ဇွန် ၂၀ – ၂၀၂၃
SN (VOM)
ပြည်တွင်းရွှေဈေးနှုန်း တည်ငြိမ်စေရေးအတွက် မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အနေနဲ့ အခေါက်ရွှေတစ်ကျပ်သား ၃၀၄၀၀၀၀ ကျပ်နဲ့ ထပ်မံဈေးလျှော့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
အိမ်ထောင်စုဇယား၊ မှတ်ပုံတင်မူရင်း၊ မိတ္တူနဲ့ ဖောင်ဖြည့်ပြီး လူတစ်ယောက်ကို ရွှေတစ်ကျပ်သားနှုန်းနဲ့ ရွှေတုံး ၇၃၀ လောက် ထုတ်ရောင်းပေးနေတာလို့ သိရပါတယ်။
“ရွှေဈေးကျရင်ကျသလို နောက်ရက်တွေမှာလည်း လျှော့ဈေးနဲ့ ဆက်လက် ရောင်းချပေးသွားမှာပါ။ အခုက ရွှေဈေးကျနေတဲ့အတွက် မနေ့ကထက် တစ်သောင်းလျှော့ပြီး ရောင်းချပေးနေပါတယ်” လို့ မန္တလေးမှ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အခုလို ရွှေရောင်းချပေးတာကို မနေ့ ဇွန် ၁၉ ရက်မှစတင်ကာ ပြုလုပ်ပေးနေခြင်းဖြစ်ပြီး မနေ့ကတော့ တစ်ဦးကို တစ်ကျပ်သားနှုန်းနဲ့ ၅၁ ဦးရောင်းချပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ရွှေရောင်းချပေးတာကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၇ လမ်း၊ လမ်း ၄၀ နဲ့ ၄၁ လမ်းကြားမှာရှိတဲ့ မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံးမှာ ပြုလုပ်ပေးနေတာဖြစ်ပြီး အသင်းသားတွေကလွဲလို့ မည်သူမဆို လွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်ကာ စနေ၊ တနင်္ဂနွေရက်တွေနဲ့ ဘဏ်ပိတ်ရက်ကလွဲပြီး နေ့စဉ်ဆက်တိုက် ရောင်းချပေးမယ်လို့ ကြေညာထားပါတယ်။
လက်ရှိ ပြင်ပရွှေဈေးက ကျပ် ၃၁၁၅၀၀၀ ပေါက်ဈေးရှိနေတဲ့အတွက် မန္တလေးရွှေအသင်းက ရောင်းချတဲ့ ရွှေဈေးနှုန်းနဲ့ ရွှေဝယ်ယူလိုသူ များပြားလျက်ရှိနေတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရွှေဈေးနှုန်း မြင့်တက်နေတဲ့အတွက် မန္တလေးနဲ့ရန်ကုန်က ရွှေလုပ်ငန်းရှင်တချို့ကို သက်ဆိုင်ရာက ခေါ်ယူဆေး မေးမြန်းတာတွေရှိခဲ့ပြီးနောက် ရွှေဈေးကျဆင်းရေးအတွက် မန္တလေးမြို့မှာ အခုလိုမျိုး ရွှေရောင်းချပေးမှုတွေ ပြုလုပ်လာတာဖြစ်တယ်လို့ သိရပါတယ်။
Photo Crd – Original Uploader
#VOM #voiceofmyanmar #မန္တလေး #အခေါက်ရွှေ #စျေးလျှော့ရောင်းချ