နိုဝင်ဘာ ၁၄၊ ၂၀၂၁
Shy V(VOM)
မြန်မာဘက်ခြမ်း မူဆယ်၊ ၁၀၅ မိုင်၊ ကျင်းစန်းကျော့ ကနေတဆင့် တရုတ်ဘက်ကို တင်ပို့နေတဲ့ မြန်မာ့ ဖရဲဟာ တရုတ်ပြည်မ ဘက်က ဝယ်လက်တွေ မရောက်တာကြောင့် မနေ့ နိုဝင်ဘာ ၁၃ ရက်နေ့အထိ ဈေးကောင်း မရသေးဘူးလို့ နယ်စပ်ကုန်သည်၊ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
“မနေ့က ဖရဲဈေး 1 Kg ကို 1.5 ယွမ် နှင့် 2 ယွမ်ကျော် ကြား၊ သခွားမွှေးဈေး ကတော့ 1 Kg ကို 3.5 ယွမ် နဲ့ 5 ယွမ်ကျော်။ ပြည်မကြီး အဝယ်တော်များ ချန်ဟော့်ကွင်းထဲကို မလာကြသေးပါ။” လို့ သစ်သီး ပို့ကုန် လုပ်ငန်းရှင် ၁ ဦး ကပြောပါတယ်။
မြန်မာဘက်က သစ်သီးတွေ အဓိက တင်ပို့ရောင်းချနေတဲ့ တရုတ်ဘက်ချမ်း နှစ်နိုင်ငံနယ်စပ် ဝမ်တိန်မြို့ရှိ ချန်ဟော် သစ်သီးအရောင်းကွင်းကို ပြီးခဲ့တဲ့ရက်ပိုင်းတွေက ကိုဗစ်ကြောင့် လော့ဒေါင်းချခဲ့ရာမှ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က ပြန်ဖွင့်လိုက်တာဖြစ်ပြီး လက်ရှိမှာတော့ တရုတ်ဘက်ခြမ်း ချန်ဟော် သစ်သီး အရောင်းကွင်းထဲ ဝင်ရောက်ပါကလည်း ကွာရန်တင်း ဝင်စရာမလိုတော့ဘူးလို့ နယ်စပ်ကုန်သည် ၁ ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ ရက်ခန့်က တရုတ်ဘက် လော့ခ်ဒေါင်း မဖွင့်ခင် တချို့ဖရဲသမားတွေကတော့ လမ်းမကြီးဘေးနဲ့ မူဆယ်မြို့ပေါ်မှာလည်း ချရောင်းနေကြတာ ကိုလည်း တွေ့ရပါတယ်။
“ရှမ်းသီး။ သီပေါသီး။ ၁ လုံး ၅၀၀၀ ရောင်းပါတယ်
၊ လက်ရှိမှာတော့ ရှမ်းပြည်နယ်ဘက်က ဖရဲသီး အဓိက ထွက်ရှိချိန် ဖြစ်တယ်။” လို့ မူဆယ်မြို့ထဲမှာ ရောင်းနေတဲ့ ဖရဲသမား ၁ ဦးက ပြောပါတယ်။
မြေဩဇာနဲ့ စိုက်ပျိုးရေးသုံး ဆေးတွေ ဈေးကြီးပြီး ကုန်ကျစရိတ်မြင့်နေတာကြောင့် ဖရဲစိုက်တောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်နေကြရတယ်လို့ မြစ်သားက ဖရဲစိုက်တောင်သူ ၁ ဦးက ပြောပါတယ်။
“ပေါက်ဈေးကတော့ တစ်လုံးကို Export တန်းဝင်မှ ၅၀၀ ကျပ်။ အရင်က ၇၀၀ နဲ့ ၁၀၀၀ ကျပ် ကြားရှိတယ်။ ဖရဲက ၃ နှစ်ရှိပြီရှုံးတာ။ ဒီနှစ်ကတော့ သိပ်အများကြီးမစိုက်နိုင်တော့ဘူး။ မြေသြဇာတွေ ဆေးတွေက ဈေးကြီးတော့ အရင် ဧကဆယ်ချီ စိုက်တဲ့သူတောင် အခု တဝက်လောက်လျှော့စိုက်ရတာ။ အများကြီးမရှုံးအောင်ဘဲ ဆုတောင်းနေရတယ်။” လို့ သူက ရှင်းပြပါတယ်။
မနေ့ နိုဝင်ဘာ ၁၃ရက်နေ့မှာတော့ တရုတ်ငွေ ၁ ယွမ်ကို မြန်မာ ကျပ် ၄၁၆ ဈေးပေါက်နေပြီး တရုတ်ဘက်ခြမ်း ဓာတ်ဆီဈေး 92 ၁ လီတာ ၈.၁ ယွမ်၊ 95 ၁ လီတာ ၉.၂ ယွမ်၊ ဒီဇယ် ၈.၁ ယွမ် ရှိတယ်လို့ သစ်သီးပို့ကုန် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ငွေဈေးကောင်းရပေမယ့် တရုတ်ဘက်ခြမ်းမှာ ကုန်ကျစရိတ်များတာကြောင့် ဖရဲ ၁ တန်ကို တရုတ်ယွမ် ၂၀၀၀ အောက်သာ ရောင်းရပါက အိမ်အပြန် ဘာမှ မကျန်နိုင်ဘူးလို့လည်း ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါ အကြောင်းပြချက်နဲ့ နှစ်နိုင်ငံ ကုန်သွယ်မှုကို မကြာခဏ ပိတ်ထားခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာ ၂၆ ရက်နေ့မှ နှစ်နိုင်ငံ ကုန်သွယ် မှုကို ပြန်လည်ဖွင့်လှစ်ခဲ့ကာ ဖရဲဈေး အမင့်ဆုံးဈေး 1 Kg ကို ၅ ယွမ်မှ ၇ ယွမ် ထိ ဈေးရခဲ့တယ်လို့ သိရပါတယ်။
Photo – MK
#voiceofmyanmar #VOM #မြန်မာ့ဖရဲကဏ္