ရန်ကုန် ဖေဖေါ်ဝါရီ၆-၂၀၁၉
TGH (VOM)
အီလက်ထရွန်းနစ်ဖုန်းဘီလ်ဖြည့်သွင်းခြင်းဝန်ဆောင်မှုပေးတဲ့ Red Dot ကုမ္ပဏီအနေနဲ့ ဗဟိုဘဏ်မှာ လိုင်စင်လျှောက်ထားခဲ့တာမရှိသလို ခွင့်ပြုခဲ့တာလည်းမရှိတဲ့အတွက် သက်ဆိုင်မှုမရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောပါတယ်။
“သူတို့ ဘာအလုပ်လုပ်လဲ။ သူတို့နဲ့ ဆက်စပ်နေတဲ့ကုမ္ပဏီတွေက ဘာတွေလဲ။ ပင်နံပါတ်ထုတ်ပေးတာ ဘယ်သူတွေလဲ။ ကျွန်တော်တို့က ဒီဟာတွေပေါ်မှာ မဝေဖန်လိုပါဘူး။ စဉ်းစားကြည့်ပါ။ လက်ရှိ ဖြစ်ပွားနေတဲ့ Red dot ကိစ္စကတော့ ဗဟိုဘဏ်နဲ့ ဘာမှသက်ဆိုင်ခြင်းမရှိဘူး။ ဗဟိုဘဏ်ကလည်းခွင့်မပြုထားပါဘူး။ အဲဒီပင်နံပါတ်တွေက ဘယ်ကရလဲ။ သူတို့နဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေကိုမေးကြည့်ရင် သိမှာပါ”လို့ ဆိုပါတယ်။
ထို့အတူပဲ Red Dot နဲ့ပူးပေါင်းကာ ဖုန်းဘီလ်ဖြည့်သွင်းခြင်းဝန်ဆောင်မှုကို လုပ်ကိုင်နေတဲ့ ကိုယ်စားလှယ်တချို့ကလည်း စားသုံးသူရေးရာဦးစီးဌာနကိုတိုင်ကြားမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် လည်း စားသုံးသူကာကွယ်ရေးဥပဒေဟာ စားသုံးသူကိုပဲကာကွယ်ပေးတာဖြစ်ပြီး ကုန်စည် ဒါမှမဟုတ် ၀န်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုအတွက်မဟုတ်ဘဲ စားသောက်ခြင်း ၊ သုံးစွဲခြင်း ပြုသူကိုဆိုလိုတာဖြစ်တာကြောင့် Red Dot ကိစ္စက စားသုံးသူကာကွယ်ရေးဥပဒေအရဖြေရှင်းဆောင် ရွက်ပေးလို့မရကြောင်း ပြန်လည်ဖြေကြားမှုရှိခဲ့ပါတယ်။
တရားဥပဒေဘောင်အတွင်းကသာ ဖြေရှင်းမှရနိုင်မယ်လို့လည်း ပြောကြားမှုရှိပါတယ်။ဒါကြောင့် ကိုယ်စားလှယ်အချို့ကတော့ တရားစွဲဆိုဖို့တွေလုပ်သွားမယ်လို့ဆိုပါတယ်။တချို့ကလည်း ဖြေရှင်းပေး မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်ဆိုင်းနေပြီး တချို့ကတော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးကိုသွားပြီးအကူ အညီတောင်းဖို့စဉ်းစားတယ်လို့သိရပါတယ်။
“ ရန်ကုန်တိုင်းအစိုးရတာဝန်ရှိသူတစ်ယောက်လောက်ကိုတွေ့ခွင့်ရမယ်ဆို့ ဖြစ်စဉ်ကိုရှင်းပြပြီး အကူအညီတောင်းဖို့စဉ်းစားထားတယ်။ ပြည်သူတွေနစ်နာတာကိုအစိုးရအဖွဲ့အနေနဲ့ ဘယ်လောက်ထိကူညီဖြေရှင်းပေးနိုင်မလဲဆိုတာစောင့်ကြည့်ရမယ်” လို့ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကပြောပါတယ်။
Red Dot ကုမ္ပဏီနဲ့ လက်တွဲလုပ်ကိုင်ခဲ့တဲ့အတွက် ဆုံးရှုံးခဲ့တဲ့ငွေကြေးပမာဏနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်တချို့က အွန်းလိုင်းကတဆင့် စစ်တမ်းပြုစုချက်အရ အနည်းဆုံး ကျပ် တစ်သိန်းမှ နှစ်သိန်းအထက် ဆုံးရှုံးမှုများရှိသလို ၁၀ သိန်းအထက်ဆုံးရှုံးမှုတွေလည်းရှိကြောင်း လူမှုကွန်ယက်စာ မျက်နှာမှာ ရေးသားဖော်ထုတ်နေကြပါတယ်။
Red dot ကုမ္ပဏီအနေဖြင့် အီလက်ထရွန်းနစ်ဘီလ်ဖြည့်သွင်းတဲ့ဝန်ဆောင်မှုအပြင် မီတာဘီလ်ပေးဆောင်တာ ၊ ဗေဒင်လို ၀န်ဆောင်မှုအတွက် Red Dot Pay ၀န်ဆောင်မှုကိုလည်းလုပ်ကိုင်ပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ ကိုယ်စားလှယ် ပေါင်းနှစ်သောင်းကျော်ရှိပြီး ၄င်းထံမှာ Prepaid ကောက်ယူထားတဲ့ ငွေတွေကိုလည်း ပြန်အမ်းပေးခဲ့တာမရှိဘူးလို့သိရပါတယ်။
အရင်လတွေကတည်းက Red dot ကုမ္ပဏီရဲ့ အဆင်မပြေတဲ့သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် တရားဝင်ပိတ်သိမ်းကြောင်းကိုတော့ ယခုလဖေဖော်ဝါရီ ၄ ရက်နေ့မှာ သိရှိရတာပဲဖြစ်ပါတယ်။
#voiceofmyanmar#reddot
ဓါတ်ပုံ Red dot Network facebook