ရခိုင်မှာ လေပြင်းတိုက်ခတ်ပြီး စစ်ဘေးရှောင် နေအိမ် ၉၀ နီးပါး ပျက်စီးသွား

မတ်၊၂၂-၂၀၂၃
MM(VOM)

ရခိုင်ပြည်မှာ ရုတ်တရက် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် မြို့နယ်တွေက စစ်ဘေးရှောင်နေအိမ် ၉၀ နီးပါး ပြိုလဲပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၀ ရက်က မိုးသက်လေပြင်တိုက်ခတ်တာကြောင့် ရသေ့တောင်မြို့ပေါ် စေတီတောင် စစ်ဘေးရှောင်စခန်းက နေအိမ် ၆ လုံး ၊ ရသေ့တောင်မြို့နယ် ပြားချောင်းကြီး စစ်ဘေးရှောင်စခန်းက ၅၇ လုံး၊ ကျောက်တော်မြို့ပေါ် ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ ၄ လုံး၊ ပုဏ္ဏားကျွန်း မြို့နယ်ကဏန်းတောင် စစ်ဘေးရှောင်စခန်းက ၆ လုံးနဲ့ ဘူတာရုံ စစ်ဘေးရှောင်စခန်းက နေအိမ် ၁၄ လုံး ပျက်စီးသွားတာလို့သိရပါတယ်။

“မနေ့က ကွင်းဆင်းတယ် ၊ လေပြင်းဒဏ်ကြောင့်ပျက်စီးတာ တော်တော်များတယ်၊ တချို့အိမ်တွေကလုံးဝပျက်စီးသွားတာ၊တချို့အိမ်တွေကတော့ တစိတ်တပိုင်းပျက်စီးသွားတာ၊အားလုံးခြုံလိုက်ရင် လုံးဝပျက်စီးတဲ့ နေအိမ်က များတယ်၊သက်ဆိုင်ရာ အုပ်ချုပ်ရေးဘက်ကတော့ စာရင်းလာယူသွားတာတွေ့ရတယ်၊ ဒီကနေ့အထိတော့ ထူးခြားတာမရှိသေးပါ။”လို့ ရခိုင်ပြည်နယ်အခြေစိုက် စစ်ရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့မှ တာဝန်ရှိသူတဦးကပြောပါတယ်။

လေပြင်ဒဏ်ကြောင့် စစ်ရှောင်စခန်း နေအိမ် ၉၀ နီးပါး ပျက်စီးသွားပေမယ့် လူတွေထိခိုက်တာမရှိဘူးလို့သိရပြီး ပျက်စီးသွားတဲ့ နေအိမ်တွေဟာ ဓနိမိုး၊ ဝါးခင်း၊ သစ်လုံးငယ်တိုင်တွေနဲ့ တည်ဆောက်ထားတဲ့အိမ်တွေဖြစ်ပြီး ကြံ့ခိုင်မှု အရမ်းအားနည်းတာကြောင့် ပြိုကျကုန်တာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

”စစ်ရှောင်တွေ နေအိမ်လေးတွေက တော်တော်သက်တမ်းရင့်နေပြီလေ၊ ဒီတော့လည်း ပြိုကျတော့တာပေါ့ ၊ အခုမပြိုကျလည်း နောက်ကျရင်ပြိုကျကုန်မှာ သေချာတယ်၊ စစ်ရှောင်တွေအတွက် အခုနှစ် မိုးတွင်းမှာ ခိုလှိုဖို့ ခိုင်ခန့်တဲ့အိမ်လေးတွေ ဆောက်ပေးဖို့ လိုအပ်နေတယ်၊ ဒီအတိုင်းဆို အခုမပြိုကျတဲ့
အိမ်တွေလည်းမလွယ်ဘူး။”လို့ ဒေသခံ တဦးကပြောပါတယ်။

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေဟာ နေအိမ်ပြန်လည် ပြုပြင်တည်ဆောက်ဖို့ အကူအညီလိုအပ်နေတဲ့အပြင် လက်တလော စားဝတ်နေရေးအတွက်လည်းအဆင်မပြေဘဲ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ခုနှစ် ဇန်နဝါရီလကလည်း အချိန် အခါမဟုတ် မိုးရွာလေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် လူနေအိမ်ခြေ ၅၀ နီးပါး ပြိုကျပျက်စီးခဲ့ရသေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဧပြီလအတွင်းကလည်း ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်က စစ်ဘေး ရှောင်စခန်းတွေက နေအိမ် ၈၀၀ ကျော် ပျက်စီးခဲ့သေးတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင် လေပြင်းဒဏ် #စစ်ရှောင်နေအိမ်ပျက်စီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW