ရန်ကုန်မှာ ပန်းသပိတ်ဆင်နွှဲသူတွေထဲက လူ ၂ ယောက်ဖမ်းခံရပြီး ခေါ်ယူစစ်ဆေးခံရယူ ၃၀ ဦးထက်မနည်းရှိခဲ့

ဇွန် ၁၉ – ၂၀၂၃
GG(VOM)

ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်လုပ်သူတွေထဲကနေ လူ ၂ ယောက်ထက်မနည်း ဖမ်းဆီးခံလိုက်ရပြီး ခေါ်ယူစစ်ဆေးခံနေသူလည်း ၃၀ ဦးထက်မနည်းရှိ တယ်လို့သိရပါတယ်။

ဖမ်းဆီးခံလိုက်ရသူတွေဟာ မင်္ဂလာဒုံမြို့နယ် ၊ တာမွေမြို့နယ်က အမျိုးသား ၂ ယောက် ဖြစ်ပြီး စစ်ဆေးခံယူနေရသူတွေကတော့ ပန်းပဲတန်းမြို့နယ်၊ သမာဓိရွှေဆိုင်နှစ်ဆိုင်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းအမျိုးသမီး ၁၃ ယောက်နဲ့ မင်္ဂလာဒုံ မြို့နယ် ထောက်ကြန့်က ၁၈ ယောက်ရှိတယ်လို့ သိရပါတယ်။

” ဖမ်းခံရတာက ကိုပြည့်ဖြိုးအောင်ဆိုသူ မနက်၇ နာရီလောက်က အဖမ်းခံလိုက်ရတယ်။သူက ကျနော်တို့ မင်္ဂလာဒုံ ၊ ပတ္တမြားရပ်ကွက်၊ မြအေးချမ်းလမ်းက အဆောင်တစ်ခုမှာနေတာ။သူ့က ဒီနေ့မနက် ပတ္တမြားစျေးထဲမှာ ပန်းသပိတ်ဆိုပြီး ပန်းကျဲ ဆန္ဒပြနေချိန် ဖမ်းခံလိုက်ရတာ။သူ့ကိုဖမ်းပြီးတော့ သူနေတဲ့ဆီဝင်ရှာတော့ လက်လုပ်ဗုံးတွေ့တယ်လို့လည်းသိရတယ်၊ တခြားနေရာတွေလည်း ဖမ်းခံရတယ်လို့ တွေ့ရတယ်၊ “လို့ မင်္ဂလာဒုံမြို့နယ် နေထိုင်သူတစ်ဦးကပြောတယ်။

နောက်ထပ်အဖမ်းခံရတဲ့ အမျိုးသားတစ်ယောက်ကတော့ တာမွေမြို့နယ်က ဆေးဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေတဲ့ ကောင်းခန့်လွင် ဆိုသူဖြစ်တယ်လို့သိရပါတယ်။

” ကောင်းခန့်က သူ့ဖေ့ဘုတ်စ်မှာ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့စကားကို ရေးတင်တယ်။ဟက်ပီဘတ်ဒေးဆိုပြီးသူရေးတယ်။ပန်းပန်တဲ့ပုံတင်တယ်။ ဒါပဲ။ဒါကို ရဲကလာ ဖမ်းခံလိုက်ရတာပါ ။ “လို့ မိတ်ဆွေဖြစ်သူတစ်ဦးကပြောပြပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဒီနေ့ ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့မှာ ပြုလုပ်တဲ့ ပန်းသပိတ်ကို ပန်းကျဲဆန္ဒပြတာ၊ လူမှုကွန်ယက်စာမျက်နှာကနေ တဆင့် ပန်းပန်ပြီး ပန်းသပိတ်မှာပါဝင်ဆင်နွှဲခဲ့လို့ ဆိုပြီး ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ရန်ကုန်အပြင် မန္တလေးမှာလည်း မငြိမ်းရတီထွေးဆိုတဲ့ မိန်းကလေးတစ်ဦး ပန်းသပိတ်ဆင်နွှဲတယ်ဆိုပြီး ဖမ်းခံခဲ့ရတယ်လို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်ကို ရန်ကုန် ၊မန္တလေး ၊ မကွေး၊စစ်ကိုင်း အပါအဝင် စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ပြုလုပ်နေကြတာကိုလည်း တွေ့ရပါတယ်။

#VOM #voiceofmyanmar #ပန်းသပိတ်ဆင်နွဲသူ #ဖမ်းဆီးထိန်းသိမ်းခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW