သည်မိုး..သည်လေ ကူတော့

ဆူးငှက်

မှိုင်းအုံ့လို့ရီ…၊
တိမ်ခိုးမြူမှောင်နှင့် ဘယ်တောင်ကို ဘယ်လိုလွမ်းပါရ၊ညွှန်းဆိုတတ်ပြီ…။
နတ်တံပိုး မုရိုးကခတ်သံသည်…၊ဟန်ချီလို့အုံ့တုန်း….။
ရွာဘဲနှင့်ကျူ…၊သည်မိုးသည်လေကူတော့ပူသူမှာ ဖြေမသင်နိုင်ဘူး၊ တွေးချင့်ပါဦး(အုံး)။

မြန်မာပြည်အောက်ပိုင်းအနှံ့ ကိုရွှေမိုးက ရွာသွန်းမဆုံး တအုန်းအုန်းဖြစ်နေသော်လည်း မြန်မာပြည်အလယ်ပိုင်းမှာ မိုးက ဟန်ရေးတပြပြနှင့် မာယာများနေသေး၏။ အုံ့ကားအုံ့၏။ အုံ့သလောက် မိုးမဆင်..။ မိုးလုံးပြည့်မှိုင်း ညို့မျှဆင်သည်။ ဆင်သလောက်မရွာ။ ရုတ်ချည်းဒါသတကြီးရွာ၏။ ရွာသလောက်ရေမပါ..။ ထိုအခါ ထင်သာထင်၊ မဝင်ဘူး ကျောင်းအစ်မရေဟုပဲ ပြောရမလိုဖြစ်၏။

မည်သို့ဆိုစေ…အားလုံးသည် သဘာဝတရားအရ သီးခြား ကင်းလွတ်နေသည်ချည်းဖြစ်သည်။ ကိုယ့်ဆီမှာ မိုးလေမကြီးသဖြင့် စိုးရိမ်ဖွယ်မရှိဟု ပြောလို့မရ..။ ရခိုင်ရိုးမကို ဖြတ်သန်းကျော်လွှားနိုင်စွမ်းရှိသည့် မုန်တိုင်းလက်တံများက ကိုယ်နှင့်အလှမ်းဝေးလှချည့်ဟု
ဥပေက္ခာပြုလို့မရ…။ သည်ရေ သည်မြေ သည်တောင်၊သည်ယာသည် ကျောသားရင်သားခွဲခြားမရ။ တစ်ဆက်စပ်တည်းပင် မဟုတ်ပါလော…။ လက်သည်းဆိတ်လျှင် လက်ထိပ်နာရမည်။

ဟောကြည့် မြန်မာပြည် မြောက်ဘက် တောင်ကုန်းဒေသ၏ ကောင်းကင်ထိပ် ဟိမဝန္တာတောင်တန်းတွေပေါ်မှာ ရေခဲအရည်ပျော်တာတွေ…၊ သဘာဝမဟုတ်သော တောင်ပေါ်ရေအိုင်တွေမှာ မိုးများသည့်အခါ လျှံကျတာတွေကြောင့် ဧရာဝတီမြစ်ဖျားတွင် ရေကြီးသည်။

မြန်မာနိုင်ငံမှာက ရေကြီးခြင်း (၃)မျိုးရှိသတဲ့။ ဒေသကျယ်ရေကြီးခြင်း ၊ လျှပ်တစ်ပြတ်ရေကြီးခြင်းနှင့် မုန်တိုင်းများကြောင့် ပင်လယ်ရေလွှမ်းခြင်းတို့ဖြစ်သည်ဆို၏။ ဒေသကျယ်ရေကြီးခြင်းက မြစ်ကြီးများမှာပဲ ဖြစ်လေ့ရှိပြီး ရေလျှံမှုကြောင့် မြေနိမ့်လွင်ပြင်များမှာ ရေမြုပ်ရေကြီးခြင်းဖြစ်သည်။ နှစ်စဉ်ဖြစ်တတ်သော သဘာဝရှိ၏။

မြစ်ငယ်ချာင်းငယ်ရေများ၏ မြစ်ကြောင်းအောက်ခံကောလာခြင်း၊ ရေစီးနှုန်း ကွေးလာခြင်း၊ မြစ်ကမ်းနံဘေးမှ တောပြုန်းလာခြင်း စတဲ့ပြောင်းလဲလာသော ဂေဟအချက်များကြောင့် မိုးသဲသဲမဲမဲဆက်တိုက်ရွာသောအခါ ရေမျက်နှာပြင်လျှပ်တစ်ပြတ်မြင့်တက်လာသည်။ ကာကွယ်သတိပေးဖို့ပင် အချိန်မရတတ်။

မုန်တိုင်းများကြောင့် ရေကြီးခြင်းကတော့ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြစ်ဝချောင်းဝများမှာဖြစ်တတ်သော ရေကြီးမှုများဖြစ်သည်။ဘင်္ဂလားပင်လယ်အော်အတွင်းက မုန်တိုင်းများ မြန်မာ့ကမ်းရိုးတန်းဒေသများကိုဖြတ်ကျော်သောအခါမှ ဖြစ်တတ်သည့်သဘော…။

မန္တလေးမိုးက သိသိသာသာပုံစံပြောင်းနေတာ သုံးနှစ်နီးပါးရှိပြီ…။ အရင်က မရွာခင်ကလည်း ဟန်တစ်ခါပြင် ရွှေစင်ဆယ်တင်း။ ရွာပြီဆိုရင်လည်း ခုနှစ်ရက် ခုနှစ်လီ မပြီးနိုင် မစီးနိုင် အုံ့ကာလေ… တဖွဲဖွဲ ရွာလေ တသည်းသည်း…။ အခုတော့ မန္တလေးမိုးက ရွာချင်လျှင် ရုတ်ချည်း မျက်နှာမည်းကာ ဒေါသတကြီး ဝုန်းဒိုင်းကျဲသည်။ ပြီးပြန်တော့လည်း သူမဟုတ်သလို…နေကျဲကျဲ ပူပြီး မျက်နှာပြောင်တိုက်ပြန်၏။ ရွာသည့်နေရာမှာလည်း မျက်နှာပြောင်တိုက်သေးသည်။ အနောက်ခြမ်း ရွာပြီး အရှေ့ခြမ်းရွာချင်မှ ရွာသည်။ မစိုးရိမ် မီးပွိုင့်မှာ မိုးရွှဲရွှဲနစ်နေသူသည် မင်္ဂလာလမ်းကျော်ပြီး စည်ပင်ရုံးရှေ့မှာတော့ နေပူကျဲကျဲထဲ ခရီးဆက် ရတာမျိုးဖြစ်သည်။ အရာရာသည် ဖြစ်စဉ်သဘောသဘာဝနှင့် ဆုံးဖြတ်လို့ မရတော့.။ဖြစ်ချင်သလို ကံစီမံရာဆိုသလိုပေါ့လေ။

ဟိုး….ရှေးတုန်းကတော့ စည်မျက်နှာကဲ့သို့ ညီညာသောမြေပြင်အထက် တာဝတိံသာ နတ်နန်းတမျှ တင့်တယ်လှသော မန္တလေးရတနာပုံရွှေမြို့တော်ကြီး ပတ်လည်မှာ မြစ်၊ချောင်း၊ အင်း၊ အိုင် ကန်ရေပြင်တို့ ဝန်းရံသည်။ ထိုထိုသော ရေအရင်းအမြစ်များကို တောင်မှမြောက် တူးမြောင်းများဖြင့် တူးမြောင်းများဖြင့် ရွှေမြို့တော်ကြီးကို ဖြတ်သန်းပြီး ရေပေးဝေရေးပြုလုပ်ခဲ့သည်။ သုံးစွဲလောက်မှုမျှပင် မဟုတ်။ ဥတုသုံးပါးမျှတအောင်လည်း စီမံသည့်သဘောဖြစ်သည်။

ထို့ကြောင့် ရွှေမြို့တော်တွင်း အရှေ့ဖျား မှ အနောက်ဖျားသို့ တူးမြောင်း၊မြစ်ငယ်များ လုပ်အားဖြင့် စီမံရာတွင် လူနေထူထပ်၍ အရောင်းအဝယ်အချက်အခိာ ဈေးချိုတော်ကြီး အနောက်ဘက်မှဖြတ်စီးသည့် ရွှေတချောင်းသည် ရွှေလောင်းရွှေလှေများ ဥဒဟိုဖြတ်သန်းသွားလာကာ အနောက်ဘက် သင်္ဂဇာ ရေပြင်အထိ တရစပ်ရှိနေခဲ့ကြသတဲ့။ ထိုစဉ်က အခုလောက် လူဦးရေမများ၊ အခုလောက် အိမ်ခြေမများ လူခြေမထူထပ်၊ အခုလောက် ယာဉ်ရထား အသွားအလာမရှိ၊ အခုလောက်လည်း လူတိုင်းကိုယ်စီ တာဝန်မမဲ့ကြလေသောအခါ ရှေးရှေးက တူးဖော်ခဲ့ကြသော ရတနာနဒီမြစ်၊ငွေတချောင်း၊ ရွှေတချောင်းတို့သာမက ပါတော်မူပြီး နောက်ပိုင်း တူးဖော်ခဲ့သော ရေနီမြောင်း၊ ကိုလံဘိုမြောင်း စသည်တို့မှာလည်း ရေကောင်းရေရှင် သွင်သွင်စီးစေခဲ့သည်။ ခုနှစ်ရက် ခုနှစ်လီ စိမ့်စိမ့်စွေသော မိုးရေ အမြောက်အမြားကိုလည်း ပိန်းကြာရွက်ပေါ် ရေမတင်စေသကဲ့သို့ လျှောကျသွားစေခဲ့၏။

မန္တလေးမြူနီစီပယ်ဟူသော အဖွဲ့အစည်းကို ၁၈၈၇ခုနှစ် ဇူလိုင် ၂၂ရက်နေ့မှစတင်ဖွဲ့စည်းပြီးနောက်ပိုင်း ယခင်က လှည်းများအသွားအလာများပြားသည့် မြေလမ်းများကို ကျောက်ခင်း၊ မြို့ကွက်တွေ ဂရန်ချ၊ လမ်းမီးတွေ ထွန်း၊ အဝီစိတွင်းတွေ တူး၊ ရေဆိုးမြောင်းတွေဖောက်ကာ စနစ်ကျသော မြို့ကွက်အသွင် တည်ဆောက်ခဲ့သော်လည်း ထိုအခင်းအကျင်းများမှ မြို့လယ်ပိုင်းမျှသာ စစ်ခဲ့သည်။

ကျန်နေရာအများအပြားမှာက ကျောက်လမ်း ရေမြောင်းစသော မြို့သရုပ်မရှိသော်ငြား မူလရှိပြီး ရေရှင်ရေချောင်းနှင့် အရိပ်ရ သစ်ကြီးဝါးကြီးများက မပျက်မယွင်းကျန်ရစ်ပါ၏။ သည်တော့ ဥတုရာသီမျှတခဲ့သည်။ နောက်တော့ ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့ကြသည့်မို့ပြတည်ဆောက်ပြုပြင်များက အသစ်ကလည်းအဆင့်မမီ..။ သစ်ကြီးဝါးကြီးများလည်း ပျက်သုဉ်းခဲ့ရသည်က မျက်မြင်ကိုယ်တွေ့ဖြစ်ပါ၏။ မြို့၏အပြတိုင်းတွင်ရှိသော အရိပ်ရ သစ်ကြီးဝါးကြီများနေရာတွင် အစားထိုးလာသည့် အော်ရေးရှား၊ ဘော်စကိုင်းနှင့် တည်ပင်တို့သည် အရပ်မမြင့်၊ အရိပ်အဝန်းမကျယ်၊ နေရောင်ခြည် ခုခံနိုင်မှု ထုထည်ပါးလျားကာ ပျက်သုဉ်းသွားသော အပင်ကြီးများ၏ အာနိသင်နှင့် ခံ့ထည်မှုကို ခြေဖျားမျှပင် လိုက်မမီနိုင်ခဲ့။

ထိုနံရောအခါ…
နွေအခါလည်းအလျောက်… ‘ရွက်ဝါကြွေ…နွေမူးမူး၊ ရာသီ၊ ခါညီ လသာခေါင်၊ မြလွှာမှောင်၊ တောင်ခိုးမြူး’ချိန်မှာလည်း ကျောကော့အောင် ပူပြန်သည်။
မိုးလည်း မိုးအလျောက်.. ‘ပြာရိပ်မှန်၊ ဖန်ရှိန်ညိုလဲ့မှိုင်းလို့လေ။ ရွာအုံ့စေ၊ တိမ်ခြေမြနှယ်ဆိုင်းလို့လေး..’ဟူသော မိုးကာလမှာပင် မိုးရေတစ်စွက်မျှနှင့်ပင် လမ်းပေါ်ရေလျှံကာ တင်းခံနေတော့သည်။
ဆောင်းလည်း ဆောင်းအလျောက်… ‘မြမြမောင်းမောင်း၊ပြာအညိုရွှေ၊ တိမ်ခြေငွေနှင်းပေါင်း…’သည့် ဟေမာန်ဆောင်းကလည်း ကြာကြာမနေနိုင်။ ရက်၂ဝမျှလောက် ခဏတဖြုတ်အလည်လာပြီး ရုတ်ခြည်းထွက်ပြေးတော့၏။

မည်သို့ဆိုစေ၊ မိုးရွာမှ ပျိုးသာတော့မည်။ ခြောက်သွေ့သောအညာမြေမှာ အညာမိုးကြောင့် ကောက်ပဲသီးနှံ စပါးမကျန် စိုက်ကြရတော့မည်။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW