မြန်မာနိုင်ငံတဝှမ်းမှာ (၄)လအတွင်း မီးလောင်မှု ၈၀၀ ခန့်ဖြစ်ခဲ့ပြီး လူ ၅၀ ကျော် သေဆုံးခဲ့

ဇွန် ၁၈ – ၂၀၂၃
GG(VOM)

၂၀၂၃ ခုနှစ်ရဲ့ ပထမ လေးလတာကာလအတွင်း မြန်မာနိုင်ငံတဝှမ်းမှာ မီးလောင်မှု ၈၀၀ နီးပါးဖြစ်ပွားခဲ့ပြီး လူ ၅၀ ကျော် သေဆုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၁ ဘီလီယံဝန်းကျင်ရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။

ဒါ့အပြင် မီးလောင်မှုကြောင့် လူနေအိမ် အလုံးပေါင်း ၁၉ဝဝ ဝန်းကျင် ပျက်စီးခဲ့ရပြီး စက်ရုံ၊ အလုပ်ရုံ ၆ လုံးနဲ့ ဂိုဒေါင်အလုံးပေါင်း ၁၂ဝ လည်းပျက်စီးခဲ့ကာ ပြည်သူ ၄၅၄၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် ပြည်သူ ၁၀၁ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တိရိစ္ဆာန် ၂၉၈၄ ကောင်လည်း သေဆုံးခဲ့ရပါတယ်။

” အခုနှစ် ဇန်နဝါရီနှစ်စကနေ ဧပြီလအထိစာရင်းပါ၊မီးလောင်တာ ၇၄၅ ကြိမ်ရှိခဲ့တယ်။ သေဆုံးက ၅၁ ယောက်ရှိတယ်။ဒဏ်ရာရသူတွေလည်းရှိပါတယ်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုက ငွေကျပ် ၁၀၈၉၆.၁၄ဝ သန်း ရှိခဲ့တယ်”လို့ မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဆိုပါ မီးလောင်မှုထဲမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဖြစ်ခဲ့ရတဲ့ ရှို့မီးဖြစ်စဥ်က ၁၀၀ ကျော်ပါဝင်ပြီး ထင်းမီးဖိုကြောင့်လောင်ကျွမ်းမှုက ၁၂၅ ကြိမ်၊ ပေါ့ဆမီးကြောင့်လောင်ကျွမ်းမှုက ၂၁၃ ကြိမ်၊ လျှပ်စစ်မီးကတဆင့်လောင်ကျွမ်းမှုက ၂၀၀ ဝန်းကျင်၊ အလိုအလျောက်လောင်ကျွမ်းမှုက ၁၅ ကြိမ် ၊ တောမီးလောင်မှုက ၈၇ ကြိမ်၊ မိုးကြိုးပစ်မှုကြောင့်လောင်ကျွမ်းမှုက၂ ကြိမ် ပါဝင်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း မြန်မာနိုင်ငံမှာမီးလောင်မှု ၁၅၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ၉၆ ဦးသေဆုံးကာ ၁၃၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၆၇၆၅၂၃၇၂၀၀ ရှိတယ်လို့ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အလားတူ ၂၀၂၁ ခုနှစ်အတွင်းတုန်းကလည်း နိုင်ငံတဝန်း မီးလောင်မှု ၂၁၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ငွေကျပ် ၃၃ ဘီလျံကျော် ဆုံးရှုံးကာ လူ ၁၀၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၅၁ ဦး ရှိခဲ့တယ်လို့သိရ ပါတယ်။

အလားတူ ၂၀၂၀ ခုနှစ်တုန်းကလည်း နိုင်ငံတဝန်း မီးလောင်မှု ၂၁၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ၇၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂၂၀ ဦးရှိကာ ငွေ ကျပ် ၆ ဘီလီယံကျော် ဆုံးရှုံးခဲ့တယ်လို့သိရ ပါတယ်။

#VOM #voiceofmyanmar #မီးလောင်မှု
#၄လတာကာလ

Related posts

Leave a Comment

VOM News

FREE
VIEW