိန္ဒိယနယ်စပ်တံတားဖြစ်တဲ့ စစ်ကိုင်းတိုင်း တမူးမြို့မှာ ရှိတဲ့ နယ်စပ်တံတားကိုတော့ အိန္ဒိယဖက်ကနေ တရာဝင် ပိတ်မယ်ဆိုပြီး ကြေညာထားတာ မရှိပေမယ့် ဖြတ်သန်းသွားလာတဲ့ လူအသွားအလာတော့ နည်းတယ်လို့ တမူးမြို့က တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
“ကုန်တွေကတော့ တင်ထားတယ်။ မနက်ဖြန်လဲ ပိတ်တယ် ဒီနေ့လဲ ပိတ်တယ် တစ်ဖက်ခါကလဲ တနင်္ဂနွေဆိုတော့ ကုန်တင်ထားပြီးကားတွေကို ဒီမှာပဲ ရပ်ထားတယ်။ တနင်္ဂနွေ နေ့လောက်ကို အခြေအနေကြည့်ပြီးမှ ထွက်မယ်” လို့ ကလေး-ရိဒ် နယ်စပ် ကုန်စည်တင်ပို့နေတဲ့ ယာဉ်လိုင်းအသင်းက ဂိတ်မှူး ဦးမြင့်လွင် က ပြောပါတယ်။
ဒီနယ်စပ်ဂိတ်နှစ်ခုကနေပြီး မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံဖက်ကို ကွမ်းသီးစို ကွမ်းသီးခြောက်၊ အုန်းသီး နဲ့ လူသုံးကုန် ပစ္စည်းတွေ တင်ပို့နေရပြီး အိန္ဒိယနိုင်ငံဖက်ခြမ်းကနေ မြန်မာနိုင်ငံအတွင်းကို မြေဆီ နဲ့ ချည်နဲ့ ဆိုးဆေးတွေ ပြန်လည်တင်ပို့တာဖြစ်ပါတယ်။
ဒီနယ်စပ်ဂိတ်နှစ်ခု ဟာဆိုရင်တော့ မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက်မှာ တရာဝင်ဖွင့်လှစ်ထားပြီး နှစ်နိုင်ငံနယ်စပ် အဓိက ကုန်စည် တင်ပို့ရာ လမ်းကြောင်း နှစ်ခုဖြစ်တာမို့ ၂နိုင်ငံက ကုန်သည်တွေအတွက် အထူးအလေးထားရတဲ့ ဂိတ်တွေဖြစ်ပါတယ်။
#voiceofmyanmar#အိန္ဒိယမြန်မာနယ်စပ်#ရိခေါဒါရ်ဂိတ်