ဇွန် ၂၃-၂၀၂၂
VOM (GG)
ပြည်မြို့၊ကျောင်းကြီးအိုးတန်းရပ်ကွက် ကုန်သည်လမ်းကမုန့်မျိုးစုံရောင်းချတဲ့ဆိုင်တဆိုင် ဒီကနေ့ မနက် ၁၀ နာရီခန့်က အနုကြမ်းစီးခံရပြီး လုယက်သူကိုဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဝင်ရောက်လုယက်စဥ် ဆိုင်ပိုင်ရှင် မိသားစုဝင်တဦး ကတ်ကြေးနဲ့အထိုးခံရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။
” မုန့်ဆိုင်ထဲမှာ ကျမအမ တယောက်ပဲရှိနေတာ၊ အဲ့ဒီအချိန်မှာ ဘာမပြောညာမပြောနဲ့ အနားမှာရပ်နေတဲ့အမကို ဇာတ်ခနဲပါးစပ်ကို သူ့လက်နဲ့ လှမ်းပိတ်လိုက်ပါတယ် ၊ ပါးစပ်ကိုပိတ်ထားတဲ့အချိန်မှာပဲ အသင့်ယူဆောင်လာတဲ့ ကပ်ကျေးနဲ့ ညာဖက် နားရွက်အနောက်နားက လည်ပင်းနေရာကို ထိုးပါတယ်၊ကျမ အမက ပါးစပ်ကိုအုပ်လိုက်တဲ့အချိန်မှာပဲ အနုကြမ်းသမားရဲ့လက်ကို အားကုန်သုံးပြီး ဆွဲဖယ်ပါတယ် အော်နိုင်သလောက်လည်း အော်ဖို့ကြိုးစားပါတယ်၊ ရုန်းရင်းဆန်ခတ်ဖြစ်နေတာမို့ အနုကြမ်းသမားက ချက်ကောင်းကိုမထိုးနိုင်ခဲ့ပါဘူး “လို့ ဆိုင်ပိုင်ရှင်ကပြောပါတယ်။
ဆိုင်ထဲကို ဝင်ရောက်လုယက်သူဟာ အသက် ၁၇ နှစ်အရွယ် လူငယ်တဦးဖြစ်ကြောင်း၊ ဆိုင်ထဲကနေ ထွက်ပြေးစဥ် ဆိုင်ပိုင်ရှင် အမျိုးသားဖြစ်သူက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိမှာ လုယက်သူကို သက်ဆိုင်ရာရဲစခန်းက အမှုဖွင့်ပြီး အရေးယူမှုပြုလုပ်နေတယ်လို့သိရပါတယ်။
ပြည်မြို့မှာ ရွှေဆိုင်ဓားပြတိုက်ခံရတာ၊ ဆိုင်ကယ်နဲ့ဖုန်းလုယက်ခံရတာ၊ ဝတ်ဆင်ထားတဲ့ရွှေလုခံရတာ ၊နေအိမ်က ရေမော်တာစက်တွေ ဖြုတ်ခိုးခံရတာတွေရှိခဲ့ပါတယ်။
#voiceofmyanmar #VOM #ပြည်မြို့ #အနုကြမ်းစီးခံရသတင်း