သက်တော်ရှည် လူထုကြီးပွားရေးစာအုပ်တိုက်

ဆူးငှက်

မန္တလေးမှာ စာ,နယ်,ဇင်းလုပ်ငန်းနဲ့ စာအုပ်ထုတ်ဝေရေးတွေ ရှေးကတည်းက ဖြစ်ထွန်းအားကောင်းခဲ့တာပါ။
လက်လှမ်းမီသလောက်ပြောရရင် (၁၈၇၄) ရတနာပုံနေပြည်တော်သတင်းစာ။ (၁၈၈၆) မန္တလေးတိုင်းသတင်းစာ။ (၁၈၈၇) မန္တလေးဟာရယ်သတင်းစာ။ (၁၈၉၉) အထက်ဗမာပြည်ဂေဇက်။ (၁၉၀၀) ဗမာ့တာရာသတင်းစာ။ (၁၉၀၇) ဘားမားခရစ်တစ်သတင်းစာ။ (၁၉၁၁) ရတနာပုံ မဂ္ဂဇင်း။ (၁၉၁၇) စီပီ မဂ္ဂဇင်း။ (၁၉၂၀) တိုင်းချစ်သတင်းစာ။ (၁၉၂၁) နေပြည်တော်ဂျာနယ်။ (၁၉၂၁) ဟုမ္မရူးသတင်းစာ။
(၁၉၂၇) မန္တလေးသူရိယ။ (၁၉၂၇)မြန်မာ့ဦးစွန်း။ (၁၉၄၀) ကြီးပွားရေးဂျာနယ်။ (၁၉၄၅) လူထုဂျာနယ်။
(၁၉၄၆) လူထုသတင်းစာ။ (၁၉၅၀) မန်းခေတ်သတင်းစာ။ (၁၉၅၀)မြန်မာ့လမ်းစဉ်။ (၁၉၅၀) ရွှေမန်းစာဆိုစာစောင်။ (၁၉၅၀)ရွှေမန်းအောင်စည်သတင်းစာ။ (၁၉၅၀) ဟစ်တိုင် သတင်းစာ။ (၁၉၆၀) ရွှေမန်းစည်တော်။ (၁၉၆၀)ရွှမန်းပြည်ကျော်။ (၁၉၆၅) မန္တလာစာစောင်။ (၁၉၆၆) မန္တလေးဂျာနယ်(တိမ်ကြားမင်းခေါင် ဦးစီး)စတာတွေဟာ မန္တလေးမြို့ထုတ် သတင်းစာ၊ စာစောင်၊ မဂ္ဂဇင်းတွေပါ။

စာအုပ်တိုက်တွေဆိုရင်လည်း (၁၉၃၈)မှာ ကြီးပွားရေး စာအုပ်တိုက်။ (၁၉၅၀) မှာ ချစ်ညိုတည်ထောင်တဲ့ မန္တလေးစာအုပ်တိုက်။ (၁၉၆၀) မှာ စိန်ပန်းမြိုင်စာအုပ်တိုက်။ (၁၉၆၀)မဇော်စာအုပ်တိုက်။ (၁၉၆၀) သက်ပန်စာအုပ်တိုက်။ (၁၉၆၀) အေးဗိမာန်စာအုပ်တိုက် စတာတွေအပြင် မိုးဦးပန်းစာအုပ်တိုက်၊ ဖန်မီးအိမ်စာအုပ်တိုက်၊ ရဲရင့်စာအုပ်တိုက်၊ မြကန်သာစာအုပ်တိုက်တွေလည်း ရှိခဲ့ဖူးပါတယ်။ ကြီးပွားရေးကို လှလို့ အမည်တွင်တဲ့ နောင် လူထုဦးလှတို့ စတင်တည်ထောင်ခဲ့ကြတာပါ။

ကြီးပွားရေး စာအုပ်တိုက်ကို စတင်ထူထောင်တာကတော့ ၁၉၃၈ ဇူလိုင်လပါတဲ့။ ကြီးပွားရေးစာအုပ်တိုက်မထူထောင်မီ ၁၉၃၄ ခုနှစ်လောက်ကတည်းက ကြီးပွားရေးမဂ္ဂဇင်းကို အယ်ဒီတာ ကိုလှ က ထုတ်ဝေနေပါပြီတဲ့။ အဲဒီခေတ် အဲဒီအခါကထုတ်ဝေတဲ့ ကြီးပွားရေးမဂ္ဂဇင်းဟာ လူငယ်များ ကျန်းမာသန်စွမ်းပြီး ပညာတွေတတ်၊ အမြင်တွေကျယ်ကာ တိုင်းပြည်လွတ်လပ်ရေး ကြီးပွားရေးလမ်းကြောင်းကို စိတ်အားထက်သန်စွာ ကြံဆောင်ကြစေဖို့ ရည်ရွယ်ခဲ့တာပါပဲ။ ဒါ့ကြောင့်လည်း ကြီးပွားရေး မဂ္ဂဇင်းက အဲဒီခေတ် အဲဒီအချိန် အခြားမဂ္ဂဇင်းစာစောင်များမှာ ပါလေ့ရှိတဲ့ မိန်းကလေးလှလှနဲ့ မျက်နှာဖုံးမျိုးမဟုတ်ဘဲ ကျိုးနေတဲ့ထီး
ပေါက်နေတဲ့ စည်ရှေ့မှာ မားမားရပ်နေတဲ့လူငယ်ပုံမျိုး၊ ကြွက်သားအပြိုင်းပြိုင်းနဲ့ ပုဆိန်ကို တအားလွှဲပေါက်နေတဲ့လူငယ်ပုံမျိုး၊ စူးဆောင်ကိုင်ပြီး တစ်စုံတစ်ခု ဖန်တီးနေတဲ့လူငယ်ပုံမျိုး၊ မြန်မာပြည်မြေပုံပေါ်က အပင်ကို ရေလောင်းနေကြတဲ့ ယောက်ျားပျို၊ မိန်းမပျိုပုံမျိုးတွေပဲဖြစ်သတဲ့…။

မဂ္ဂဇင်းအတွင်းမှာလည်း လူငယ်တွေ စုပေါင်းလမ်းလျှောက်လေ့ကျင့်ကြတဲ့ ဓာတ်ပုံသတင်းလို၊ ကာလကတ္တားမှာကျင်းပတဲ့ ကိုယ်ကာယအလှပြိုင်ပွဲမှာ ဇော်ဝိတ်ကြီး ဗိုလ်စွဲသွားတဲ့သတင်းမျိုး၊ ပညာချွန်တဲ့ကျာင်းသားတွေ အထ္တုပ္ပတ္တိအကျဉ်း၊ မဟာဝိဇ္ဇာဘွဲ့ရ မောင်သိန်းဟန် အင်္ဂလန်သွားပြီး စာကြည့်တိုက်ပညာ သင်ယူတဲ့ အကြောင်း၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ရ မောင်အေစန်း၊ အင်္ဂလန်မှာ အိုင်စီအက်စ်အုပ်ချုပ်ရေး ပညာသွားရောက်သင်ယူတဲ့ အကြောင်း၊ နေသူရိန်ရဲ့ ‘မကြောက်တရား’ဆောင်းပါးများ။ ဦးတင့်ဆွေ(ဘီအေ-ဘီအမ်)က မန္တလေးမှာ လူမျိုးခြားတွေ စီးပွားရေး လက်ဝါးကြီးအုပ်ထားတဲ့အကြောင်း၊ ဝါးခယ်မ ဦးဘထွား(ရှေ့နေ)က ဒိစတြိတ်ကောင်စီလူကြီးတွေ လာဘ်စားတဲ့ အကြောင်း၊ ကလေးစာပေအကြောင်း၊ မှော်ဘီဆရာသိန်းကြီးရဲ့ ရှေးဟောင်းနှောင်းဖြစ် စာတမ်း… စတဲ့…
စတဲ့… လူငယ်တွေ တိုးတက်ရာ တိုးတက်ကြောင်း၊ ကြီးပွားရာ ကြီးပွားကြောင်း ဆောင်းပါးတွေ၊ ပြဇာတ်တွေ၊ စာတမ်းတွေ ထည့်သွင်းထားပါသတဲ့။

အသက် ၂၃ နှစ်အရွယ်မှာပဲ ကြီးပွားရေးမဂ္ဂဇင်းကို လူငယ်များကြီးပွားရေးအသင်းခွင့်ပြုချက်နဲ့ အယ်ဒီတာတာဝန်ယူကာ ကြီးပွားရေးကိုလှက ထုတ်ဝေသလို
တစ်ဖက်ကလည်း သူ့ရဲ့ပထမဆုံးလုံးချင်းစာအုပ်ဖြစ်တဲ့ ‘ဆိုဗီယက်ရုရှား’နဲ့ ‘ထိပ်ဆုံးသို့’ဆိုတဲ့ စာအုပ် ၂
အုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့ပါတယ်။ ကြီးပွားရေးစာအုပ်တိုက်အနေနဲ့ ပထမဆုံးထုတ်ဝေတဲ့စာအုပ်ကတော့ ကာတွန်းဦးဘဂျမ်းရဲ့ “ကိုပြူးနဲ့ မပြုံး”ရုပ်ပြကာတွန်းဖြစ်ပါတယ်။

မဂ္ဂဇင်းရော စာအုပ်တိုက်ရော ပြိုင်တူလုပ်ကိုင်နေရာက ၁၉၃၉ ခုနှစ် နိုဝင်ဘာလမှာ မန္တလေးသူ၊ သပိတ်မှောက်ကျောင်းသူ မအမာနဲ့အကြောင်းပါပြီး မဂ္ဂဇင်းရော စာအုပ်တိုက်ပါ မန္တလေးရွှေ့ပြီး မန္တလေးအခြေစိုက် ထုတ်ဝေပြန်ပါတယ်။ မန္တလေးရောက်ပြီးမကြာခင်မှာပဲ ဒုတိယကမ္ဘာစစ်ဖြစ်လို့ တစ်မိသားစုလုံး မန္တလေးခွာပြီး မတ္တရာဘက် စစ်ပြေးကြသတဲ့။ မတ္တရာနယ် ကပိုင်ရွာမှာ စစ်ခိုတုန်း ကြီးပွားရေးစာအုပ်တိုက်အနေနဲ့
“လူထုဂျာနယ်”ကို စတင်ထုတ်ဝေနေပါပြီ။ ၁၉၄၅ ခုနှစ် ဇူလိုင်လကစပြီး ထုတ်ဝေတာပါ။ ၁၅ ရက် တစ်ကြိမ်ထုတ် ဂျာနယ်ဟာ စစ်ကြီးအတွင်းမို့ စက္ကူဖြူမရှိလို့ မီးခြစ်ပုံးခွံအပြာရောင်စက္ကူများနဲ့ ထုတ်ဝေကြရတယ်။ စစ်ပြေးနေရင်းပဲ ‘လူထုဂျာနယ်’အပြင်၊ သားဦးယောက်ျားလေးအတွက် ‘ဆုထူးပန်ယောက်ျား’ဆိုတဲ့ စာအုပ်အပါအဝင် စာအုပ် ၂ အုပ်လည်း ထုတ်ဝေခဲ့သတဲ့။

၁၉၄၆ ခုနှစ် ဧပြီ ၁၉ ရက်နေ့မှာ လူထုသတင်းစာကို စတင်ထုတ်ဝေသလို၊ ၁၉၅၉ခုဇန်နဝါရီလမှာ လူထုဂျာနယ်ရပ်ပါတယ်။ လူထုသတင်းစာရဲ့ အယ်ဒီတာချုပ်များအဖြစ် ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှ၊ လူထုဒေါ်အမာတို့ဖြစ်တယ်။ လူထုသတင်းစာက ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့စာပေဂုဏ်ဒြပ်တွေဖြစ်တဲ့ အလုပ်သမား၊ လယ်သမားအရေး၊ အမျိုးသားရေး၊ စာပေယဉ်ကျေးမှုနဲ့ ငြိမ်းချမ်းရေးတွေကို ဆက်လက်
သယ်ဆောင်ခဲ့တယ်။ မြန်မာ့သတင်းစာသမိုင်းမှာ ‘သိက္ခာရှိသောသတင်းစာ’အဖြစ် မဏ္ဍိုင်စိုက်ထူနိုင်ခဲ့တယ်။ ဒါကြောင့်လည်း အဆက်ဆက် အစိုးရများရဲ့ မျက်စိစပါးမွှေးစူးခံရကာ ဖိနှိပ်မှုတွေလည်း ဆက်တိုက်ခံခဲ့ရတယ်။

၁၉၄၉ ခုနှစ်မှာ အစိုးရက သတင်းစာတိုက်ကို မိုင်းခွဲဖျက်ဆီးခဲ့တယ်။ ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှတို့လည်း အကြိမ်ကြိမ်ဖမ်းဆီးထောင်ချခဲ့တယ်။ လူထုအယ်ဒီတာတွေ လူထုနဲ့ပတ်သက်သူတွေကိုလည်း မျက်မုန်းကျိုးကာ အပြစ်မရှိ အပြစ်ရှာဖမ်းဆီးခဲ့တယ်။ သတင်းစာကိုလည်း ၁၉၆၇ ခု ဇူလိုင်လ ၇ ရက်နေ့မှာ ဆက်လက်ထုတ်ဝေနိုင်ခြင်းမရှိအောင် လုပ်ငန်းလိုင်စင်ချထားမှု ရပ်ဆိုင်းခဲ့တယ်။

လူထုကြီးပွားရေးစာအုပ်တိုက်ဟာ မင်းဒဏ်လည်း အကြိမ်ကြိမ်သင့်ခဲ့သလို သဘာဝဘေးဒဏ်အဖြစ် ၁၉၈၄ ခုနှစ် မတ်လ ဦးကျားကြီးဝင်း မီးဘေးမှာ ပုံနှိပ်တိုက်အလုပ်ရုံနဲ့ ဂိုဒေါင်တွေဘာမှပြန်မရလောက်အောင် မီးဘေးသင့်ခဲ့ပါတယ်။ ၁၉၈၄ခုနှစ်၊မတ်လ (၂၄)ရက် နေ့လယ်၂နာရီ၄၅မိနစ်မှာ မန္တလေးမြို့လယ်
ဦးကျားကြီးဝင်းက စတင်လောင်ကျွမ်းလိုက်တဲ့ မီးဟာ မန္တလေးတစ်မြို့လုံးသာမက နိုင်ငံနဲ့အဝှမ်း တုန်လှုပ်ချောက်ချား သွားစေခဲ့တယ်။မန္တလေးကို မြို့နယ် (၄)မြို့နယ် ပိုင်းခြားထားတဲ့အနက် ဒီမီးက မြို့နယ် (၃)မြို့နယ်က အိမ်ခြေပေါင်း (၂၃၀၀)ကျော်ကို ပြာကျစေခဲ့တယ်။ အဲဒီခေတ်က ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း (၃၀၀၀) နီးပါးရှိခဲ့တယ်။ဒီ မီးဘေးကြီးမှာ လက်ဆည်ကန် ဂုန္တန်ဝင်းထဲမှာ တည်ရှိတဲ့ လူထုကြီးပွားရေး ပုံနှိပ်တိုက်နဲ့ စာအုပ်ဂိုဒေါင်ပါ မီးဘေးသင့်ခဲ့ပါတယ်။

၁၉၈၄ခုနှစ် မီးဘေးအပြီးမှာ စက်တစ်လုံးမှမရှိတော့တဲ့ အခြေအနေ၊ သားဖြစ်သူ ထောင်တန်းကျနေတဲ့ အခြေအနေကနေ မိခင်မုဆိုးမကြီးနဲ့ အိမ်မှာကျန်ရစ်တဲ့ သမီးများကဦးစီးပြီး လုပ်ငန်းပြန်လည် လည်ပတ်ကြရတယ်။ ဖခင်ကြီးလက်ထက်ကတည်းက ကိုင်စွဲခဲ့တဲ့
မူအတိုင်း လူထုကြီးပွားရေး စာအုပ်တိုက်ကနေ စာအုပ်တွေဆက်တိုက် အစဉ်မပြတ်ထုတ်ဝေခဲ့တယ်။ ပြည်သူလူထုအတွက်၊ စာပေယဉ်ကျေးမှုအတွက်၊ အမျိုးသားရေးအတွက်၊ တစ်လျှောက်လုံးဖြစ်ပွားနေဆဲ ပြည်တွင်းစစ်ကြီးရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး အတွက်ရှေ့ရှု့တဲ့ စာအုပ်တွေကိုပဲ အချိန်ယူ ထုတ်ဝေခဲ့တယ်။

လူထုကြီးပွားရေးစာအုပ်တိုက်ရဲ့ ဒီကနေ့အထ နှစ်၈၀သက်တမ်းမှာ စာအုပ်ရေ ၃၀၀ ကျော် ထုတ်ဝေပြီးပါပြီ။ ဒါဟာ နှစ်၈၀အတွင်း တကယ်အကျိုးရှိတဲ့စာအုပ်တွေကိုပဲ သတ်သတ်မှတ်မှတ် စီစီစစ်စစ် ရွေးချယ်ထုတ်ဝေခဲ့တဲ့သဘောပါ။ စာအုပ်စင်မှာ ထာဝရထားရှိရမယ့်စာအုပ်တွေပဲပေါ့။

လာမယ့် ၂၀၂၂ခုနှစ် ဇူလိုင်လဆိုရင် လူထုကြီးပွားရေးစာအုပ်တိုက် ၈၄နှစ်ပြည့်ပါပြီ။ နောင်နှစ်ပေါင်းများစွာ သားစဉ်မြေးဆက်တိုင် နိုင်ငံနှင့်လူမျိုးအကျိုး ဆာင်ရွက်ဦးမှာ သေချာပါတယ်။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW