တရုတ်ဘက်မှာ ကိုဗစ်ပိုးတွေ့တယ်ဆိုတာကြောင့် မုံးကိုးမှာ ကြံကားများ ရာနဲ့ချီပိတ်မိနေ

မေ ၂-၂၀၂၂
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့မှာ မုံးကိုး – မန်ဟိုင်း နယ်စပ်ဂိတ်မှ တဆင့် တရုတ်နိုင်ငံကို တင်ပို့မယ့် မြန်မာဘက်က ကြံကားတွေ ပြီးခဲ့တဲ့တပတ်က ကိုဗစ်ပိုးတွေ့ အကြောင်းပြချက်ကြောင့် ခေတ္တ ပိတ်လိုက်လို့ ကြံကား ရာနဲ့ချီ မုံးကိုးမြို့နဲ့ အနီးနားတွေမှာ ပိတ်မိနေလို့ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ပိုး စစ်ဆေးတွေ့ရှိတယ်ဆိုပြီး အရင်တပတ်လောက်က ပိတ်သွားတာ။ အဲဒါကြောင့် ကားတွေ ပိတ်မိကုန်တာ။ အခုတော့ ပြန်ဝင်လို့ရပြီ။ ကြံကားတွေ ပိတ်မိနေတာ ၁၀ ရက်ကျော်ခန့်ရှိပြီ၊ ပန်ဆိုင်းလမ်းဘက်က နမ့်ပန်းချောင်းကနေ စပိတ်တာ။ မုံးပေါ် လမ်းဘက်ကလည်း ခါ့ဆန်ရွာကနေ ပိတ်မိနေတယ်။ ဖောင်းဆိုင်ဘက်ကနေ ဝင်လာတာလည်း မြို့တွင်းထဲပဲ ပိတ်မိနေတယ်။” လို့ မုံးကိုး မြို့ခံတဦးက ပြောပါတယ်။

နယ်စပ်ဂိတ်ကနေ ဝင်ခွင့်ပြုပြီဖြစ်ပေမယ့် ၁ ရက်ကို ၁၀ စီးခန့်သာ လောလောဆယ် ဝင်လို့ရတဲ့အပြင် ၄၈ နာရီ ပိုးသတ်ထားရသေးတာကြောင့် ကြန့်ကြာနေပြီး အခက်အခဲဖြစ်နေတယ်လို့ ကြံစိုက်တောင်သူ ၁ ဦးက ပြောပါတယ်။

“၁ ရက်ကို ၁၀ စီး လောက်ပဲ ဝင်လို့ရတယ်။ ပိတ်မိနေတာတော့ ရာချီရှိမယ်။ ၁ ခါထဲ ဝင်လို့မရလို့ ကြံတွေ စိုက်ထားသလောက် ရောင်းကုန်ဖို့ မဖြစ်နိုင်ဘူး။” လို့ သူက ရှင်းပြပါတယ်။

ယခင်နှစ်ကတော့ ကိုဗစ်ရောဂါ ဖြစ်ပွားတာ ရှိခဲ့ပေမယ့် ဒီနှစ်လောက် အခက်အခဲမရှိဘဲ တင်ပို့နိုင်ခဲ့တယ်လို့ မုံးပေါ်ဒေသက ကြံစိုက်တောင်သူ ၁ ဦးက ပြောပါတယ်။

လက်ရှိမှာ ကျင်းစန်းကျော့ – မန့်မန်း (ဝမ်တိန်) နဲ့ ကြူကုတ် (ပန်ဆိုင်း) – ဝမ်တိန် ဂိတ်တွေကနေ ကြံတင်ပို့ ခွင့် မပြုတာကြောင့် ဧပြီလ ၁၂ ရက်နေ့ကစ မုံးကိုး – မန့်ဟိုင်းဂိတ်နဲ့ ဖောင်းဆိုင်ဘက်က ရေပူစမ်း – ရှောက်ဂိုင်းဂိတ်ကနေ တင်ပို့နေရတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မုံးကိုး #ကြံကားတွေပိတ်မိနေ

Related posts

Leave a Comment

VOM News

FREE
VIEW