နံနက်ခင်း အဆင်းဝေဆာ

ဆူးငှက်

” အရှေ့ဆီက…၊ ဝင်းပရွှေရည်…
နေခြည်ပွင့်စ…၊ သြကာသလောက
လှပပွင့်လင်း…၊ နံနက်ခင်း…၊ အဆင်းဝေဆာ…”
ဒီစာသားလေးက ကျွန်တော့်နှုတ်ဖျားမှာ အမှတ်မထင် သီးခိုခဲ့တာကြာပါပြီ။ ကုန်လွန်ခဲ့တဲ့ နှစ်ကာလအချို့မှာ ကျွန်တော်ဟာ အများတကာထက်စာပြီး နေရောင်ခြည်ကို စောစောထိတွေ့ခွင့် မြင်ခွင့်ရခဲ့တယ်လို့ဆိုရင် မိတ်ဆွေတို့ နှာခေါင်းရှုံ့၊ မျက်မှောင်ကြုပ်ကြမှာ သေချာပါတယ်။ မင်းက ဘယ်တောင်ပေါ်၊ ဘယ်ကမ္ဘာများရောက်နေလို့ အများတကာထက် ထူးပြီး ဒီစကားပြောတာလဲလို့ အပြစ်တင်ကြမှာပေါ့။

ဒီလိုပါ၊ ကျွန်တော် မန္တလေးမြို့ရဲ့ အရှေ့ဖက်အစွန်အဖျား ရွှံ့ဗွက်၊ ရိုးပြတ်၊ လယ်ကန်သင်းဘေး
ရောက်ခဲ့ရတာ နှစ်၂၀ကျော်ပါပြီ။ ဒီနေရာလေး စပြီးရောက်တော့ ကျွန်တော်အိမ်လေးရဲ့ အရှေ့ဖက်မှာ ပိတ်စွယ်တောကြီး။ တောင်ဘက်မှာလည်း ပိတ်စွယ်တောကြီး။ ဒီတောရိုင်းပင်တွေက ကာလဆိုရင် မှို့လိုလို အဖြူပွင့်တွေ လေမှာလွင့်လို့။ ညဆိုရင် ဒီအပင်တွေကြားက ပိုးစုန်းကြူးတွေက အုပ်လိုက် အုပ်လိုက် စုန်းတောက်စား ယောင်ဆောင်လို့။ အိမ်လေးရဲ့ အရှေ့ဖက် ပိတ်စွယ်တောအဆုံးမှာ ရေအိုင်တွေရှိတယ်။ ရေအိုင်တွေအရှေ့ခြမ်းမှာ ငါးကန်ကြီးတွေ ရှိတယ်။ ပြီးရင် အင်္ဂလိပ်ခေတ်ကတည်းက ဖောက်ခဲ့တဲ့
အောင်ပင်လယ်ကန်ပေါင်ရိုးက ကျောက်လမ်းကွေးကွေး။ အောင်ပင်လယ်ကန်ထဲမှာတော့ နန်းတော်ရှေ့ဆရာတင်တို့ ခေတ်ကတည်းက ‘ တကယ်တော အစစ်ကဲ့သို့ လယ်တောဖြစ်လို့မို့’ဆိုတဲ့ တစ်နံတလျားလယ်ကွင်းတွေ…။ ဟိုး… အရှေ့တမျှော်တခေါ် ကန့်လန့်အနားသပ်မှာမှ ရန်ကင်းတောင်နဲ့။ ဟိုးဝေးဝေး… ရှမ်းရိုးမတောင်တန်းပြာပြာ…။

ဒီတော့အခါ ရန်ကင်းတောင်ပေါ် နေလုံးမေးတင်တာနဲ့ ဒီမှာဘက်အစွန်းမှာ ရှိတဲ့ ကျွန်တော့် အိမ်ကလေးဆီ နေရောင်ခြည်က အတားအဆီးမဲ့ ချက်ချင်းရာက်လာတယ်…။ ဆောင်းတွင်းကာလမှာရော…၊နေက တောင်ဘက်ယွန်းပြီး ရှမ်းရိုးမရဲ့ ကြွက်နဖားတောင်ထိပ်က ခပ်ဖျော့ဖျော့ အလင်းရောင်ပေးရင်ကိုပဲ အိမ်ခေါင်းရင်း ငှက်ပျောပင်တွေကြား နေရောင်ခြည်က မျှားပစ်နေပြီ။ ဒီတော့ မန္တလေးမြို့ထဲ လူဂုဏ်တန်ရပ်ကွက်တွေထဲမှာ အနောက်ပြင်၊ တောင်ပြင်၊ လူဂုဏ်တန်ရပ်ကွက်မှာ…၊ မြို့သစ်ရပ်ကွက်တွေထဲမှာ…၊ ဟို… ဧရာဝတီမြစ်ကမ်းနံဘေး နောက်ဆုံးပါ်ထွက် တိုက်ခန်းကျယ်ကြီးတွေထဲမှာ နေထိုင်ကြလေကုန်သော ကျွန်တော့်မိတ်ဆွေတွေထက် နေရောင်ခြည်ကို မိနစ်အနည်းငယ်ပိုလို့ စောစောမြင်တွေ့ရပါတယ်။ လယ်ကွင်းတွေ၊ ရေကန်ရေအိုင်ရေပေါက်တွေ။ သပြေခြံ၊ သရက်ခြံတွေကြားမှာနေရတော့ မနက်ခင်းနေရောင်ခြည်ရတာနှင့် ငှက်ကလေးတွေ စိုးစီ၊ စိုးစီ ဝင်းပေါက်မှာ မြည်တော့တာပါပဲ။
အိုင်လေးတွေထဲက ငါးလေးတွေကလည်း ဖျပ်ဖျပ်လူး ရေကူးကြတာပါပဲ။ အရုဏ်မတက်မီကတည်းက သရက်ကုန်း ဘုန်းကြီးကျောင်းက ကုလားတက်ခေါက်သံနှင့်အတူ ဆွမ်းခံသူတော်စင်တွေ ကြွလှမ်းလာကြတော့တာပါပဲ။ ဝီရိယကောင်းတဲ့ ခြံအချို့ရဲ့ အစောင့်တဲတွေဆီက ပရိတ်ရွတ်မေတ္တာပို့တဲ့ စီဒီအချပ် ဖွင့်ကြတော့တာပါပဲ။ အဲဒီအချိန် မြေတူးကန်သင်းဖို့တဲ့ မိသားတစ်စု မနက်စောစော အလုပ်ခွင်ကတောင် ပြန်လာပြီလေ။ အိမ်ရှေ့က လမ်းလေးပေါ် တံမြက်စည်းလှဲနေတဲ့ ကျွန်တော်ကို ” အာစရိ၊ခေါင်းရင်းက ငှက်ပျောပင်တွေကြား ကိုင်းရှင်း ပေါင်းရှင်းပေးရဦးမလား”လို့ အလုပ်စပ်နေပြီလေ။ သူတို့မနက်စောစာအတွက် သူတို့ တစ်မိသားစုလုံး ရှာဖွေပြန်လာကြပါပကော။

ဒီလိုပဲ ရေတံခွန်တောင်ခြေသွားပြီး ဝါးနှီးတွေဝယ်ကြမယ့် တေယင်းရက်၊ တံမြက်စည်းထိုး လုပ်သားတွေလည်း စက်ဘီးကိုယ်စီနှင့် ခရီးနှင်ကြပေါ့။ နို့စားနွားမတစ်ကောင်နှင့် အပျိုကြီး၊ လူပျိုကြီးမောင်နှမလည်း နို်ညှစ်ပြီးလို့ အစ်ကိုလုပ်သူက နို့ပုံးစက်ဘီးချိတ်ပြီး မြို့ထဲ ထွက်သွားကြတာကြာပေါ့။ အနောက် ထီးတိုင်ဈေးက ကုန်စိမ်းတွေ လက်ကားယူပြီး အရပ်ထဲ လက်လီလှည့်ရောင်းတဲ့ ဈေးသည်လည်း “ဒီက အင်းသီး နီမာတွေ”လို့ အော်ဟစ်လှည့်လည်တာ အိမ်စေ့လုပေါ့။ နံနက်ခင်းတိုင်းဟာ အသစ်ဖြစ်ပါတယ်။ နံနက်ခင်းတိုင်းဟာ သာယာပါတယ်။ နံနက်ခင်းတိုင်းဟာ အေးမြပါတယ်။ နံနက်ခင်းတိုင်းဟာ လှပပါတယ်။ နံနက်ခင်းတိုင်းဟာ ထွေးပါတယ်။ နံနက်ခင်းတိုင်းဟာ လန်းဆန်းပါတယ်။ နံနက်ခင်းတိုင်းဟာ တက်ကြွပါတယ်။ နံနက်ခင်းတိုင်းဟာ ကျက်သရေရှိပါတယ်။ နံနက်ခင်းတိုင်းဟာ တစ်နေ့တာ အစီအစဉ်တွေအတွက် ဆုံးဖြတ်ချက်အချိန်ဖြစ်တယ်။ နံနက်ခင်းတိုင်းဟာ စိတ်နှလုံးချမ်းမြေ့စေမယ့် နေ့သစ်ရဲ့အစဖြစ်တယ်။ နံနက်ခင်းတိုင်းဟာ လုံ့လဝီရိယရှိခြင်းရဲ့ တံခါးဝဖြစ်တယ်။ နံနက်ခင်းတိုင်းဟာ မနေ့ကအပေါ် သုံးသပ်ပြီး အနာဂတ်အတွက် ဒီနေ့ လုပ်ဆောင်ရမယ့်
ခေါင်းလောင်းသံဖြစ်တယ်။ ဒီမြင်ကွင်းတွေ…၊ ဒီအတွေးတွေနဲ့ ယစ်မူးသွားပြီးတဲ့နောက် ကျွန်တော့်နှုတ်ဖျားမှာ ဒီစကားလုံးတွေ သီးခိုခဲ့တာပေါ့။
” အရှေ့ဆီက… ဝင်းပရွှေရည်
နေခြည်ပွင့်စ…၊ သြကာသလောက
လှပပွင့်လင်း…
နံနက်ခင်း… အဆင်းဝေဆာ…”ဆိုတာလေ…။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW