အောင်လအင်ဆန်းက ဘရာဇီးဖိုက်တာကို ပထမအချီမှာတင် ဒိုင်ပွဲရပ်နဲ့ အလဲထိုးအနိုင်ယူ

ဘန်ကောက် ၊ ဇန်နဝါရီ-၁၄-၂၀၂၃
မျိုးဆက်(VOM)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့တဲ့ One Championship ပြိုင်ပွဲမှာ အောင်လအင်ဆန်းက ပြိုင်ဘက်ဖြစ်သူ ဘရာဇီးဖိုက်တာ ဂယ်လ်ဘာတိုဂယ်ဗောင် ကို ပထမအချီမှုာတင် ဒိုင်ပွဲရပ်နဲ့ အလဲထိုးအနိုင်ယူခဲ့ပါတယ်။

အောင်လအင်ဆန်းဟာ တရုတ်ဖိုက်တာဖြစ်သူ Fan Rong နဲ့ထိုးသတ်ဖို့ ကနဦးက စီစဉ်ထားခဲ့ပေမယ့် တရုတ်ဖိုက်တာဟာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ဘရာဇီးဖိုက်တာနဲ့ ပြောင်းလဲထိုး သတ်ခဲ့တာဖြစ်ပါတယ်။

ငါးမိနစ် သုံးချီထိုးသတ်ရမယ့် ပွဲစဉ်မှာ ပွဲစစချင်း ဘရာဇီးဖိုက်တာဖြစ်သူ ဂယ်လ်ဘာတိုဂယ်ဗောင်ဟာ အောင်လကို တရစပ်တိုက်စစ်ဆင်ပြီး ထိုးသတ်ခဲ့ပေမယ့် အောင်လရဲ့ လက်သီးချက်မိသွားခဲ့ပါတယ်။

အဲဒီနောက်သူဟာ အောင်လကိုနံရံနဲ့ကပ်ပြီးချုပ်ဖို့ကြိုးစားပေမယ့် အောင်လကအချုပ်မခံဘဲ ဝိုက်လက်သီး၊ ပင့်လက်သီးတွေနဲ့ တရစပ်ထိုးခဲ့တာကြောင့် ပထမအချီ နှစ်မိနစ်မပြည့်ခင်မှာဘဲ ဒိုင်ပွဲရပ်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အောင်လအင်ဆန်းဟာ ပြီးခဲ့တဲ့နှစ်က ကစားခဲ့တဲ့ ပြိုင်ပွဲတွေမှာ လိုက်ဝိတ်နဲ့ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုစလုံးကို ဆုံးရှုံးခဲ့ရပြီး ပြီးခဲ့တဲ့ နို၀င်ဘာလက ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာတော့ ဂျပန်ဖိုက်တာ ယူရှင်အိုကာမီကို အနိုင်ရရှိခဲ့ပါတယ်။

Photo: One Championship
#voiceofmyanmar #VOM #ဘန်ကောက် #အောင်လအင်ဆန်း #ဘရားဇီးဖိုက်တာကိုအလဲထိုး #အနိုင်ရ

Related posts

✕
VOM News

FREE
VIEW