MFTB နဲ့ MICB ဘဏ်ကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မယ့် သတင်းကြောင့် ဒေါ်လာအရောင်းအဝယ် ယာယီရပ်ဆိုင်းနေတယ်လို့ သိရ

ဇွန် ၂၁ – ၂၀၂၃
SN (VOM)

မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်ပြည်ထောင်စုက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ဖို့ ရှိနေတယ်ဆိုတဲ့ သတင်းကြောင့် ပြည်တွင်းက ဒေါ်လာအရောင်းအဝယ်တွေ ယာယီရပ်ဆိုင်းကုန်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

အခုလို MFTB နဲ့ MICB ဘဏ်တို့ကို ဒဏ်ခတ် အရေးယူမှုကြောင့် အမေရိကန်နဲ့ ဆက်နွယ်တဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းတွေဟာ အဲ့ဒီ့ဘဏ်တွေနဲ့ လုပ်ငန်းဆောင်ရွက်နိုင်ခြင်း ပြုလုပ်လို့ မရနိုင်တော့‌ဘူးလို့ သိရပါတယ်။

ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုကို မနေ့ ဇွန် ၂၀ မှာ စတင်မယ်လို့ သံတမန်သတင်းရင်းမြစ်ကို ကိုးကားပြီး ထိုင်းသတင်းဌာနတွေက ထုတ်လွှင့်ခဲ့တာကြောင့် မြန်မာ့စီးပွားရေးတစ်ခုလုံး အကြီးအကျယ် ထိခိုက်သက်ရောက်နိုင်ကာ ဒေါ်လာတန်ဖိုး တဟုန်ထိုး မြင့်တက်လာနိုင်ဖွယ်ရှိနေတာကြောင့် ဒေါ်လာအရောင်းအဝယ်တွေ ယာယီရပ်ဆိုင်းကုန်တာ ဖြစ်တယ်လို့ သိရပါတယ်။

“အမေရိကန်ရဲ့ ဒီ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်က နစကရဲ့ နိုင်ငံခြားဝင်ငွေရရှိမှုနဲ့ ဘဏ္ဍာရေးစီးဆင်းမှုကို ထိန်းချုပ် ကန့်သတ်နိုင်ဖို့ ရည်ရွယ်တာပေါ့။ ဒီပိတ်ဆို့မှုကြောင့် နစကမှာ နိုင်ငံခြားဝင်ငွေရရှိမှု ထိခိုက်နိုင်တယ်။ အဲ့ဒီ့လိုပဲ ဒီဘဏ်နှစ်ခုနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်ရတဲ့ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းတွေရော၊ သင်္ဘောသားဝင်ငွေတွေရော အားလုံး ထိခိုက်နိုင်တယ်။ ဒေါ်လာတန်ဖိုးလည်း တဟုန်ထိုး မြင့်တက်သွားနိုင်တဲ့အတွက် အားလုံးက အရောင်းအဝယ်ခဏရပ်ထားပြီး အခြေအနေ စောင့်ကြည့်နေကြတဲ့သဘောပေါ့”လို့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်မှာတော့ အခုလို ပိတ်ဆို့အရေးယူမှု အသစ်တွေဟာ နစကဆီကို နိုင်ငံခြားငွေဝင်ရောက်မှု ကန့်သတ်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ပြည်သူတွေအပေါ် အကြမ်းဖက်မှုနဲ့ စစ်ရေးဆင်နွှဲနိုင်တဲ့ စွမ်းရည်တွေကို လျှော့ချနိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ပါရှိပါတယ်။

ဒီသတင်းတွေကြောင့် ပြည်တွင်းက အမေရိကန်ဒေါ်လာ ငွေလဲနှုန်းစျေးကွက်မှာ အရောင်းမရှိဘဲ အဝယ်သာရှိနေပြီး တစ်ဒေါ်လာကို ကျပ် ၃၀၀၀ ကျော်အထိ ခေါ် စျေးရှိနေတယ်လို့ သိရပါတယ်။

အခုလို အမေရိကန်ရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ နစကရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းရာမှာ မလိုလားအပ်တဲ့ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့က ဒီလိုမျိုးဆောင်ရွက်ခြင်းဟာ စီးပွားရေးအရပေါ့၊ နိုင်ငံရေးအရ အကြပ်အတည်းဖြစ်အောင်လို့ လုပ်ဆောင်ခြင်းဖြစ်တယ်။ ကျွန်တော်မေးခွန်းထုတ်ချင်တာက သူတို့အနေနဲ့ နိုင်ငံသူ နိုင်ငံသားတွေ အားလုံး လိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်၊ ပြီးရင် ကျွန်တော်တို့သွားမယ်ဆိုတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို သွားမယ်လို့ အတိအလင်းပြောထားတာကို ဒီဟာနဲ့ပတ်သက်ပြီး အခက်အခဲဖြစ်အောင် ဆောင်ရွက်နေတာပဲဖြစ်တယ်လို့ ကျွန်တော်တို့အနေနဲ့ မြင်တယ်။ ဒီလိုမျိုးလုပ်ကိုင်ခြင်းဟာ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေ လိုလားနေတဲ့ ပါတီစုံ ဒီမိုကရေစီစနစ် လျှောက်လှမ်းတဲ့နေရာမှာ မလိုလားအပ်တဲ့ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်စေနိုင်တယ်လို့ပဲ ကျွန်တော်တို့ မြင်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

MFTB နဲ့ MICB ဘဏ်တို့ဟာ နိုင်ငံခြားဘဏ် ဝန်ဆောင်မှုလုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံပိုင်ဘဏ်တွေအနေနဲ့လည်း ဘဏ်လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိတယ်လို့ သူက ပြောပါတယ်။

ဒီဘဏ်တွေဟာ အမေရိကန်နိုင်ငံအခြေစိုက်ဘဏ်တွေ၊ ဘဏ်ခွဲတွေမှာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ဆောင်ရွက်နေခြင်း မရှိတာကြောင့် ငွေကြေးဆုံးရှုံးမှုမရှိနိုင်ဘဲ နိုင်ငံခြားငွေနဲ့ ကုန်သွယ်ငွေပေးချေမှု ဝန်ဆောင်မှုတွေကို စနစ်တကျ ဆက်လက် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“မိဘပြည်သူတွေကို အသိပေးလိုတာကတော့ အဲ့ဒီ့ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ဘဏ်နဲ့ဆက်သွယ်ဆောင်ရွက်နေတဲ့ မိဘပြည်သူတွေအနေနဲ့ စိုးရိမ်ကြောင့်ကြပူပန်မှုမရှိဖို့ အသိပေးလိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို ဘဏ်တစ်ဘဏ်တည်းက ဆောင်ရွက်နေတာ မဟုတ်ဘူး။ ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေ၊ နိုင်ငံခြားဘဏ်တွေရဲ့ ဘဏ်ခွဲတွေကလည်း ဆောင်ရွက်ပေးနေတယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နိုင်ငံခြားသုံးငွေတွေ လွှဲပြောင်းခြင်း၊ ပေးပို့ခြင်း၊ လက်ခံခြင်းကိစ္စရပ်တွေ၊ ပို့ကုန်/သွင်းကုန်ကိစ္စရပ်တွေ၊ အလုပ်သမား၊ သင်္ဘောသားလုပ်ခ လစာ လွှဲပို့ခြင်း ကိစ္စရပ်တွေကိုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

“အခုလိုမျိုး သူတို့ဘာကြောင့် ဆောင်ရွက်ရတာလဲဆိုတာ လေ့လာကြည့်တဲ့အခါမှာ သူတို့ရဲ့စွပ်စွဲချက်ပေါ့၊ ကျွန်တော်တို့နိုင်ငံကို နိုင်ငံခြားငွေဝင်ရောက်မှု ကန့်သတ်ဖို့ပေါ့၊ ဒီအတွက်ရည်ရွယ်ပြီး လုပ်တယ်ဆိုပြီးတော့ ပြောတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့က ခုဏကပြောတဲ့ နိုင်ငံရေးမူဝါဒအပေါ်မှာပဲ ရပ်တည်တယ်။ နိုင်ငံရေးမူဝါဒနဲ့ နိုင်ငံရေးရည်မှန်းချက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ အမြဲတမ်းပြောကြားခဲ့တယ်။ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ အာမခံထားတယ်။ နောက်တစ်ချက် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ခိုင်ခိုင်မာမာ ကျွန်တော်တို့ အာမခံထားတယ်။ ဒီဟာကိုပဲ ကျွန်တော်တို့သွားမယ်လို့ ပြောပြီးသားဖြစ်တယ်” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ နိုင်ငံခြားရေးမူဝါဒမှာ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူဝါဒကို ကျင့်သုံးလျက်ရှိတယ်လို့ သူက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ နစကကို အာဆီယံ ဘုံသဘောတူညီချက်အတိုင်း တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဖိအားပေးမှုအဖြစ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို ပြင်းပြင်းထန်ထန် ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အခုရက်ပိုင်းအတွင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ ထုတ်ဖော်ပြောဆိုထားတာလည်း ရှိပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #မြန်မာ #အမေရိကန် #အရေးယူပိတ်ဆို့မှု #ဒေါ်လာရောင်းဝယ်ယာယီရပ်ဆိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW