ပေါက်မြို့နယ်မှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားလို့ လူ ၂ ဦးသေဆုံး

ဒီဇင်ဘာ ၊ ၁၄ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခု​က္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ယာကြီးပြင်ကျေးရွာအနီး ၊ ဖိုးဖြူလုံးကန် – ယာကြီးပြင် ကားလမ်းမှာ မနေ့ ဒီဇင်ဘာ ၁၃ ရက် ၊ ညနေပိုင်းက အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး လူ ၂ဦးသေဆုံးခဲ့တယ်လို့ ယာကြီးပြင်ရွာခံတွေဆီက သိရပါတယ်။

” မနေ့က ညနေ ၄ နာရီဝန်းကျင်မှာ ဖိုးဖြူလုံးကန်ရွာဘက်ကနေ ယာကြီးပြင်ရွာဘက်ကို မောင်းလာတဲ့ လူနာတင်ယာဥ်ကို လုံခြုံရေးအဖွဲ့က စစ်ဆေးခံဖို့ ကားရပ်ခိုင်းတယ် ၊ အဲ့ဒါကို ကားရပ်မပေးဘဲ မောင်းပြေးရင်း ကားပေါ်ကနေ သေနတ်နဲ့ စပစ်တယ် ၊ အဲ့ဒီမှာ အပြန်အလှန်ပစ်ကြပြီး ကားပေါ်ကနေ လက်နက် ခဲယမ်းတွေ သိမ်းဆည်းရမိတာ ဖြစ်တယ်”လို့ ယာကြီးပြင်ရွာမှာနေတဲ့ မျက်မြင် ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” AMUBLANCE စာတမ်းပါ အဖြူရောင် ALPHARD ကား ၁ စီးနဲ့ ဆိုင်ကယ် ၂ စီးကို စစ်ဆေးမှုများပြုလုပ်ရန် ရပ်တန့်ခိုင်းခဲ့ရာ ရပ်တန့်မှုမရှိဘဲ ဆက်လက်မောင်းနှင်ထွက်ပြေးတာကြောင့် လုံခြုံရေးအဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီးခဲ့ရာ ယာဉ်ပေါ်ပါလာတဲ့ သူတွေက စတင်ပစ်ခတ်တာကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်တယ်၊ အဲ့ဒီနောက် လုံခြုံရေးအဖွဲ့က အသေးစိပ်ရှင်းလင်းတဲ့အခါ ကားပေါ်မှာ သွေးကွက်တွေတွေ့တယ် ၊ နောက်ပြီး လက်လုပ်သေနတ် ၁ လက် ၊ လက်လုပ်မိုင်း ၂ လုံး ၊ ၇ .၆၂ ကျည်ဆံ ၁၅၀ တောင့် ၊ ဒီတိုနေတာ ၁၀၀ ခု ၊ ယမ်းကြိုး ၅ ခွေ ၊ ယမ်းပျော့ ၉၈ တောင့် ၊ ဆန်အိတ် ၂ အိတ် ၊ အမယ်စုံ ၁ အိတ် ၊ ကား ၁ စီး ၊ ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိတယ်”လို့ ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်မှာ လူနာတင်ယာဥ်ပေါ်က လိုက်ပါလာတယ်လို့ ယူဆရတဲ့ လူငယ် ၂ ယောက်ဟာ စွန်စိတ်ကုန်းကျေးရွာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မကွေးတိုင်း ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ် အပါအဝင် စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့နယ် ၊ ဘန့်ဘွေးရွာအနီး ယာကြီး ကလေးဝ မုံရွာ ကားလမ်းမှာလည်း အလားတူ ဖြစ်စဥ်တွေ ပေါ်ပေါက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းထဲက မြောင် ၊ ရေဦး ၊ ကနီ ၊ ဘုတလင် ၊ ဝက်လက်၊ အရာတော် စတဲ့မြို့နယ်တွေဘက်မှာလည် လူနာတင်ကားပေါ်က လက်နက်ခဲယမ်း သိမ်းဆည်းရမိတာရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ပေါက်

Related posts

Leave a Comment

VOM News

FREE
VIEW