လူထုဦးလှ၊ လူထုဒေါ်အမာတို့ရဲ့ သားဖြစ်သူ အမျိုးသားစာပေဆုရှင် စာရေးဆရာ ညီပုလေး ကွယ်လွန်

ဇွန် ၂၁-၂၀၂၃
Voice Of Myanmar(VOM)

စာရေးဆရာ၊ သတင်းစာဆရာကြီး လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ရဲ့သားဖြစ်သူ အမျိုးသားစာပေဆုရှင် စာရေးဆရာ ညီပုလေးဟာ ဒီကနေ့မနက်ပိုင်းက နှလုံးရောဂါနဲ့ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

” ဒီကနေ့မနက်က နှလုံးရောဂါနဲ့ ဆုံးသွားတာပါ”လို့ မိသားစုဝင်တစ်ဦးက အတည်ပြုပြောပါတယ်။

ဆရာ ညီပုလေးဟာ ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅ နေ့မှာ မန္တလေးမြို့ရှိ အဖ လူထု ဦးလှ၊ အမိ လူထု ဒေါ်အမာတို့မှ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ငြိမ်းချမ်း (ခေါ်) ဘိုညို ဖြစ်ကာ မွေးချင်းတွေထဲမှာ ပဉ္စမမြောက် ဖြစ်၍ အငယ်ဆုံးသားလည်း ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ ဆရာညီပုလေးဟာ အသက် ၇၁ နှစ် ရှိပြီဖြစ်ပါတယ်။

သားသမီးငါးဦးထဲမှာ အငယ်ဆုံးဖြစ်လို့ ကလောင်အမည်မှာ `ညီပုလေး´ဟူသောအမည်ကို သုံးစွဲခဲ့တာလည်းဖြစ်ပါတယ်။

ငယ်စဉ်က မန္တလေးမြို့ စိန့်ပီတာအထက်တန်းကျောင်းမှာ မူလတန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပညာ သင်ကြားခဲ့ပြီး မန္တလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ သိပ္ပံဘွဲ့ကို ဘူမိဗေဒ ဘာသာရပ်ဖြင့် ရရှိခဲ့တာဖြစ်ပါတယ်။

၁၉၇၅ မှ ၁၉၇၇ အတွင်း မန္တလေးတိုင်း တိုင်းပဏာမ လက်ရွေးစင် ဘောလုံးသမား ဖြစ်ခဲ့ပြီး၁၉၇၈ ခုနှစ်၊ ဩဂုတ် ၂၁ ရက်နေ့မှာ တောတွင်းသို့ ရောက်ရှိနေသော အကိုဖြစ်သူ ဖိုးသံချောင်းနှင့် စာအဆက်အသွယ် လုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် အဖ လူထု ဦးလှ၊ အမိ လူထု ဒေါ်အမာတို့နှင့် အတူ ထိန်းသိမ်းခံရကာ မန္တလေးထောင်မှာ ၇ လ အချုပ်ခံခဲ့ရဖူးပါတယ်။

၁၉၈၅ ခုနှစ်ထုတ် စံပယ်ဖြူ မဂ္ဂဇင်းမှာ လျက်ဆားတတို့ ဝတ္ထုကို စတင် ဖော်ပြခြင်း ခံရပြီး မဂ္ဂဇင်းများတွင် ဝတ္ထုတိုများ ဆက်လက် ရေးသားခဲ့ပါတယ်။

၁၉၈၉ ခုနှစ်တွင် သူငယ်ချင်းများနှင့်အတူ ထီးပေါင်းကား စာအုပ်တိုက် ကို ၃၂-လမ်းနှင့် ၃၃-လမ်းကြား၊ ၈၄-လမ်း၊ လက်ဆည်ကန်အရပ်တွင် တည်ထောင်ခဲ့ပါတယ်။

ပထမဦးဆုံး လုံးချင်းဝတ္ထုတို စာအုပ်မှာ သူထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး (၁၉၈၉ မတ်၊ လူထု ကြီးပွားရေး စာအုပ်တိုက်) ဝတ္ထုကို ရေးသား ထုတ်ဝေခဲ့ပြီးနောက် မြန်မာပြည်တွင် ပထမဆုံး ကွန်ပျူတာ စာစီစာအုပ် ဖြစ်တဲ့ ကလေး လူကြီးကြိုက်ပြီး ချစ်ကြပါတဲ့ ညီပုလေး ဝတ္ထုတိုများ (၁၉၉ဝ စက်တင်ဘာ၊ လူထု ကြီးပွားရေး စာအုပ်တိုက်)၊ လမင်းရဲ့ ချိုသာတဲ့ လက်ခုပ်သံ၊ တကြောင်းဆွဲ ကလေးပန်းချီနှင့် အခြား ဝတ္ထုတိုများ၊ လူအ အိပ်မက် ဝတ္ထုတိုများ အပြင် ခရီးသွား ဆောင်းပါး အဖြစ် လီဒို ဟူးကောင်း မင်ခြစ်မှတ်စုများ စာအုပ်တို့မှာ ထင်ရှားခဲ့ပါတယ်။

ထို့ပြင် မြေးသူကြီး ဝတ္ထုနှင့် ၂ဝဝ၆ ခုနှစ်တွင် ငြိမ်သက် တစ်မိနစ်နှင့် အခြား ဝတ္ထုတိုများ စာအုပ်ကိုလည်း ရေးသား ထုတ်ဝေခဲ့ပြီး ၂ဝဝ၆ နှစ်က မိုးကုတ်မြို့၊ သဟာယ စာကြည့်တိုက်ရဲ့ ပထမဦးဆုံး သဟာယ စာပေဆုကို (ငြိမ်သက်တစ်မိနစ်နှင့် အခြား ဝတ္ထုတိုများ) စာအုပ်ဖြင့် ရရှိခဲ့ပါတယ်။

အမျိုးသားစာပေဆုကို ‘ထက်မြက်သောဓားသွား ပေါ်က ချိုမြမြပျားရည်စက်’ စာအုပ်ဖြင့် ၂၀၁၆ ခုနှစ်အတွက် ရရှိခဲ့သူဖြစ်ပါတယ်။

#voiceofmyanmar #VOM #စာရေးဆရာညီပုလေး #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW