ရုရှားသမ္မတပူတင်ရဲ့ မဟာမိတ်ဖြစ်သူရဲ့သမီး ကားဗုံးခွဲခံရပြီး သေဆုံး

မော်စကို၊ သြဂုတ်-၂၁-၂၀၂၂
မျိုးဆက်(VOM)

ရုရှားသမ္မတပူတင်ရဲ့ မဟာမိတ်တဦးဖြစ်သူရဲ့ သမီး ရုရှားနိုင်ငံ မော်စကိုမြို့အနီးမှာဖြစ်ပွားခဲ့တဲ့ ကားဗုံးကွဲမှုကြောင့် သေဆုံးသွားပါတယ်။

သေဆုံးသူ ဒါယာဒူဂင်နာဟာ နေအိမ်ကိုကားမောင်းပြန်လာစဉ် သူမရဲ့ကား ပေါက်ကွဲမီးလောင်မှုကြောင့် သေဆုံးသွားတာဖြစ်တယ်လို့ ရုရှားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

သမ္မတပူတင်ရဲ့ ဦးနှောက်လို့ လူသိများတဲ့ သေဆုံးသူရဲ့ဖခင် ရုရှားဒဿနပညာရှင် အလက်ဇန္ဒားဒူဂင်ကတော့ ဒီတိုက်ခိုက်မှုဟာ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တာဖြစ်တယ်လို့ ယူဆနေပါတယ်။

မစ္စတာဒူဂင်ဟာ အစိုးရအဖွဲ့မှာ တရား၀င်ရာထူး ရယူထားတာမရှိပေမယ့်လည်း ရုရှားသမ္မတပူတင်နဲ့ ရင်းနှီးတဲ့မဟာမိတ်တဦးဖြစ်ပြီး ထင်ရှားတဲ့ အမျိုးသားရေးဝါဒီတဦးလည်း ဖြစ်ပါတယ်။

သားအဖနှစ်ဦးဟာ စနေနေ့ညနေက အခမ်းအနားတခုကနေ ကာတစီးထဲအတူထွက်ခွာလာခဲ့ပြီး နောက်ပိုင်းမှာတော့ မစ္စတာဒူဂင်က သမီးဖြစ်သူနဲ့ လမ်းခွဲပြီး သီးခြားပြန်ခဲ့တာဖြစ်တယ်လို့ ရုရှားသတင်းဌာနတခုဖြစ်တဲ့ 112 က ဖော်ပြထားပါတယ်။

အသက် ၃၀ အရွယ် သေဆုံးသွားတဲ့ ဒါယာဒူဂင်နာဟာ ယူကရိန်းကို ရုရှားကတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အွန်လိုင်းမှာ သတင်းမှားတွေဖြန့်ဝေမှုကြောင့် အမေရိကန်နဲ့ဗြိတိန်တို့က သူ့ကိုအရေးယူပိတ်ဆို့ခဲ့ပါတယ်။

Ref: BBC
Photo:Daily Sun
#voiceofmyanmar #VOM #မော်စကို

Related posts

VOM News

FREE
VIEW