ဧပြီ ၂၇-၂၀၂၂
KT(VOM)
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ရွှေနှင့်ဒေါ်လာအမှုအတွက် နေပြည်တော်ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးက ဒီနေ့ (ဧပြီ ၂၇)မနက်ပိုင်းမှာပဲ ထောင်ဒဏ် ၅နှစ် ထပ်မံချမှတ်လိုက်တယ်လို့ သိရပါတယ်။
အဲ့ဒီအမှုအတွက် တရားလိုဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ညွှန်/မှူး ဦးရဲထက်ဖြစ်ပြီး အမှုကို စွဲချက်တင်ကြောင်း ဖေဖော်ဝါရီ ၂၈ရက်နေ့ ရုံးချိနးမှာ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီအမှုမှာ ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ (၆)သိန်းနဲ့ အကယ်ဒမီအခေါက်ရွှေ (၇)ပိဿာပေးခဲ့တယ်ဆိုကာ စွဲဆိုထားတဲ့အမှုဖြစ်ပြီး ထိုသို့ပေးခဲ့ကြောင်းကိုလည်း ဦးဖြိုးမင်းသိန်းက ၂၀၂၁ခုနှစ် အောက်တိုဘာ (၁)ရက်နေ့ရုံးချိန်းတွင် ထွက်ဆိုထားတာဖြစ်ပါတယ်။
အဲ့ဒီထွက်ဆိုချက်အပေါ် “အဓိပ္ပါယ်မဲ့”တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ (၄)ရက်နေ့မှာ မှတ်ချက်ပေးခဲ့ပြီး ရွှေနဲ့ဒေါ်လာတွေကို ဦးဖြိုးမင်းသိန်းက ပေးအပ်ခဲ့ခြင်းမရှိဘူးလို့လည်း မတ်လ (၁၄) ရက်နေ့ ရုံးချိန်းမှာ ထွက်ဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့တပတ်ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေများက ဦးဖြိုးမင်းသိန်းအနေနဲ့ အချုပ်သားဘဝဖြင့် ပြောဆိုခဲ့ခြင်းဖြစ်တဲ့အတွက် သူ့ရဲ့ပြောဆိုချက်မှာ သက်သေခံမဝင်ကြောင်း၊ တရားလိုဘက်က သက်သေအခိုင်အမာမပြနိုင်ကြောင်းတို့ကို အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပါသေးသည်။
လက်ရှိ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမှု (၆)မှုအတွက် ထောင်ဒဏ်စုစုပေါင်း ၁၁ နှစ်ကျခံရမှာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်ကို မလျော်သြဇာလွှမ်းမိုးသည်ဟုဆိုကာ စွဲဆိုထားတဲ့အမှုအပါအဝင် အမှုပေါင်း (၁၁)မှုနဲ့ ဆက်လက်တရားရင်ဆိုင်ရအုံးမှာ ဖြစ်ပါတယ်။
#voiceofmyanmar #VOM #ဒေါ်အောင်ဆန်းစုကြည် #အဂတိအမှု #ထောင်၅နှစ်ထပ်ချ