မုံရွာ – အမြင့် – တောကျောင်းကားလမ်းပေါ်ကို သက်ဆိုင်ရာက မြေကျင်းတူးပြီး ဖြတ်တောက်ထား

အောက်တိုဘာ ၊ ၅-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်ကြားက ကျေးလက်ဖွံ့ဖြိုးရေး ကားလမ်းပိုင်းဖြစ်တဲ့ မုံရွာ-အမြင့် တောကျောင်းလမ်းပိုင်းကို မနေ့ အောက်တိုဘာ ၄ ရက် ၊ ညနေပိုင်းမှာ ရဲနဲ့ စစ်သားတွေပါဝင်တဲ့အဖွဲ့က ​မြေတူးစက် ယန္တယားတွေနဲ့ လာရောက်တူးဖော် ဖြတ်တောက်သွားတယ်လို့ မုံရွာတောင် ကျွန်းထဲပိုင်းရွာခံတွေဆီက သိရပါတယ်။

” မနေ့က ညနေပိုင်းမှာ ကားလမ်းပေါ်ကနေ ကန့်လန့်ဖြတ် မြေကျင်းကြီးတူးဖော်သွားတယ်၊ တူးဖော်သွားတဲ့နေရာက မုံရွာတောင် ညောင်ပင်ဇောက်ရပ်ကွက် အထွက် ကျောက်ပေါက်ကွေ့နေရာမှာဖြစ်တယ် ၊ ဆိုင်ကယ်တွေ ကားတွေ လုံးဝသွားမရတော့ဘူး ၊ မုံရွာ-အမြင့် တောကျောင်းနယ်ဘက်နဲ့ မုံရွာမြို့ပေါ်ကို ဆက်သွယ် သွားလာရေး ဖြတ်တောက်လိုက်တာလို့ ” သစ်ဆိမ့်ကျေးရွာနေ ကုန်စိမ်းလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

အဲ့ဒီ မုံရွာ-အမြင့် တောကျောင်း ကားလမ်းပေါ်ကို မြေကျင်းတူးပြီး လမ်းဖြတ်တောက်ထားတာနဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် ၊ ညောင်ဖြူကျေးရွာနေ မွေးမြူရေး လုပ်ငန်းရှင် တယောက်က ” မုံရွာ-အမြင့် တောကျောင်း ကားလမ်းဆိုတာ ချင်းတွင်းမြစ် တာရိုးဘောင်ပေါ်မှာ ၁၉၉၆ က ကျေးလက်ဖွံ့ဖြိုးရေးအတွက် ဖောက်လုပ်ခဲ့တဲ့ လမ်းဖြစ်တယ် ၊ အဲ့ဒီကားလမ်းကို အမှီပြုပြီး ဆက်သွယ်သွားလာရတဲ့ရွာပေါင်း ၈၀ ကျော်ရှိတယ်၊ ချောင်းဦးမြို့နယ် အနောက်မြောက်ဘက်က ရွာတွေက အဲ့ဒီလမ်းကို အဓိကထား အသုံးပြုနေရတာပါ ၊ အခုလို လမ်းဖြတ်တောက်လိုက်တဲ့အတွက် အဲ့ဒီ ရွာပေါင်း ၈၀ ကျော်ဟာ မုံရွာမြို့ကိုသွားရင် မုံရွာ-မန္တလေး ကားလမ်းဘက်ကနေ သွားရတယ် ၊ အဲ့ဒီလိုသွားရတာကြောင့် လမ်းခရီးမိုင် ၁၀ မိုင်အထက် ပိုရှည်လျားလာတယ် ၊ အချိန်ပိုပြီး ကုန်စေတယ် ၊ တောကျောင်းဘက်က သားငါးထွက်တယ် ၊ အမြင့်ဘက်က သစ်ဝါးနဲ့ နှီးကုန်အမျိုးမျိုးထွက်တယ် ၊ နောက်ပြီး လယ်ယာထွက်ကုန် ကုန်စိမ်းတွေ ထွက်တယ် ၊ အခုလို လမ်းဖြတ်တောက်လိုက်တဲ့အတွက် ဒေသထွက်ကုန်တွေဟာ စျေးကွက်ဆီ တင်ပို့ဖို့ သွားလာရေး ခက်ခဲသွားတယ် ၊ ကွင်းလမ်းတွေကနေ ပတ်သွားရတာဆိုတော့ ခရီးမိုင်ကွာဝေးလာတာနဲ့အမျှ ကုန်ကျစရိတ်ကြီးမြင့်လာတယ် “လို့ ပြောပါတယ်။

အဲ့ဒီကားလမ်း ဖြတ်တောက်လိုက်တာနဲ့ ပတ်သက်ပြီး မုံရွာခရိုင် စီမံခန့်ခွဲရေးရုံးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” အဲ့ဒီကားလမ်းက ချောင်းဦးနယ်နဲ့ မုံရွာတောင်နယ်က အမှီပြုရတဲ့ လမ်းဖြစ်တယ် ၊ လမ်းဘေးမိုင်းပေါက်ကွဲတာတွေကြောင့် သေဆုံး ဒဏ်ရာရတာတွေ မကြာခဏဖြစ်လို့ လမ်းအသုံးပြုသူ နည်းလာတယ် ၊ အဖျက်အမှောက်သမားတွေရဲ့ လမ်းဘေးမိုင်း အန္တရာယ်ကင်းဖို့ အခုလို လုပ်ဆောင်တာ ဖြစ်နိုင်တယ် ၊ အဲ့ဒီအပြင် တရားမဝင် ကုန်စည်စီးဆင်းတာနဲ့ စစ်ဆေးရေးဂိတ်တွေကို ကွင်းလမ်းသဖွယ် အသုံးပြုမှုကို တားဆီးထိန်းချုပ်ရာ ဖြစ်တယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက မုံရွာမြို့နယ် ၊ ညောင်ဖြူပင်ကျေးရွာ ၊ ညောင်ဖြူပင် ရဲကင်းစခန်းက ရဲတွေဟာ အဲ့ဒီ မုံရွာ-အမြင့် တောကျောင်းကားလမ်းမှာ ယာဥ်သွား ယာဥ်လာတွေ စစ်ဆေးနေတဲ့အချိန် သာသနာယာဥ်နံပါတ်ကပ်ထားတဲ့ ကားတစ်ပေါ်ကနေ ပစ်ခတ်တာကြောင့် ညောင်ဖြူပင်ရဲကင်းစခန်းမှူး ရဲအုပ် အောင်မျိုး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းကလည်း အဲ့ဒီကားလမ်းပေါ်မှာ ညောင်ဖြူပင်ရဲကင်းစခန်းက စျေးဝယ်ထွက်လာတဲ့ ရဲတပ်ကြပ်ကြီး သန်းဟန် အပါအဝင် ရဲ ၂ ဦး ပစ်သတ်ခံရတာ ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာအမြင့်ကားလမ်း #ဖြတ်တောက်ခံထားရ

Related posts

Leave a Comment

VOM News

FREE
VIEW