ဇွန် ၂၅ – ၂၀၂၃
SN (VOM)
ပြည်သူ့ပါတီနဲ့ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးရဲ့ Blue Mark ရထားတဲ့ လူမှုကွန်ရက်စာမျက်နှာ နှစ်ခုစလုံး မနေ့ ဇွန်လ ၂၄ ရက်၊ မနက်ပိုင်းမှာ ရုတ်တရက် အပိတ်ခံလိုက်ရပြီး လုံးဝ ရှာကြည့်လို့ မရတော့ဘူးလို့ သိရပါတယ်။
Facebook Team ကတော့ Community Standards နဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ပိတ်သိမ်းလိုက်တာ ဖြစ်တယ်လို့ အကြောင်းကြားထားပေမယ့် ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်ကို မလိုလားသူတွေနဲ့လည်း သက်ဆိုင်နေနိုင်တယ်လို့ ပြည်သူ့ပါတီဝင်တွေက သုံးသပ်ထားပါတယ်။
“ကျွန်တော်တို့ ပြည်သူ့ပါတီဟာ အကြမ်းမဖက်သော၊ ငြိမ်းချမ်းသော လူထုလှုပ်ရှားမှုကို ထောက်ခံမယ်၊ အားပေးမယ်။ လက်နက်ကိုင် နိုင်ငံရေးကို အားပေးထောက်ခံမှာ မဟုတ်ပါ။ ဘယ်ဘက်က အကြမ်းဖက်ဖက် ကျွန်တော်တို့ ဆန့်ကျင် ကန့်ကွက်သွားမယ်။ ဒါ ပါတီရဲ့ “မူ“ပဲ။ ဒီမူ ထဲကပဲ ကျွန်တော်တို့ ရဲဘော်တွေသွားနေတယ်။ အဲ့ဒီ့အတွက် ပြစ်တင်ပြောဆိုမှု၊ ခြိမ်းခြောက်မှု၊ အသက်အန္တရာယ်အထိ ပြောဆိုမှုတွေ ရှိခဲ့ပေမယ့် ဘယ်တုန်းကမှ Fb ကြီးက ဖြုတ်ချ၊ ဖျက်ချတာ မရှိခဲ့ဘဲ ပါတီခေါင်းဆောင် ဦးကိုကိုကြီးနဲ့ ပြည်သူ့ပါတီ Page ကို ဖြုတ်ချနေတဲ့ Fb team အနေနဲ့၊ ပြည်သူတွေရဲ့ ငွေ ကြေးနဲ့ တည်ထောင်ထားတဲ့ ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ ခင်ဗျားတို့ စဉ်းစားပါ။ ငါတို့လုပ်နေတာ ဒီမိုကရေစီဆန်ရဲ့လား။ ငါနဲ့မတူ ရန်သူလို သဘောထားနေတာဟာ ဒီမိုကရေစီ လိုလားပါတယ် ဆိုတဲ့ အဖွဲ့အစည်း အင်အားစုတွေအနေနဲ့ ဝေဖန် ဆန်းစစ်ကြပါလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ်ပိုင်ရပ်တည်ချက်အပေါ်မှာ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ထားပြီးသားပါ၊ ရှက်တတ်ကြပါစေ”လို့ ပြည်သူ့ပါတီဝင်တစ်ဦးက ပြောပါတယ်။
Facebook Team က ပို့တဲ့စာထဲမှာ Report အထုခံရတဲ့အတွက် Account ပိတ်တာဆိုပြီး ပြောမထားဘူးလို့ သိရသလို လက်ရှိမှာ ပြည်သူ့ပါတီ ပေ့ချ်ကို လုံးဝမမြင်ရတော့ဘူးလို့ သိရပါတယ်။
“Community Standards နဲ့မညီဘူးလို့ပြောပါတယ်။ ဥက္ကဋ္ဌက ဘာမှရေးမတင်ပါဘူး။ ရက်ပေါင်း ၁၈၀ ပိတ်တယ်လို့ Facebook Team က အကြောင်းကြားလာပါတယ်။ ဒါပေမယ့် ရာသက်ပန်လည်း ဖြစ်နိုင်ပါတယ်”လို့ နောက်ထပ် ပြည်သူ့ပါတီဝင်တစ်ဦးက ပြောပါတယ်။
ဦးကိုကိုကြီးရဲ့ ဖေစ့်ဘုတ်အကောင့်မှာ နောက်ဆုံးတင်ခဲ့တဲ့ Post က CNI Media နဲ့ အင်တာဗျူးကို တင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ့အင်တာဗျူးကို မေ ၃၁ ရက်နေ့က တင်ခဲ့တာဖြစ်ပြီး CNI က တပ်နဲ့အတူ ယှဥ်တွဲနေထိုင်နိုင်ရေး အခင်းအကျင်းသစ်ကို ရှာရမယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ထုတ်နှုတ်တင်ပြခဲ့တာပါ။
ဦးကိုကိုကြီးက အဲ့ဒီအင်တာဗျူးမှာ “ကျောင်းမတက်နဲ့ ကျောင်းထွက်ဆိုတဲ့ကိစ္စမှာ ဒီပညာရေး ဆုံးရှုံးမှုက ကလေးတစ်ယောက်ဟာ ကျောင်းနဲ့ တစ်နှစ်အဆက်ပြတ်သွားရင်ပဲ လေသွားရော။ ဒီကြားထဲမှာ ရာဇဝတ်မှုတွေက တောက်လျှောက်များလာတယ်။ ဥပမာ မီးပြတ်တဲ့ကိစ္စတွေဆိုလို့ရှိရင် တော်တော်ကို ခံစားရတယ်။ ကျန်းမာရေးအရရော၊ ကုန်ထုတ်လုပ်မှုတွေ၊ နေ့စဥ် စားဝတ်နေရေးကအစ ထိခိုက်တယ်။ တကယ့်ပဋိပက္ခကို ခံနေရတာက ပြည်သူတွေ။ သူတို့နဲ့ပတ်သတ်လို့ ကျွန်တော်တို့က ဘာတစ်ခုမှ အာရုံမစိုက်တော့ဘဲနဲ့ ဒီပြဿနာကြီးပြီးမှဆိုတော့ ဘယ်လောက်ကြာမယ်မှန်းမသိတဲ့ အရာတစ်ခုမှာ တကယ် နိုင်ငံ့အရေး၊ ပြည်သူ့အရေး ဦးတည်နေတာဟုတ်ရဲ့လား”လို့ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။
၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးဟာ ၁၉၈၈ ခုနှစ် အရေးတော်ပုံမှာ ပါဝင်မှု၊ စစ်အစိုးရကို ဆန့်ကျင်မှုတို့ကြောင့် ၁၉၉၁ ခုနှစ်မှာ ထောင်ကျခဲ့ရာကနေ ၂၀၁၂ ခုနှစ်မှာ သမ္မတဦးသန်းစိန်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပါတယ်။
လက်ရှိမှာ ၎င်းဦးဆောင်တဲ့ ပြည်သူ့ပါတီအနေဲ့ နစက က ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ဖို့အတွက် အခုနှစ်ထဲမှာ မှတ်ပုံတင်ခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်က လက်ရှိအချိန်အထိ စိစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ပြည်သူ့ပါတီ #ဦးကိုကိုကြီးဖေ့စ်ဘုတ်အကောင့်ပိတ်ခံရ