ဇွန်၊၂၅-၂၀၂၃
MM(VOM)
စံပယ်တစ်ကုံးဖြင့်သူ့ကို ပန်ပေးချင်တယ်၊ လှပါတယ် မေရယ်၊ အနားမှာနေပါကွယ် စတဲ့နာမည်ကြီး တေးသီချင်းတွေကိုရေးသားခဲ့တဲ့ တေးရေးဆရာ စန္ဒယားငွေစိုးဟာ မနေ့ ဇွန် ၂၄ ရက်က ကွယ်လွန်သွားတယ်လို့ ဂီတအသိုင်းအဝိုင်းကနေ သိရပါတယ်။
”ဆရာ တေးရေး စန္ဒယားငွေစိုး မနေ့က ကွယ်လွန်တာ သွားတာဟုတ်ပါတယ်၊ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတာ၊ ဆရာက ကွယ်လွန်တဲ့အချိန် အသက် ၈၄ နှစ်ရှိပြီလေ”လို့ တေးရေးဆရာတစ်ဦးကပြောပါတယ်။
စန္ဒယားငွေစိုး ကွယ်လွန်တာနဲ့ ပတ်သက်လို့ အဆိုတော်တစ်ဦးက”ကြီးမာတဲ့ ဆုံးရှုံးခြင်းပါ ၊ ဆရာရဲ့ တေးသီချင်းတွေက အေးအေးလေးနဲ့ အရမ်း ဆိုလို့လည်းကောင်း နားထောင်လို့လည်း မရိုးတဲ့ သီချင်းတွေလေ၊ ဓမ္မတာအတိုင်း ကွယ်လွန်သွားတာဖြစ်ပေမယ့် စိတ်ထဲမှာ အရမ်းနှမျောတယ်။”လို့ ပြောပါတယ်။
စန္ဒယားငွေစိုးဟာ ဂန္တဝင်တေးသံရှင် တွံ့တေးသိန်းတန် သီဆိုခဲ့တဲ့ “ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်” တေးသီချင်းမှာ စန္ဒယားတီးခတ်ပေးခဲ့တဲ့သူဖြစ်ပြီး “ရက်စက်သွားလည်း ခွင့်လွှတ်တယ်”ဆိုတဲ့ သီချင်းအပါအဝင် တေးသီချင်းပေါင်း ထောင်ချီ တေးရေး၊တီးခတ်သီဆိုခဲ့သေးတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
အခုရက်ပိုင်းအတွင်းမှာ နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ အမျိုးသားစာပေဆုရှင်စာရေးဆရာ ညီပုလေးမှာ အခုဇွန်လ ၂၁ ရက်က နှလုံးရောဂါနဲ့ကွယ်လွန်ခဲ့ပြီး ဇွန် ၂၃ ရက်ကလည်း တေးသံရှင် စိမ်းမို့မို့ဟာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့သေးတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
#voiceofmyanmar #VOM #တေးရေးစန္ဒယားငွေစိုး #ကွယ်လွန်