ဇွန်၊ ၂၁-၂၀၂၃
MM(VOM)
ကရင်ပြည်နယ်အစပ်၊ သံတောင်ကြီးမြို့၊ အမှတ်(၂) ရပ်ကွက်၊ အခြေခံပညာ အထက်တန်း ကျောင်းအနီးက မြို့နယ်ပညာရေးမှူးရုံး မီးရှို့ခံရပြီး ပျက်စီးမှုတွေရှိခဲ့တယ်လို့ ပညာရေးမှူးနဲ့ နီးစပ်သူတွေဆီကနေသိရပါတယ်။
”မနေ့ ဇွန်လ ၂၀ ရက် သံတောင်ကြီးမြို့နယ် ပညာရေးမှူးရုံး မီးရှို့ခံရတာ ၊ ပညာရေးမှူးရုံးကတာ ဝန်ရှိသူတွေနဲ့ ရပ်ကွက်က ပြည်သူတွေဝိုင်းဝန် ငြှိမ်းသတ် ခဲ့ရတာ ၊ ဘယ်အဖွဲ့က ဘယ်သူက ရှို့တာလည်း မသိပါဘူး၊ ရုံးထဲမှာ ရှိတဲ့ ပစ္စည်းတွေပျက်စီးဆုံးရှုံးခဲ့တယ်၊ သက်ဆိုင်ရာက လာစစ်ဆေးသွားတယ်၊ ဘယ်အဖွဲ့ လုပ်တယ်ဆိုတာ ကိုယ်တိုင် မမြင်လို့ အတည်ပြုဖို့တော့ ခက်တယ်၊ တော်တော်လေးလည်း လောင်သွားတယ်။”လို့ ပညာရေးမှူးရုံးနဲ့ နီးစပ်တဲ့သူတစ်ဦးကပြောပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တာဝန်ရှိ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက”မီးလောင်လို့ အုတ်ခံ၊ ပျဉ်ထောင် ၂ ထပ် အဆောက်အဦတခုလုံး အားလုံးနီးပါး မီးလောင်ခဲ့တယ်၊ ရုံးသုံး စာရွက်စာတမ်းတွေနဲ့ ရုံးအသုံးအဆောင် ပစ္စည်းတွေ၊စာရေးကိရိယာတွေ မီးလောင်ပျက်စီးသွားတယ်၊ မီးလောင်မှုဖြစ်ပွားပြီး ၁ နာရီကျော် အကြာမှာ မီးညွန့်ကျိုးသွားပြီး မီးငြိမ်းနိုင်ခဲ့တယ်။”လို့ ပြောပါတယ်။
အဲ့ဒီမြို့နယ်ပညာရေးမှူးရုံးကို မီးရှို့ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကပြုလုပ်သွားတယ်ဆိုတာကိုတော့ VOM အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်ကလည်း သံတောင်ကြီးမြို့နယ်၊ သံတောင်-တောင်ငူကားလမ်းဘေးက မိုင်တိုင် ၁၁ အနီးမှာရှိတဲ့ သစ်တောဌာနပိုင်သစ်တောပျိုးဥယျာဉ် မီးရှို့ခံရပြီး ပျိူးပင်တွေနဲ့ ကျွန်းမျောတိုင်တွေ မီးလောင် ပျက်စီးခဲ့သေးတယ်လို့ သက်ဆိုင်ရာကနေ သိရပါတယ်။
#VOM #voiceofmyanmar #သံတောင်ကြီး #ပညာရေးမှူးရုံး #မီးရှို့ခံရ